MH17 လေယာဉ်ပျက်ကျမှုနောက်ကွယ်မှ ရုရှားများကို ဖော်ထုတ်နိုင်ပြီဟု ယူကေအုပ်စုပြော

MH17 လေယာဉ်ပျက်ကျမှုနောက်ကွယ်မှ ရုရှားများကို ဖော်ထုတ်နိုင်ပြီဟု ယူကေအုပ်စုပြော

သည်ဟိဂ်၊ ဇန်နဝါရီ ၅ ။             ။ ၂၀၁၄ ခုနှစ် ဇူလိုင်လက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပစ်ချခံရမှုကြောင့် MH17 လေယာဉ်ပျက်ကျခဲ့မှုတွင် ပတ်သက်နေသည့် ရုရှားစစ်သားများကို ဖော်ထုတ်နိုင်ပြီ ဆိုသည့် နိုင်ငံသားဂျာနယ်လစ်များ၏ ပြောကြားချက်များကို လေးလေးနက်နက်လေ့လာမည်ဟု ဒတ်ချ်အစိုးရရှေ့နေများက ပြောကြားလိုက်သည်။

ယင်းသို့ဖော်ထုတ်နိုင်ပြီဟု ပြောသောအဖွဲ့မှာ Bellingcat ဟုခေါ်ဆိုသည့် ဗြိတိန်အခြေစိုက် နိုင်ငံသားစုံစမ်းဖော်ထုတ်ဂျာနယ်လစ်များအဖွဲ့ဖြစ်သည်။ ၎င်းအဖွဲ့သည် လူမှုမီဒီယာနှင့် အခြားပွင့်နေသည့် သတင်းရင်းမြစ်များမှ သတင်းအချက်အလက်များကို ပိုက်စိတ်တိုက်ရှာဖွေသည့်အလုပ်ကို အထူးလုပ်ဆောင်သည်။

"ခရစ္စမတ်အပြီးလေးမှာမှ ဒီသတင်းအစီရင်ခံမှုကို ရရှိခဲ့ပါတယ်"ဟု ဒတ်ချ်အစိုးရရှေ့နေ ရုံးမှ ပြောခွင့်ရအမျိုးသားတစ်ဦးဖြစ်သူ မစ္စတာ ဝင်မ်ဒီဘရူအင်က ဇန်နဝါရီ ၃ တွင် ပြောကြားသည်။ "ကျွန်တော်တို့ ဒါကို လေးလေးနက်နက် လေ့လာပြီး မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုအတွက် သုံးလို့ရမရ ဆုံးဖြတ်သွားမှာပါ"ဟု ၎င်းက ထပ်မံပြောကြားသည်။

မလေးရှားလေကြောင်းလိုင်း၏ Flight MH17 လေယာဉ်သည် ၂၀၁၄ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က စစ်ဖြစ်ပွားနေသည့် ယူကရိန်အရှေ့ပိုင်း ကောင်းကင်းယံတွင် ပျံသန်းစဉ် မြေပြင်မှ ဝေဟင်ပစ် BUK ဒုံးကျည်ဖြင့် ပစ်ချခံရပြီး လေယာဉ်ပေါ်ပါ လူ ၂၉၈ ဦးစလုံးသေဆုံးခဲ့သည်ဟု လွန်ခဲ့သည့်အောက်တိုဘာက ပျက်ကျမှုကို စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းတို့က ဒုံးကျည်မှာ ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များထိန်းချုပ်ထားသည့် နယ်မြေဘက်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောကြားသည်။ သို့သော်လည်း ယင်းသို့ပြောကြား မှုကို မော်စကိုက ငြင်းဆိုခဲ့ပြီး ယူကရိန်းစစ်တပ်ဘက်သို့ ပြန်၍လက်ညိုးထိုးခဲ့သည်။

၂၀၁၄က Bellingcat သည် ဇူလိုင် ၁၇က ရုရှားလိုလားသော သူပုန်များထိန်းချုပ်ထားသော နေရာတစ်ခုတွင် တွေ့ရသော BUK ရွေ့လျားလောင်ချာတစ်ခုမှာ ကာ့စ်တွင် အခြေစိုက်သော ရုရှား၏ အမှတ်၅၃လေယာဉ်ပစ်တပ်ဖွဲ့၏ ယာဉ်တန်းမှဖြစ်သည်ဟု အစီရင်ခံခဲ့သည်။

သို့သော် ၎င်းလောင်ချာကို ယူကရိန်းနယ်စပ်အနီး လေ့ကျင့်ရေးပြုလုပ်ရန် ပို့ခဲ့သည်ဆိုသည်။ သို့သော်လည်း နောက်တစ်ကြိမ်ရိုက်ကူးမှုလုပ်ရာတွင် ဒုံးကျည်များအနက် အနည်းဆုံးဒုံးကျည်တစ်ခုမှာ ပျောက်ဆုံးလျက်ရှိသည်။

ဇန်နဝါရီ၃က ဒတ်ချ်ရုပ်သံချန်နယ် NOS နှင့် အင်တာဗျူးတွင် ယခုအခါ ၎င်း၏အဖွဲ့သည် အဆိုပါတပ်ဖွဲ့မှ ရုရှားစစ်သား ၂၀ကို ဖော်ထုတ်နိုင်ပြီဟု Bellingcat တည်ထောင်သူ အဲလီးယော့ဟစ်ဂင်းစ်က ပြောသည်။

ယင်းသို့ဖော်ထုတ်မှုအတွက် သတင်းရင်းမြစ်များတွင် အင်တာနက်တွင် တင်ထားသော ဓါတ်ပုံများနှင့် အွန်လိုင်းတွင် ရနိုင်သော စစ်သားများချထားမှုနှင့် ပတ်သက်သည့် စစ်တပ်သတင်းအချက်အလက်များ ပါဝင်သည်ဟု NOS က အစီရင်ခံသည်။ ထုတ်ဝေရေးအတွက် တည်းဖြတ်ထားသည့် အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်ဟုလည်း ၎င်းက ထုတ်လွှင့်ခဲ့သည်။ ဒတ်ချ်အစိုးရရှေ့နေများသည် Bellingcat အဖွဲ့နှင့် ယခင်ကပင် အဆက်အသွယ်ရှိနေခဲ့သည်ဟု မစ္စတာ ဒီဘရူအင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags