ဘောလုံးသမားတွေရဲ့ ထိပ်တန်းနာမည်ပြောင် ၁၀ ခု

ဘောလုံးသမားတွေရဲ့ ထိပ်တန်းနာမည်ပြောင် ၁၀ ခု

ဘောလုံးလောကထဲက ကစားသမားတွေမှာ နာမည်ပြောင်တွေ အသီးသီးရှိကြပါတယ်။ ကမ္ဘာကျော် ကစားသမား ၁၀ ယောက်ရဲ့ နာမည်ပြောင်တွေနဲ့ ဘာကြောင့် အဲဒီလိုခေါ်ဖြစ်တာလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဆာဂျီယိုအဂူရို (Kun - ကွန်း)

သူကတော့ ပရီးမီးယားလိဂ် နောက်ခံလူတွေအတွက် ထိန်းချုပ်ရခက်သူတစ်ဦးဖြစ်သလို နာမည်ပြောင်လည်း ရှိသူဖြစ်ပါတယ်။ အဲဒီ နာမည်ကို သူ့ဘာသာပေးထားတာပါ။ ကျောက်ခေတ် ဂျပန်ကာတွန်းဇာတ်ကောင်လေး Kun-Kun ဇာတ်ကားကို ကြိုက်တဲ့ အဂူရိုဟာ သူ့နာမည်ကိုလည်း အဲဒီလိုခေါ်ဖို့ ဆုံးဖြတ်ခဲ့သလို အဘိုးအဘွားတွေကလည်း တိုက်တွန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ခေါ်လို့ ပိုကောင်းတဲ့ Kun အဖြစ် ဘိုးဘွားတွေက ပြင်ပေးခဲ့ပါတယ်။ အဲဒီ အမည်ကို အဂူရိုရဲ့ လက်မောင်းမှာ တက်တူး ထိုးထားပါတယ်။

ဖာနန်ဒိုတောရက်စ် (El Nino - ကလေး)

တောရက်စ်ဟာ ပါရမီရှင် ဆယ်ကျော်သက် တစ်ဦးအဖြစ် အက်သလက်တီကိုအသင်းမှာ အသက် ၁၆ နှစ်အရွယ်နဲ့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်ပဲ အယ်နီနို (ကလေး)လို့ ခေါ်ခံရတာ အံ့ဩစရာမရှိပါဘူး။ သူ့ထက် စီနီယာကျတဲ့ ကစားသမားတွေက သူ့နာမည်သေချာမသိလို့ အဲဒီလိုခေါ်ကြတာဖြစ်ပြီး နောက်သုံးနှစ်အကြာမှာတော့ အက်သလက်တီကိုအသင်း ခေါင်းဆောင် ဖြစ်လာခဲ့သူပါ။

ဂျာဗီးယားဟာနန်ဒက်ဇ် (ချီချာရီတို - ပဲစေ့လေး)

အရပ် ၁ ဒသမ ၇၅ မီတာသာရှိတဲ့ မက္ကဆီကို တိုက်စစ်မှူးကို ပဲစေ့လေးလို့ အဓိပ္ပါယ်ရတဲ့ ချီချာရီတိုလို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နာမည်နောက်မှာ နောက်ခံသမိုင်းကြောင်းရှိနေပါသေးတယ်။ ဟာနန်ဒက်ဇ်ရဲ့ဖခင် ဂျာဗီးယား ဂူတီယာရက်ဇ်ကလည်း ဘောလုံးသမားဖြစ်ပြီး အစိမ်းရောင် မျက်လုံးတွေ ပိုင်ဆိုင်ထားလို့ ချီချာရီတို (ပဲစေ့) လို့ အခေါ်ခံရပါတယ်။ ဟာနန်ဒက်ဇ်က ဂူတီယာရက်ဇ်ရဲ့သားဆိုတော့ ပဲစေ့ကြီးရဲ့သား ပဲစေ့လေး ဖြစ်လာတော့တာပါပဲ။

ခရစ္စတီယန် ရိုဒရီဂွက်ဇ် (El Cebolla- ကြက်သွန်)

နိုင်ငံတာဘောလုံးလောကမှာ နိုင်ငံအသင်းဖော် ဆွာရက်ဇ်လောက် မထင်ရှားပေမယ့် ခရစ္စတီယန် ရိုဒရီဂွက်ဇ်ဟာ ဥရုဂွေးနိုင်ငံအပြင်၊ သူကိုယ်စားပြုရာ ပေါ်တို (အသင်းဟောင်း)၊ အက်သလက်တီကိုတို့ရှိရာ ပေါ်တူဂီနဲ့ မက်ဒရစ်မှာတော့ လူသိများပါတယ်။ သူ့အမည်ပြောင် El Cebolla ရဲ့ အဓိပ္ပါယ်ကတော့ ကြက်သွန်ဖြစ်ပါတယ်။

ဘာကြောင့်ခေါ်တာလဲဆိုတဲ့ အကြောင်းပြချက် နှစ်မျိုးရှိပြီး ပထမတစ်ခုက တော်တော်လေး ဆန်းကြယ်ပါတယ်။ ဥရုဂွေးမှာ ငယ်စဉ်တုန်းက နောက်တန်းကစားသမားတွေ ထိုင်ငိုရလောက်အောင် အကြိမ်ကြိမ် လှည့်စားနိုင်ခဲ့လို့ ပြုစားသူလို့ အမည်တွင်ခဲ့တာပါ။ နောက်တစ်ချက်ကတော့ သူ့သားချွေးနံ့က မွှေးတယ်လို့ယူဆပြီး ဖခင်ဖြစ်သူက ခေါ်ခဲ့တာဖြစ်ပါတယ်။ တကယ်ကို ရှုပ်ထွေးပေမယ့် သူ့နာမည်ပြောင် ကြက်သွန် ဆိုတာကတော့ အမှန်ပါ။

ဒေးဗစ်ဗီလာ (El Guaje - ကလေး)

ဟာနန်ဒက်ဇ်လိုပဲ ဒေးဗစ်ဗီလာကလည်း အရပ် ၅ ပေ ၈ လက်မပဲရှိပေမယ့် မက္ကဆီကန် တိုက်စစ်မှူးထက်တော့ ဂိုးတွေ ပိုသွင်းပြီး ပိုမို အောင်မြင်မှုရခဲ့ပါတယ်။ El Guaje ရဲ့အဓိပ္ပါယ်ကလည်း ကလေး ဖြစ်ပါတယ်။ စပိန်မှာ နေထိုင်ကြတဲ့ ဩစတြီးယန်းတွေရဲ့ ဘာသာစကား ဖြစ်ပါတယ်။

ဩဂတ်စတင်းအဇူကာအိုကိုချာ (ဂျေဂျေအိုကိုချာ)

ဘော်လ်တန်မှာ ကစားသွားတဲ့ အိုကိုချာကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ အင်္ဂလိပ် ပရိသတ်တွေ အထူးသဖြင့် ဘော်လ်တန်ပရိသတ်တွေကလည်း သူ့ကို အမှတ်တရ ရှိနေကြဆဲပါ။ အိုကိုချာဆိုတဲ့ နာမည်ရှေ့မှာ ဂျေဂျေလို့ ခေါ်တာကတော့ ဘော်လ်တန်ပရိသတ်တွေက ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ ဘာကြောင့်ခေါ်ကြလဲဆိုတော့ သူ့ရဲ့ ဘောလုံးကျွမ်းကျင်မှုနဲ့ ညှို့ယူ ဖမ်းစားနိုင်စွမ်းရှိတဲ့ ကစားဟန်တွေကြောင့်ပါ။

ခရစ္စတီယန်ဗီယာရီ (Bobo - ဘော့ဘို)

ကမ္ဘာ့ဖလားမှာ အီတလီအတွက် ဂိုးအများဆုံး သွင်းသူ၊ ဖီဖာအကောင်းဆုံး ၁၀ဝ စာရင်း ဝင်သူ၊ ပီချီချီဆုပိုင်ရှင် ဗီယာရီဟာ အီတလီ ပိုင်ဆိုင်ခဲ့တဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အမည်ပြောင်ကတော့ Bobo ပါ။ သူ့အဖေနာမည်က ဘော့ဖြစ်ပြီး ငယ်ရွယ်စဉ် ဩစတြေးလျမှာ နေကြတုန်းက ဗီယာရီကို ဘော့ဘိုလို့ ခေါ်ကြပါတယ်။ ဘောလုံးသမားဖြစ်တော့လဲ အဲဒီအမည်ကိုပဲ သူက ဆက်သုံးခဲ့ပါတယ်။

ခရစ္စတီယန်ဘာမြူဒက်ဇ် (The Hobbit)

ဘောလုံးလောကမှာတော့ အဲဒီလို နာမည်ပြောင်မျိုး ဘယ်သူမှ မရကြပါဘူး။ ဘဝတူ အရပ်ပုသူတွေဖြစ်တဲ့ ဗယ်ဗူနာ၊ ကာဇိုလာတို့အပြင် အခြား ကစားသမားတွေရှိနေကြပေမယ့် ဘာမြူဒက်ဇ်သာ အဲဒီအမည်ပြောင်းရပါတယ်။ မက္ကဆီကန်လိဂ်မှာ ကစားနေတဲ့ ဘာမြူဒက်ဇ်ဟာ အရပ် ၁ ဒသမ ၅၉ မီတာသာရှိပြီး ကမ္ဘာ့အရပ်အပုဆုံး ကစားသမားတွေထဲက တစ်ဦးပါ။

ဆီဇာအက်ဇ်ပီလီကျူတာ (Dave)

သူ့ရဲ့နာမည်က အသံထွက်ရခက်တာတော့ အမှန်ပါပဲ။ သူ့နာမည်ကို ဒေါ့တ်မွန် နည်းပြဟောင်း ကလော့ပ်က အသံထွက်မှန်အောင် ခေါ်နိုင်ဖို့ ခက်ခဲခဲ့ရဖူးပါတယ်။ ချယ်လ်ဆီး ကစားသမားတွေကလည်း သူ့နာမည်ကို ပြောင်းခေါ်ဖို့ ကြိုးစားကြပါတယ်။ ဆီဇာလို့ ခေါ်ရင်လွယ်နိုင်ပေမယ့် ဘာကြောင့်မှန်းမသိ မခေါ်ခဲ့ကြပါဘူး။

ဇာတ်လမ်းရဲ့အစကတော့ Dave ဒေ့ဗ်လို့အမည်ရတဲ့ ချယ်လ်ဆီး ဘတ်စ်ကားမောင်းသမားက အစပြုပါတယ်။ ချယ်လ်ဆီး ကစားသမားတစ်ယောက်က ဒေ့ဗ်ကို ခေါ်တာကို အက်ဇ်ပီလီကျူတာက မှားထူးမိရာက သူ့နာမည်လည်း ဒေ့ဗ်လို့ တွင်သွားတော့တာပါပဲ။ အဲဒီကနေ အသင်းဖော်တွေ၊ ဒေသတွင်း ပရိသတ်တွေ၊ တစ်ကမ္ဘာလုံးက ပရိသတ်တွေထံ ပျံ့နှံ့သွားတော့တာပါ။ သူ့နာမည် အသံထွက်အမှန်ကို မျှော်လင့်နေဆဲဖြစ်ပေမယ့် ဒေ့ဗ်လို့ ခေါ်ကြတာကိုလည်း သူက စိတ်မဆိုးပါဘူး။

ဖရန့်ဘက်ကင်ဘောင်ဝါ (Der Kaiser - ဧကရာဇ်)

ဂျာမန်ဂန္ထဝင်ကစားသမားကြီး ဖရန့်ဘက်ကင်ဘောင်ဝါဟာ ကမ္ဘာ့ဖလားကို ကစားသမားအနေနဲ့ရော နည်းပြအဖြစ်နဲ့ပါ ရယူဖူးတဲ့ တစ်ဦးတည်းသော သူဖြစ်သလို သမိုင်းမှာ အကောင်းဆုံး ဆွီပါသမားတစ်ယောက်လည်းဖြစ်ပါတယ်။ အမည်ပြောင်ကတော့ Der Kaiser ဖြစ်ပြီး ဧကရာဇ်လို့ အဓိပ္ပါယ်ရပါတယ်။

ခေါင်းဆောင်မှု အပြည့်နဲ့ သူ့ရဲ့ ကစားပုံကြောင့်ဖြစ်နိုင်သလို ဩစတြီးယန်း ဧကရာဇ်ဟောင်း တစ်ဦးနဲ့လည်း ဆင်တူခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဗီယင်နာမှာ ကစားတဲ့ပွဲတစ်ပွဲအပြီးမှာ ဩစတြီးယန်း ဧကရာဇ်ဟောင်းရဲ့ပုံနဲ့ သူ့ပုံကို ဖော်ပြရာမှာ ပုံနှစ်ပုံက ဆင်တူနေခဲ့လို့ နှစ်ပေါင်းများစွာ အမည်တွင်နေခဲ့ပါတော့တယ်။

Hyper Sports No.19 Pg. 36

.page-node-9402 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly