မြန်မာ (သို့) အာဆီယံပွဲစဉ်အပြောင်းအလဲဖန်တီးသူ

မြန်မာ (သို့) အာဆီယံပွဲစဉ်အပြောင်းအလဲဖန်တီးသူ
မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၄ အာဆီယံထိပ်သီးအစည်းအဝေး (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

လက်တလော မကြာခဏမေးမြန်းနေရသည့် မေးခွန်းက အင်န်အယ်လ်ဒီက အာဆီယံနှင့် အံ့ဝင်ခွင်ကျ ချိတ်ဆက်မိနိုင်ပါ့မလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။ အာဆီယံအသိုက်အဝန်း ရှင်သန်မှုအတွင်း အာဆီယံ-မြန်မာဆက်ဆံရေး အနာဂတ်အလားအလာက မည်သို့ဖြစ်မည်နည်း။ မြန်မာနိုင်ငံက အာဆီယံအတွက် ပွဲစဉ်သစ်ကစားသမားဖြစ်မည်လား။ ဒီမေးခွန်းများအတွက် သေချာသည့် အဖြေများ လိုအပ်သည်။

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်အထိ အာဆီယံနှင့် ချိန်ညှိပေါင်းစပ်ခြင်းအပေါ် မည်သည့် အရိပ်အယောင်မျှ မပြသေးပေ။ အခြားတစ်ဖက်တွင်လည်း အာဆီယံခေါင်းဆောင်များက အင်န်အယ်လ်ဒီပါတီ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ပြီး သိသာထင်ရှားသည့် နိုင်ငံရေးပြောင်းလဲမှုများထွက်ပေါ်လာတော့ဖြစ်၍ ၎င်းတို့အတွက် ဘေးကျပ်နံကျပ် အနေအထားအတွင်း ရောက်ရှိနေခြင်းနှင့်လည်း ကြုံနေရသည်။

စာရေးသူ - Kavi

၁၉၉၀-၁၉၉၅ ခုနှစ်များအတွင်းက နောက်ပိုင်း၌ ရလဒ် ပယ်ဖျက်ခံလိုက်ရသည့် ၁၉၉၀ မေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီနှင့် အာဆီယံတို့က စစ်တပ်ကြီးစိုးသည့် အစိုးရတွင် ပြောင်းလဲမှုများဖြစ်လာအောင် အတူဖော်ဆောင်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ချက်များ ထားရှိခဲ့သည်။ ဘရူနိုင်းဒါရုဆလမ် အာဆီယံနှစ်ပတ်လည်အစည်းအဝေးသို့ စောင့်ကြည့်လေ့လာသူအဖြစ် မြန်မာနိုင်ငံ ဝင်ခွင့်ရချိန်တွင် မြန်မာ စစ်အစိုးရ၏ တောင်းဆိုချက်ကြောင့် ရန်ကုန်အခြေစိုက် အာဆီယံသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၁၉၉၅ ဇူလိုင်လကုန်၌ စီစဉ်ထားသည့် အစည်းအဝေးကို ဖျက်လိုက်ချိန်မှစကာ ဒေါ်အောင်ဆန်းစုကြည်၏ အာဆီယံအပေါ် မျှော်လင့်ချက်များက ပြိုလဲသွားခဲ့ရသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံတို့အကြားက ဆက်ဆံရေးက အေးခဲသွားခဲ့ပါတော့သည်။

 

မြန်ဆန်သည့် အပြောင်းအလဲများဖြင့် လက်ရှိကာလ အခြေအနေသို့ အရောက်တွင် စတင်ဖွဲ့စည်းလျက်ရှိပြီဖြစ်သည့် အစိုးရသစ်က ၎င်း၏ အာဆီယံမူဝါဒကို ထုတ်ဖော်မိတ်ဆက်ဖို့ အခွင့်အလမ်း ရှိထားပြီဖြစ်သည်။ လွှတ်တော်ကို မကြာမီ ခေါ်ယူလိမ့်ကာ သမ္မတသစ်ကို ရွေးကောက်တင်မြှောက်ရတော့မည်ဖြစ်သည်။ တင်မြှောက်ခံ သမ္မတက ဖေဖော်ဝါရီလလယ် သို့မဟုတ် ထို့ထက်စောစွာ ဝန်ကြီးအဖွဲ့ကို ခန့်အပ်ဖွဲ့စည်းသွားရမည်ဖြစ်သည်။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဦးသိန်းစိန်၏ နေရာတွင် အင်န်အယ်လ်ဒီ၏ ဆန္ဒဖြင့် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် စိတ်ကြိုက်ရွေးချယ်သော သမ္မတအရိုက်အရာကို ဆက်ခံမည်သူအား အထူးအာဆီယံ-အမေရိကန် ထိပ်သီးညီလာခံ မတိုင်မီ ရွေးချယ်တင်သွင်းဖွယ်ရှိကြောင်း ရန်ကုန်အခြေစိုက် သံတမန်များက ပြောကြသည်။ အစိုးရသစ်အနေဖြင့် မတ်လ မကျော်လွန်မီ တရားဝင်အာဏာလွှဲပြောင်းကာ အုပ်ချုပ်ရေးတာဝန်ကို စတင်ယူမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က လက်ရှိသမ္မတကို ဖေဖော်ဝါရီ ၅ ရက်က အမည်စာရင်း ရွေးချယ်တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

ထိုအချိန်ပိုင်းကား အကြောင်းသုံးရပ်အတွက် အလွန်အရေးကြီး၍လည်း နေသည်။ ပထမကိစ္စရပ်မှာ ဖေဖော်ဝါရီ ၁၅-၁၆ တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီလန်းစင်တာတွင် အာဆီယံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့၏ ထိပ်သီးအစည်းအဝေးကို စီစဉ်ထားသည်။ ထိုညီလာခံတွင် မြန်မာသမ္မတသစ်နှင့် နိုင်ငံခြားရေးရာအဖွဲ့တို့က အခြားအာဆီယံခေါင်းဆောင်များနှင့် ထိတွေ့ရင်းနှီးမှုကို ရယူနိုင်မည့် ညီလာခံတစ်ရပ်ဖြစ်သည်။ ထိုပြင်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုပမ်းမှုများအတွက် သမ္မတ အိုဘားမားက ကိုယ်တိုင်ကိုယ်ကျ ချီးကျုးမှုကို ပြုလုပ်နိုင်မည့် ညီလာခံတစ်ရပ်ဖြစ်သည်။

 

ဒုတိယအချက်က ၂၀၁၂ မှ ၂၀၁၅ အတွင်း အာဆီယံ-အမေရိကန်ဆက်ဆံရေးအတွက် မြန်မာနိုင်ငံက စေ့စပ်ညှိနှိုင်းခဲ့သူဖြစ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ဆက်ဆံရေး အတိအကျ တိုးတက်မှုများ ရရှိခဲ့သည်။ ထိုအောင်မြင်မှုများက ဝါရှင်တန်၏ နေပြည်တော်ဆက်ဆံရေးကို မြင့်မားစေလာနိုင်သည်။ အကျိုးဆက်အားဖြင့် အမေရိကန်က အာဆီယံတွင် ခုနစ်ခုမြောက်အဖွဲ့ဝင်နှင့် မဟာဗျူဟာမိတ်ဆက်ပြုမှုကို မြှင့်တင်လာခဲ့သည်။ အိုဘားမားအစိုးရ၏ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးကို သာမန်ထက် အံ့မခန်းဖြစ်သည့် ကြိုးစားမှုများရှိလာခဲ့ခြင်း၏ ရလဒ်များပဲဖြစ်ပါသည်။ အချိန်စောစွာပင် အာဆီယံသည် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်မှုကို လက်သင့်ခံဆောင်ရွက်သွားရေး စီစဉ်လာခဲ့ရခြင်းပဲ ဖြစ်သည်။

 

တတိယအကြောင်းရင်းခံကိစ္စမှာ ဆန်နီလန်းထိပ်သီးညီလာခံသို့ တက်ရောက်ခြင်းက အင်န်အယ်လ်ဒီဦးဆောင်သော အစိုးရသစ်အတွက် လက်ရှိသံတမန်ရေးရာ ရပ်တည်ချက်နှင့် နိုင်ငံတကာထောက်ပံ့မှုတို့အတွက် သြဇာရှိအိမ်နီးချင်းနိုင်ငံများသို့ ခိုင်မာသည့် သတင်းစကားပါးနိုင်မည်လည်းဖြစ်သည်။ အာဆီယံနှင့် အမေရိကန်တို့ တွေ့ဆုံဆွေးနွေးမည့် ကယ်လီဖိုးနီးယားရှိ ဆန်နီလန်းစင်တာသည် ၂၀၁၃ ခုနှစ်အတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိုဘားမားတို့၏ ပထမဆုံး ထိပ်သီးတွေ့ဆုံခဲ့ရာ အပန်းဖြေစင်တာနေရာလည်းဖြစ်သည်။

 

အကြောင်းသင့်နေသည်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲပြီးနောက်ပိုင်း သံခင်းတမန်ခင်းနှင့် ရပ်တည်အရည်အချင်းသည် အာဆီယံအဖွဲ့ကြီးနှင့် နှီးနွှယ်နေလိမ့်ဖြစ်ကာ မြန်မာနိုင်ငံအတွက် အသိုက်အဝန်းတည်ဆောက်မှု မဟာဗျူဟာများလည်းဖြစ်တော့သည်။ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ရှိခဲ့စဉ် နေပြည်တော်အစိုးရက အာဆီယံ၏ ဗဟိုအားကို မြှင့်တင်ပေးနိုင်ရေး စီမံခန့်ခွဲနိုင်ခဲ့သည်။ အထူးသဖြင့် အဓိကအင်အားများ ဆက်ဆံရေးနှင့် အဖွဲ့၏ သမူဟစုစည်းမှုကို အထိအခိုက်မရှိ ထိန်းထားနိုင်ရေးတို့တွင် ဖြစ်သည်။ ပူးတွဲထုတ်ပြန်ချက်ဖြစ်သည့် အာဆီယံဥက္ကဌ၏ အဓိကဒေသတွင်းရေးရာနှင့် ပတ်သက်သည့် ကြေညာချက်များက မြန်မာနိုင်ငံ၏ အာဆီယံအပေါ် စွမ်းဆောင်ပေးခဲ့မှုများပင် ဖြစ်တော့သည်။

 

၂၀၁၅ အာဆီယံအသိုက်အဝန်းမြင်ကွင်းကို နိုဝင်ဘာလအတွင်းက ပြဌာန်းချမှတ်ခြင်းနှင့်အတူ မြန်မာနိုင်ငံက လုပ်ဆောင်ချက်သစ်စီမံကိန်းများကို အကောင်အထည်ဖော်ရသည့် အခန်းကဏ္ဍက ကောင်းစွာရှိနေခဲ့သည်။ အထူးသဖြင့် လာမည့်ဆယ်စုနှစ်အတွက် စီးပွားရေးမဟုတ်သည့် ကိစ္စရပ်များနှင့် ဆိုင်သည့် စီမံချက်များဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးရာလုံခြုံရေးနှင့် လူမှုယဉ်ကျေးမှုနယ်ပယ်တို့တွင် လက်ရှိ၌ မြန်မာနိုင်ငံက နယ်ပယ်စုံမှ အာဆီယံအဖွဲ့ဝင်များ၏ ရှေ့တွင် ရှိနေပါသည်။

 

ဥပမာအားဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် အဖွဲ့အစည်းများ ဖွံ့ဖြိုးလာမှုက အာဆီယံ၏ စံနှင့်ဆိုလျှင် အသိအမှတ်ပြုလောက်သည်။ မကြာမတင်က မြန်မာနိုင်ငံတွင် သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းတည်ထောင်ခဲ့သလို နိုင်ငံပိုင်မီဒီယာအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအသွင်သို့ ပြောင်းလဲပစ်ရန် ကြိုးစားအားထုတ်မှုများ ရှိလာခဲ့သည်။

 

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပြည်သူ့လူမှုအဖွဲ့အစည်း CSO က ဒေသတွင်း များစွာလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး နောက်ကြောင်းပြန်သည့် ဖြစ်ရပ်တစ်ချို့ မြန်မာနိုင်ငံတွင် ရှိနေကြောင်း မှတ်ချက်ပြုထားသည်။ သို့သော် အုပ်စုခေါင်းဆောင်များ တွေ့ဆုံသည့် အာဆီယံထိပ်သီးညီလာခံရလဒ် တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစကာ CSO ကိုယ်စားလှယ်များကို နိုင်ငံတွင်း လက်ခံထားခဲ့ရာ ၂၀၁၄ ခုနှစ်၌ အများဆုံးလက်ခံထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။

 

ထပ်လောင်းဖြည့်စွက်ရလျှင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားက  လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဖွဲ့ကို ၂၀၁၁ ခုနှစ်ကုန်တွင် တည်ထောင်ဖွဲ့စည်းလိုက်သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။ အင်န်အယ်လ်ဒီဦးဆောင်သောအစိုးရက လေးနှစ်သက်တမ်းရှိနေပြီဖြစ်သည့် မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့်အတူ အခွင့်အရေးအလွဲသုံးစားမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာလိမ့်ဖြစ်သည်။ အထူးသဖြင့် မြေယာသိမ်းခြင်းနှင့် ဆက်စပ်သည့် ပြဿနာရပ်များအပေါ် လွတ်လပ်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

 

ထင်သာမြင်သာရှိသည်မှာ မြန်မာနိုင်ငံသည် အကောင်အထည်ဖော်ရမည့် စီးပွားရေးစီမံချက်များ၌ နောက်ကောက်ကျ ကျန်နေဆဲဖြစ်သည်။ သို့သော် အခြားအာဆီယံအဖွဲ့ဝင်များနှင့် နှုန်းယှဉ်ကြည့်သည့်အခါ ရင်းနှီးမြုပ်နှံမှုနှင့် အချို့သော ဝန်ဆောင်မှုကဏ္ဍများတွင် ကောင်းစွာဆက်စပ်ဆောင်ရွက်နိုင်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ပို၍ တိုးတက်လာနိုင်ပါတော့သည်။

 

ထို့ပြင် အလွန်အရေးကြီးဆုံး တစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အင်န်အယ်လ်ဒီဦးဆောင်သော အစိုးရက အာဆီယံနှင့် ဆက်ဆံရေးကို ပြုပြင်ယူသွားမည့် အရိပ်လက္ခဏာပြပြီး အနာဂတ်ကို လျှောက်လှမ်းသွားသင့်ပါသည်။ ဖြစ်နိုင်သမျှ မြန်မြန် ချိတ်ဆက်ကာ အတူလက်တွဲလုပ်ကိုင်သွားကြမည့် နည်းလမ်းများကို ရှာသွားရမည်လည်းဖြစ်သည်။ လိုအပ်သည့် ခြေလှမ်းအဖြစ် အာဆီယံ၂၀၀၅ အလွန်ကာလတွင် ခေတ်သစ်မြန်မာနိုင်ငံက ရှေ့တန်းမှ ရပ်တည်ပြီး ပွဲစဉ်အပြောင်းအလဲ ဖန်တီးသူဖြစ်လာနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags