နှစ်ကုန် အားလပ်ရက်ကာလအတွင်း ထိုင်းတွင် ယာဉ်မတော်တဆမှုများ မြင့်တက်ကာ လူ ၃၀၀ကျော်သေဆုံး

နှစ်ကုန် အားလပ်ရက်ကာလအတွင်း ထိုင်းတွင် ယာဉ်မတော်တဆမှုများ မြင့်တက်ကာ လူ ၃၀၀ကျော်သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၅ ။            ။ ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအားလပ်ရက်ရာသီအတွင်း ယာဉ်မတော်တဆဖြစ်မှုအရေအတွက်မှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျင် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လက်ရှိတွင် ထိုင်းအစိုးရကလည်း မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်သူများ၊ အရှိန်နှုန်းမြင့်မောင်းနှင်းခြင်းများကို တားဆီးရန် အရေးယူသွားမည့်အစီအစဉ်များကို ထုတ်ပြန်နေပြီဖြစ်သည်။

မကြာသေးမီက နှစ်သစ်ကူးပွဲကာလတွင် နိုင်ငံအနှံ့ ယာဉ်မတော်တဆမှုများထဲတွင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း နှင့် ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်အတွင်း အဆိုပါ ကာလတွင် အခြား လူပေါင်း ၃,၀၀၀ ကျော်သည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားသည်။

ယင်း မတော်တဆမှုများ၏ ၇၃ ရာခိုင်နှုန်းမှာ အမြန်လမ်းပေါ်တွင် ဖြစ်ပေါ်ခဲ့ပြီး ယင်းထဲမှ ၈၃ ရာခိုင်နှုန်းမှာ ပစ်ကပ်ကားများ ပါဝင်ခဲ့သည်။ ယာဉ်မတော်တဆမှုများကြောင့် နိုင်ငံအရှေ့မြောက်ခရိုင်ဒေသ နာခွန်ရက်ချာစီမာတွင် လူသေဆုံးမှုအများဆုံးရှိခဲ့ပြီး ချင်းမိုင်တွင်လည်း မတော်တဆမှုများသည်စံချိန်တင်များပြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအဖြစ် ပါဝင်နေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ကလည်း မလေးရှားခရီးသွားဧည့်သည် ၁၃ ဦး ချင်းမိုင်တွင် ဘက်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ရသည်။

လမ်းမတော်တဆမှုကြောင့် လူသေဆုံးခြင်းများသည် ထိုကဲ့သို့ နှစ်ကူးကာလများတွင် ပိုမိုဖြစ်ပွားလေ့ရှိနေရာ အာဏာပိုင်များက ယာဉ်တိုက်မှုများ၏ အဓိကအကြောင်းရင်းများအဖြစ် မူးယစ်သောက် စားမောင်းနှင်ခြင်းနှင့် အရှိန်မြှင့်တင်မောင်းနှင်မှုများဟု သတ်မှတ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly