အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်တို့တွင် ငလျင်လှုပ်၍ ခြောက်ဦးသေဆုံး

အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်တို့တွင် ငလျင်လှုပ်၍ ခြောက်ဦးသေဆုံး

အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် ကပ်လျက်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်တို့တွင် အားပြင်းငလျင် ဇန်နဝါရီ ၄ ရက် နံနက်အစောပိုင်းက လှုပ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကြောင်း အကြီးတန်းသဘာဝဘေးစီမံခန့်ခွဲရေး အရာရှိတစ်ဦးက ပြောသည်။

"ငလျင်က အင်အား ၆ ဒသမ ၇ ရစ်ချ်တာစကေးရှိပါတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်မှာ ဒေသစံတော်ချိန် ၄ နာရီခွဲလောက်က လှုပ်တာပါ။ ကပ်လျက်အိမ်နီးချင်းနိုင်ငံတွေကိုလည်း ငလျင်ဒဏ်က ရိုက်ခတ်ခဲ့ပါတယ်။"ဟု အမည်မဖော်သည့် ၎င်းအရာရှိက ပြောသည်။

"မဏိပူရ်ပြည်နယ်ရဲ့ မြို့တော် အင်ဖာမှာ အဆောက်အအုံတွေ တစ်ချို့ ပြိုကျလို့ လူခြောက်ဦးသေဆုံးပြီး တစ်ရာကျော်လောက် ဒဏ်ရာရတယ်။ ပြင်းထန်တဲ့ငလျင်ကြောင့် ဒီရက်အတွင်းမှာပဲ သေဆုံးသူ ထပ်တိုးလာနိုင်ခြေရှိတယ်။ အခြားနေရာတွေက အသေအပျောက်သတင်းတွေတော့ မကြားရသေးဘူး။"ဟု ၎င်းက ပြောသည်။

အင်ဖာအနောက်ဖက် ၂၉ ကီလိုမီတာအကွာ မြေအောက် ၅၇ ကီလိုမီတာအနက်တွင် တာမန့်လောင်ခရိုင်၌ ငလျင်ဗဟိုပြုလှုပ်ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနအရ သိရသည်။

မဏိပူရ်ပြည်နယ်အပြင် အနောက်ဘန်ဂေါနှင့် အိုဒီရှာပြည်နယ်များအပါအဝင် အခြားပြည်နယ်များ၌ ငလျင်ကြောင့် လူများ ကြောက်လန့်တကြား အိမ်အတွင်းမှ ထွက်ပြေးကြသည်ကို ဌာနေရုပ်မြင်သံကြားအစီအစဉ်များက ပြသခဲ့သည်။ ဆေးရုံအချို့အပါအဝင် အဆောက်အအုံများ ငလျင်ကြောင့် ပျက်စီးကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

အမျိုးသားသဘာဝဘေးတုံ့ပြန်မှုတပ်ဖွဲ့ဝင်များကို ငလျင်ဒဏ်သင့်ရာနေရာများသို့ သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ရန် ညွန်ကြားထားပြီးဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်ရုံး တွစ်တာတွင် ရေးသားဖော်ပြထားသည်။

အာသံပြည်နယ်ရှိ ပြည်ထဲရေးဝန်ကြီး ရာဂျနက်ဆင်းချ်ထံသို့ ငလျင်အခြေအနေကို ပြောဆိုကာ ဘေးအန္တရာယ်များအတွက် ကွပ်ကဲဆောင်ရွက်ရန် ပြောဆိုထားကြောင်း ဝန်ကြီးချုပ် မိုဒီက တွစ်တာတွင် ရေးသားဖော်ပြသည်။

ပြတ်ရွှေ့ကြောပေါ်တွင်ရှိနေသည့် အိန္ဒိယအရှေ့မြောက်ပိုင်းနယ်မြေဒေသများသည် ငလျင်မကြာခဏ လှုပ်တတ်ရာ နယ်မြေများဖြစ်ကြသည်။ ၂၀၁၅ ဧပြီလအတွင်းက ငလျင်များ ဆင့်လှုပ်ခဲ့၍ ဟိမန္တာဒေသနိုင်ငံဖြစ်သည့် နီပေါတွင် လူပေါင်း ၁၀၀၀၀ ခန့်သေဆုံးခဲ့ကာ အိမ်ခြေ သန်းနှင့်ချီ ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly