လက်ရွေးစင်နည်းပြ အေဗရာမိုဗစ်ကို တစ်နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထား

လက်ရွေးစင်နည်းပြ အေဗရာမိုဗစ်ကို တစ်နှစ်သက်တမ်းတိုးရန် ကမ်းလှမ်းထား
ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားနေသော မြန်မာ့လက်ရွေးစင်အသင်းအား တွေ့ရစဉ် (ဓာတ်ပုံ- MFF)

လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်ကို ခန့်အပ်ဖွယ်ရှိနေ

ဇွန် ၂၄၊ ရန်ကုန်။  ။ မြန်မာ့လက်ရွေးစင်အသင်း၏ နည်းပြချုပ် အေဗရာမိုဗစ်ကို တစ်နှစ် စာချုပ် သက်တမ်းတိုးရန် စီစဉ်ထား သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်အောင် က မဇ္ဈိမသို့ ပြောသည်။

အေဗရာမိုဗစ်သည် ၂၀၁၄၊ဖေဖေါ်ဝါရီလ တွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ကို ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ကာ လက်ရွေးစင်ပွဲပေါင်း ၁၃ ပွဲ၌ ခြောက်ပွဲနိုင် နှစ်ပွဲ သရေ ငါးပွဲရှုံး ရလဒ် ရရှိရန်စွမ်းဆောင်ပေး ထားနိုင်သည်။

“ မိုဗစ်ကို တစ်နှစ် သက်တမ်းတိုးဖို့ စီစဉ်ထားပါတယ်။ ဆက်ရှိဖြစ်မှာပါ။ သူ့လက်ထောက်တွေ ဆက်ထား မထားကိုတော့ ဥက္ကဌရဲ့ အဆုံးအဖြတ်ပေါ်မူတည်ပါတယ်။ အခုထိတော့ မသိရသေးပါဘူး။ ယူ-၂၃ နည်းပြ ဦးကြည်လွင်က အရည်အချင်းရှိတဲ့ နည်းပြ တစ်ယောက်ဆိုတော့ သူ့ကို လက်ရွေးစင်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ သေချာ ရင်တော့ သတင်းထုတ်ပြန်ပေးမှာပါ ” ဟု လက်ရွေးစင်နည်းပြ မိုဗစ်၏ စာချုပ်နှင့် ပတ်သက်၍ ဦးတင်အောင်က ပြောသည်။

စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၃အသင်းကို ငွေတံဆိပ်ဆုရရှိရန်စွမ်းဆောင်ပေးနိုင်ခဲ့သည့် မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်မှာ မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြ ဖြစ်လာနိုင်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ ဦးကြည်လွင် က “ ဥက္ကဌက တာဝန်ပေးအပ်သွားရင်တော့ ဘယ်လက်ရွေးစင်အသင်း ပဲဖြစ်ဖြစ် ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ဘယ်အသင်းပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ပေးမှာပါ။ လက်ရှိတော့ ကျွန်တော့် ကလပ် မကွေးအသင်းအတွက်ပဲ လိဂ်ပွဲစဉ်အတွက် ပြင်ဆင်နေပါတယ် ” ဟု မဇ္ဈိမသို့ ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်း သည်လက်ရှိတွင် ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲ ယှဉ်ပြိုင်ကစားထားပြီး လာအိုအသင်းနှင့် နှစ်ဂိုးစီသရေ ကျကာ တောင်ကိုရီးယားအသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly