သက်တမ်းအလိုက်လက်ရွေးစင်အသင်းများ ပရိသတ် အားပေးမှု ခံရသော်လည်း မြန်မာနေရှင်နယ် လိဂ်ပွဲများကို စိတ်ဝင်စားမှု နည်းနေသေး

သက်တမ်းအလိုက်လက်ရွေးစင်အသင်းများ ပရိသတ် အားပေးမှု ခံရသော်လည်း မြန်မာနေရှင်နယ် လိဂ်ပွဲများကို စိတ်ဝင်စားမှု နည်းနေသေး
ဧရာဝတီအသင်းနှင့် ချင်းအသင်းတို့ပွဲ၌ ယူ-၂၀၊ယူ-၂၃ လက်ရွေးစင်ကစားသမား ကျော်မင်းဦးနှင့် ချစ်စုမိုး တို့ ဘောလုံးယှဉ်လုနေစဉ် (ဓာတ်ပုံ- ရွှေဘုတ်)

၂၀၁၅ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာပြိုင်ပွဲများတွင် သက်တမ်းအလိုက်မြန်မာလက်ရွေးစင်အသင်းများကို ပရိသတ်များ တခဲနက်အားပေးခဲ့သော်လည်း ဇွန် ၂၂ က ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်လက်ကျန်ပွဲများတွင်မူ ပရိသတ် များလာရောက်ကြည့်ရှုမှု လျော့နည်းနေဆဲပင်ဖြစ်သည်။

ဇွန်လ ၂၂ ရက်တွင် ရန်ကုန်မြို့၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်နှင့် ဧရာဝတီ၊ မန္တလေးမြို့ ဗထူးကွင်းတွင် ရတနာပုံနှင့် ဇေယျာရွှေမြေ တို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အောင်ဆန်းကွင်းတွင် ပရိသတ် ၃၀၀ လာရောက်အားပေးခဲ့ပြီး ဗထူးကွင်းတွင် ပရိသတ် (၅၀၀၀) ဝန်းကျင် အားပေးခဲ့သည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေညာခဲ့သည်။

ယင်းနေ့က ယှဉ်ပြိုင်ကစားခဲ့သော အသင်းလေးသင်းတွင် မြန်မာလက်ရွေးစင်ကစားသမားများဖြစ်သော ဆော်လန်မန် (ချင်း)၊ မင်းမင်းသူ၊ ဗန်လားဟရွယ်၊ နိုင်လင်းဦး (ဧရာဝတီ)၊ ယူ-၂၃ ကစားသမားများဖြစ်သော ချစ်စုမိုး (ချင်း)၊ နေလင်းထွန်း၊ သီဟဇော် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ စည်သူ အောင်၊ ရဲကိုဦး (ရတနာပုံ)၊ ယူ-၂၀ ကစားသမားများဖြစ်သော ထိုက်ထိုက်အောင် ၊ ကျော်မင်းဦး (ဧရာဝတီ)၊ အောင်သူ (ရတနာပုံ)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ) စသည့် ကစားသမားများ ဝင်ရောက်ကစားခဲ့ကြသည်။

"ကျွန်တော်တို့ကတော့ ဧရာဝတီ အမာခံပရိသတ်ဆိုတော့ ပွဲတိုင်းလာကြည့်ဖြစ်ပါတယ်။ ဒီပွဲက ကြားရက်လည်းကျနေတော့ ပရိသတ်သိပ်လာ တာမတွေ့ရပါဘူး။ စနေ၊ တနင်္ဂနွေဆိုရင်တော့ ပရိသတ်များလာနိုင်ပါတယ်။ လက်ရွေးစင်အောင်မြင်လာတော့ လက်ရွေးစင်ကစားသမားလေး တွေ ကစားတာကို ကျွန်တော်တို့ကိုယ်တိုင် မြင်ချင်ကြတယ်။

ကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ နေလင်းထွန်းပါ" ဟု ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ကစားသော ဧရာဝတီ အသင်း၏ပွဲကို မအူပင်မြို့မှ လာရောက်ကြည့်ရှုသည့် ဧရာဝတီဖန်ကလပ်အဖွဲ့ဝင် ဦးခင်မြင့်ကပြောသည်။

ဧရာဝတီနည်းပြမာယန်ကလည်း မြန်မာလက်ရွေးစင်အသင်းများ၏အောင်မြင်မှုကို ဂုဏ်ယူ ချီးကျူးပါကြောင်းနှင့် လိဂ်ပရိသတ် များလာရန်အ တွက် ကလပ်အသင်းများဘက်မှလည်း ကြိုးစားရဦးမည်ဖြစ်ကြောင်း ချင်းယူနိုက်တက်ကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းကို အားပေးသည့် ရန်ကုန်မြို့ခံပရိသတ် ကိုထွဋ်ခေါင်လင်းကလည်း "ရန်ကုန်မှာကန်တဲ့ ဧရာဝတီ ပွဲတိုင်းကို ရောက်အောင်လာအားပေးပါတယ်။ အခုက အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေလည်းခေါ်ထားတယ်၊ ယူ-၂၀၊ ယူ-၂၃ က ကစားသမားတွေရောက်လာတော့ နေရာလည်းပေးရတော့ အသင်းက အသစ်ကပြန်စသလိုဖြစ်နေ ပါတယ်။

နှစ်ပွဲ၊ သုံးပွဲလောက်အထိတော့ ငြိမ်ဦးမယ်မထင်ဘူး။ ပရိသတ်က ယူ-၂၀၊ ယူ-၂၃ က ကစားသမားတွေပါလို့ မျှော်လင့်တကြီး လာကြည့်ပြီး အသင်းရလဒ်မကောင်းရင် စိတ် ပျက်သွားနိုင်တာမျိုးရှိနိုင်ပါတယ်။

ဒါပေမဲ့ နောက်ဆိုရင်တော့ ကောင်းလာနိုင်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်မှာကန်တဲ့ ဧရာဝတီပွဲ တိုင်းကို ကြိုးစား ပြီး ရောက်အောင်လာကြည့်ဖြစ်ပါတယ်"ဟု ၎င်း၏အမြင်ကိုပြောသည်။

ဇွန် ၂၂ က ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ်ပထမအကျော့လက်ကျန်ပွဲများတွင် ဧရာဝတီက ချင်းကို ၁-၀ ဂိုးဖြင့်အရေး နိမ့်ခဲ့ပြီးရတနာပုံက ဇေယျာရွှေမြေကို ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများအားလုံး ကိုးပွဲစီကစားပြီးသွားကြချိန်တွင် ရန်ကုန်အသင်းက ပွဲတိုင်းအနိုင် ရပြီး ရမှတ် ၂၇ မှတ်ရရှိကာ အနီးစပ်ဆုံးပြိုင်ဘက် ဧရာဝတီအသင်းကို ငါးမှတ်ဖြတ်ထားသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၀ ကို ဇွန်လ ၂၇ နှင့် ၂၈ ရက်များတွင် အသင်းအားလုံး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly