ငြိမ်းချမ်ရေးတည်ဆောက်လိုလျှင် စစ်ရေးအကြောင်း သဘောပေါက်အောင်လုပ်ပါဟု ကာချုပ်ပြော

ငြိမ်းချမ်ရေးတည်ဆောက်လိုလျှင် စစ်ရေးအကြောင်း သဘောပေါက်အောင်လုပ်ပါဟု ကာချုပ်ပြော
(ဓာတ်ပုံ- Senior General Min Aung Hlaing ဖေ့စ်ဘွတ်မှ)

နေပြည်တော်(ဇန်နဝါရီ ၄)။ ။ စစ်ပွဲများကို တပ်မတော်ထက်ပိုပြီး မလိုလားမည့်သူ ရှိမည်မဟုတ်ဟုဆိုကာ ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် အရင်ဆုံး စစ်ရေးဆိုင်ရာကိစ္စများအကြောင်း သဘောပေါက်အောင်လုပ်ပါ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

"ငြိမ်းချမ်းရေးကို တည်ဆောက်လိုလျှင် စစ်ရေးအကြောင်း ဦးစွာ သဘောပေါက်အောင်လုပ်ပါ ဆိုသည့် ဆိုရိုးစကားတစ်ရပ်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းအောင်ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာ ရင်ဆိုင်ရမှုများ ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယင်းရင်ဆိုင်ရမှုများမှာ မိမိတို့တပ်မတော်က စစ်ကို လိုလားသောကြောင့် ဖြစ်နေခြင်းမဟုတ်သည်ကို ဖြစ်စဉ်ဖြစ်ရပ်များကို အစွဲကင်းကင်းဖြင့် ဂဃနဏ လေ့လာကြည့်လျှင် တွေ့နိုင်ကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇန်နဝါရီ ၄ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ပြုလုပ်သော တပ်မတော်စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိ တိုက်ပွဲဝင်နေခြင်းသည် တရားသောစစ်သာဖြစ်သည်ဟု ၎င်းအပါအဝင် ရဲဘော်ရဲဘက်အားလုံးက သစ္စာဆိုဝံ့သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် မြန်မာ့တပ်မတော်သည် ခေတ်သစ်အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်နေဆဲဖြစ်သည့် ပစ္စုပ္ပန်ဆိုင်ရာ ဝိသေသလက္ခဏာများဖြင့် ပြည့်စုံနေသည့် တပ်မတော်ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်း ပြောဆိုသွားသေးသည်။

နိုဝင်ဘာရွေးကောက်ပွဲရလာဒ်အရ သမ္မတသက်တမ်း(၃)လနီးပါးသာလိုတော့သည့် သမ္မတဦးသိန်းစိန်ကလည်း စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အားလုံးပူးပေါင်းပါဝင်ကြရန် ယနေ့ကျရောက်သည့် ၆၈ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင်ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

လာမည့် အစိုးရသက်တမ်းတွင် အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ သူ့အစိုးရသက်တမ်းတွင် ပြည်တွင်းငြိမ်းချမ်းရေးရအောင် အဓိကလုပ်မည်ဟု အခိုင်အမာ ပြောဆိုသည်။

"အခုတက်လာမယ့် အစိုးရရဲ့ ပထမဦးဆုံးတာဝန်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ရေးပဲ ဖြစ်တယ်" ဟု ဒီဇင်ဘာ ၄ရက်နံနက်ပိုင်းက ရန်ကုန်ရှိ ပါတီရုံးချုပ်အသစ်တွင်ပြုလုပ်သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း(၅)နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က လက်မှတ်ရေးထိုးထားသည်။ အဆိုပါ NCAစာချုပ်လက်မှတ်ရေးထိုးမှု၏ နောက်ဆက်တွဲအဖြစ် ယခုလ ဇန်နဝါရီ ၁၂ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ရပ် နေပြည်တော်တွင် ကျင်းပပြုလုပ်သွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly