ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်မှု ပုသိမ်တွင်ကန့်ကွက်

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်မှု ပုသိမ်တွင်ကန့်ကွက်

ပုသိမ်မြို့ ဘုရားကြီးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်မှုအား လတ်တလောရပ်ဆိုင်းပေးရန် ဘုရားကြီးကုန်း ကျေးရွာနေပြည်သူ တဦးမှ ဇန်နဝါရီလ၅ ရက်နေ့တွင် ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုထံ ဘုရားကြီးကုန်းကျေးရွာ တွေ့ဆုံပွဲတွင် တောင်းဆိုခဲ့သည်။

"ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးတာမှာ ရွာသားတွေ စိတ်ဝမ်းကွဲကုန်တယ်။ ကျေးရွာမှာ အကြောင်းတွေ အများကြီးရှိတဲ့၊ အုပ်ချုပ်ရေးမှူးတွေအောက်မှာ ကျွန်တော်တို့တွေ ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်ဖို့အတွက် အုပ်ချုပ်ရေးမှူး ရွေးတဲ့ကိစ္စကို လတ်တလော ရပ်ဆိုင်းပေးပါ ပြည်သူများ ကိုယ်စားတင်ပြတာ"ဟု ဘုရားကုန်းကျေးရွာပြည်သူတဦးမှ တွေ့ဆုံပွဲတွင် မြို့နယ် အုပ်ချုပ်ရေးမှူးအားပြောသည်။

ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရန် ရပ်မိရပ်ဖ ငါးဦးအား ၂၀၁၅ ဒီဇင်ဘာလအတွင်း ရပ်ကွက်များတွင် စတင်လုပ်ဆောင်နေပြီး၊ ရွေးချယ်မှုများတွင် အဆင်မပြေမှုများလည်း ရှိကြောင်း ရှိရသည်။

ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ "စနစ်တကျမရှိခဲ့လို စနစ်တကျရှိအောင် အသေးစိတ် ကွင်းဆင်းလုပ်တာ ဖြစ်တယ်။ လွှတ်တော်သက်တမ်းနှင့်အညီ အုပ်ချုပ်ရေးမှူး သက်တမ်းဖြစ်တယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ဆောင်ရွက်တာဖြစ်တယ်၊ မတူညီတာတွေ ဘေးဖယ်ပြီး တူညီတာကို ဦးတည်ပြီးလုပ်သွားမယ်၊ စနစ်တကျနဲ့ ဘယ်နေ့လွှဲပါ မပြောသေးဘူး၊ အသင့်ဖြစ်အောင် ဆောင်ရွက်ထားတာ” ဟု ပြောသည်။

"ပွင့်လင်းမြင်သာဖြစ်ဖို့လိုတယ် ပထမတခါ ရွေးတုန်းက ပြည်သူမသိလိုက်ဘူး၊ သူတို့ သဘောနဲ့ လုပ်သွားတယ်၊ ပြည်သူ ရွေးချယ်ခွင့်ပေးဖို့လိုတယ်၊ဥပဒေက တမျိုး လုပ်ဆောင်တာတမျိုး မဖြစ်သင့်တော့ဘူး"ဟု ပုသိမ်မြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးစိုးလှိုင်ဦးမှ ရွေးချယ်နှင့်ပတ်သက်ပြီး မဇ္ဈိမ သို့ပြောသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူး ဥပဒေတွင် ရပ်မိရပ်ဖ ၅ဦးအား ရပ်ကျေးအတွင်းအများကြည်ညှိလေးစားပြီး ဩဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးကိုရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အရည်အချင်းသတ်မှတ်ချက် များတွင် နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊အသက်၂၅နှစ်ပြည့်သူဖြစ်ခြင်း၊ သင့်တင့်သော ပညာအရည်အချင်း ရှိသူဖြစ်ခြင်းတို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly