မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို For Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို For Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် တစ်ပွဲ၌ နှစ်ဘက်အသင်း ကွင်းတွင်းဝင်ရောက်လာနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇန်နဝါရီ ၅၊ ရန်ကုန်။             ။ ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်-၁ ပွဲစဉ်များအား Forever Group ကုမ္မဏီ၏ အခပေးရုပ်သံလိုင်းဖြစ်သည့် For Sports ရုပ်သံလိုင်းမှ တစ်ပတ်လျှင်   နှစ်ပွဲနှုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

Forever Group ကုမ္မဏီသည် အဆိုပါ For Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုအပြင် အခမဲ့ရုပ်သံလိုင်းနှစ်လိုင်းဖြစ်သည့် Channel 7 နှင့် MRTV-4 ရုပ်သံလိုင်းတို့တွင်လည်း ဟိုက်လိုက်ပြန်လည်   ပြသသွားမည် ဖြစ်သည်။

“ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပွဲတွေအတွက် တီဗီလိုင်းကတော့ Forever နဲ့ ညှိထားပါတယ်။ For Sports ကနေ တိုက်ရိုက်ပြမှာပါ။ အခမဲ့ရုပ်သံလိုင်းကတော့ သူတို့ဘက်က မပြပေးနိုင်သေးပါဘူး။

ဒါပေမဲ့ ဟိုက်လိုက်တော့ ပြန်ပြပေးမှာပါ။ အခမဲ့ ကြည့်လို့ရတဲ့ MRTV-4 နဲ့ Channel 7 တို့မှာ ပြန်ပြပေးမှာပါ။ မြန်မာနေရှင်နယ်လိဂ်ရဲ့ အဓိက စပွန်ဆာကတော့ အခုထိ ညှိနှိုင်းနေဆဲပါပဲ။

အတိအကျ သိရရင် သတင်းထုတ်ပြန်ပေးပါမယ်။ ဒီလိဂ်ပွဲတွေ မစခင်လောက်အတွင်း ဖြစ်နိုင်အောင် ကြိုးပမ်းနေပါတယ် ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် ပထမအကျော့၌ Forever Group ကုမ္မဏီမှ ထုတ်လွှင့်ပြသခဲ့သော်လည်း ဒုတိယအကျော့တွင်မူ MWD နှင့် ဆက်စပ်ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခဲ့သည်။

 ယခုနှစ် ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို လာမည့် ဇန်နဝါရီလ ၉ ရက်တွင် စတင်ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly