အစိုးရတပ်နှင့် AA တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာပြေးသူ ၁၃၆ဦးထိရှိပြီ

အစိုးရတပ်နှင့် AA တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာပြေးသူ ၁၃၆ဦးထိရှိပြီ

ရန်ကုန်၊ ဇန်နဝါရီ ၅။          ။အစိုးရတပ်နှင့် ရခိုင်တပ်မတော် (AA) တို့အကြားဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၃၆ဦးအထိရှိနေပြီဖြစ်ကြောင်း နေရပ်စွန်ခွာထွက်ပြေးသူများကိုကူညီနေသည့် ကျောင်းအုပ် ဦးမောင်ဝင်းလှိုင်က ဇန်နဝါရီလ ၅ရက်တွင် မဇ္ဈိမကိုပြောသည်။

"ရွာနှစ်ရွာမှာ ဒီနေ့အထိအားလုံး ၁၃၆ဦးရှိပြီ အရင်နေ့တွေကတော့ကယ်ထားတဲ့ရွာထဲကဆန်နဲ့ စားစရာကိုဝေမျှပြီးစားရတယ်။ ဒီနေ့တော့ပရဟိတအဖွဲ့တစ်ခုက ဆန် ၁၅အိတ်စီလာလှူထားတယ်။ တစ်ခြားငါးခြောက်တို့၊ ခေါက်ဆွဲခြောက်တို့လည်းပါတယ်။ ဒီနေ့တော့ ထက်ပြီးထွက်ပြေးတဲ့သူတွေကျွန်တော်တို့ဆီလာတယ်ဆိုလို့ လှေဆိပ်မှာလာစောင့်နေတာ။" ဟု ၎င်းကဆိုသည်။

အစိုးရတပ်နှင့် AA တို့သည် ကျောက်တော်၊ မြောက်ဦး နှင့် ပလက်ဝမြို့နယ် သုံးခုအစပ်ရှိ ပီးချောင်းအနီးတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ပြီး၊ မြောက်ဦးမြို့နယ် သံတံတားရွာနှင့် ဗာအီရွာတို့တွင်နေထိုင်သည့် ဒေသခံများက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်းလည်းဖြစ်သည်ဟု ဦးမောင်ဝင်းလှိုင်ကပြောသည်။

သံတံတားရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ၇၀ဦးကို မြောက်ဦးမြို့နယ်ရှိ ကျီရာပြင်ရွာဘုန်းတော်ကြီးကျောင်း တွင်လည်းကောင်း၊ ဗာအီရွာမှ ၆၆ဦးကို စေတီတောင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း အသီးသီးကယ်ဆယ်ထားခြင်းဖြစ်လည်းဖြစ်သည်။

"ဒီနေ့မနက်ကအထိတော့အစိုးရက လက်နက်ကြီးနဲ့ပစ်နေသေးတယ်လို့ သတင်းရတယ်။ နှစ်ဖက်အကျအဆုံး ကိုတော့သေချာမသိသေးဘူး။ ပြောင်းရွေ့ရတဲ့သူတွေကိုလည်းပဲ ကျွန်တော်တို့မကောက်ယူနိုင်သေးပါဘူး။" ဟု ရခိုင်တပ်မတော် AA သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးက အမည်မဖော်ပြလိုသော်လည်း တိုက်ပွဲအခြေအနေ များကို မဇ္ဈိမကိုပြောသည်။

ယင်း ၁၃၆ဦးသည် အစိုးရတပ်နှင့် AAတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၂၇ရက်မှ ယနေ့အထိဖြစ်ပေါ်ခဲ့သောတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသူများဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း တောင်ယာစိုက်ပျိုးသူများသာမက မူလနေထိုင်သူများအားလုံးက ကယ်ဆယ်ရေးစခန်းနှင့် အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိသည်ဟု ဦးမောင်ဝင်းလှိုင်ကပြောသည်။

ဇန်နဝါရီလ ၅ရက်နေ့ အစိုးရတပ်နှင့် AA တို့တိုက်ပွဲအခြေအနေကို နေရပ်ထွက်ခွာပြေးသူများအရေး ကူညီပေးနေသူ ဦးမောင်ဝင်းလှိုင်က "ဒီနေ့တော့ဘာသံမှမကြားဘူး၊ မနေ့ကတော့အမြှောက်သံကို မနက် ၁၁နာရီလောက်ထိကြားလိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့မသိတော့ဘူး။" ဟုပြောသည်။

ဒီဇင်ဘာ ၂၇ရက်မှ ယနေ့အထိ အစိုးရတပ်မတော်၏ စ.က.ခ(၉) လက်အောက်ခံ ၅၃၉ တပ်ရင်း နှင့် AA တပ်မတော် လှုပ်ရှားစစ်ကြောင်းတို့ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟု AA တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှသိရသည်။

AA တပ်မတော်နှင့် အစိုးရတပ်တို့သည် ၂၀၁၅ခုနှစ် မေလကလည်း ကျောက်တော်မြို့နှင့် ပလက်ဝမြို့အစပ်များ တွင်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ယင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ  ၄၀၀ခန့်ထိရှိခဲ့ပြီး ပလက်ဝမြို့နယ် အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags