မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်အဖြစ် ဦးဌေးမြင့်အား ခန့်အပ်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်အဖြစ် ဦးဌေးမြင့်အား ခန့်အပ်
အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ဇန်နဝါရီ ၅၊ ရန်ကုန်။        ။ ၂၀၁၆ အာဆီယံဖူဆယ် ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် နည်းပြချုပ်အဖြစ် ဦးဌေးမြင့်အား ခန့်အပ်လိုက်သည် ဟု ဖူဆယ်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။

ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးပြီး အမျိုးသမီးဖူဆယ်အသင်း တွင်လည်း ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်း၌ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

“ အမျိုးသမီးဖူဆယ်အသင်းအတွက် အရင်လက်ထောက်နည်းပြဟောင်း ဦးဌေးမြင့်ကို ခန့်လိုက်ပါတယ်။ တစ်နှစ်စာချုပ်နဲ့ပါ။ လာမယ့် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ် အတွက် ရည်ရွယ်တာပါ။

သူက အရင် ဆီးဂိမ်းတုန်းကလည်း အမျိုးသမီးဖူဆယ်အသင်းကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ လောလောဆယ်အသင်းက ကစားသမား ၃၀ နဲ့ လေ့ကျင့်နေပါတယ်။ နောက်ထပ် ဖြည့်ဖို့တော့ နည်းပြအဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ။ ကလပ်အသင်းပြိုင်ပွဲဖြစ်ပေမယ့် အမျိုးသမီးအသင်းကလပ်အသင်းက မရှိတော့ လက်ရွေးစင်အသင်းကိုပဲ ကလပ်အသင်းအမည်ခံပြီး ပြိုင်ဖြစ်တာပါ ” ဟု ဦးကြည်မင်းသိန်းက လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် ပတ်သက်၍ ပြောသည်။

၂၀၁၆ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို လာမည့် ဇူလိုင်လအတွင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ အမျိုးသားဖူဆယ်ကလပ်ပြိုင်ပွဲအပြင် အမျိုးသမီးဖူဆယ်ကလပ်အသင်းပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly