အားကစားမိသားစုမှ ဆင်းသက်လာတဲ့ ကမ္ဘာကျော် တိုက်စစ်မှူး လီဝန်ဒေါစကီး

အားကစားမိသားစုမှ ဆင်းသက်လာတဲ့ ကမ္ဘာကျော် တိုက်စစ်မှူး လီဝန်ဒေါစကီး

ဘောလုံးကမ္ဘာရဲ့ ကစားကွက်အပြောင်းအလဲမှာ တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍက ပိုမိုခက်ခဲလာပြီး နေရာတစ်နေရာရရှိဖို့ ရုန်းကန်လာခဲ့ကြရပါတယ်။ ၄-၂-၃-၁ ဆိုတဲ့ ဘောလုံးလောကရဲ့ နောက်ဆုံးပေါ် ကစားကွက်မှာ တိုက်စစ်မှူးစစ်စစ်ဆိုတာ ရှာဖွေဖို့ ခက်ခဲလာပါတယ်။ တိုက်စစ်မှူးတွေဟာ ကိုယ်တိုင်ဂိုးသွင်းဖို့အပြင် ပိုမို နေရာယူလာကြတဲ့ တောင်ပံတိုက်စစ် ကစားသမားတွေနဲ့ နောက်ချန်တိုက်စစ်မှူးတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးလာရပါတယ်။ နည်းပြရဲ့အလိုကျ တစ်ဖက်ခံစစ်ကို အယောင်ပြ ကစားရတာမျိုးတွေ ရှိလာပါတယ်။ ဒီလိုအချိန်မှာ ထိပ်တန်းတိုက်စစ်မှူးစစ်စစ်တွေသာ နေရာရပြီး ကျန်ရစ်ပါတယ်။ ဒီလိုကျန်ရစ်ခဲ့တဲ့ တိုက်စစ်မှူးတွေထဲမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ လက်ချ်ပေါ့နန်အသင်းကနေ ဒေါ့တ်မွန်အသင်းကို ရောက်စက နာမည် သိပ်မရှိသေးပေမယ့် ၂၀၁၁-၁၂ ခုနှစ်ကစလို့ ရာသီတိုင်းမှာ ဂိုး ၂၀ ကျော် သွင်းယူပြီး ထိပ်တန်းတိုက်စစ်မှူး တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒေါ့တ်မွန်အသင်းကနေ ပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိခဲ့ရပါတယ်။ လီဝန်ဒေါစကီးရဲ့ဘဝမှာ စိတ်ဝင်စားစရာ အချက်အလက်တွေ ရှိနေပါတယ်။ ဒီတစ်ပတ် လီဝန်ဒေါစကီးအကြောင်းကို နည်းနည်းရှာဖွေထားပါတယ်။

အားကစားမိသားစုမှ ဆင်းသက်လာသူ

လီဝန်ဒေါစကီးတို့ မိသားစုဟာ တကယ်ကို အားကစားမိသားစုဖြစ်ပါတယ်။ လီဝန်ဒေါစကီးရဲ့ဖခင် ခါဇာတော့ဖ်ဟာ ပိုလန်ဂျူဒို ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး Hutnik Warszawa ဘောလုံးအသင်းနဲ့အတူ ဒုတိယတန်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ဖခင်က ထူးချွန်သလို မိခင်ဖြစ်သူ အိုင်ဝိုနာကလည်း မခေပါဘူး။ ဘော်လီဘောချန်ပီယံဟောင်း တစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် လီဝန်ဒေါစကီးရဲ့ညီမ မလီနာဟာလည်း ဘော်လီဘောမယ်တစ်ဦးဖြစ်ပြီး လက်ရှိမှာ ပိုလန် ယူ-၂၁ လက်ရွေးစင်အသင်းအတွက် ကစားလျက်ရှိပါတယ်။

ကိုယ်ရံတော် ဇနီးသည်

လီဝန်ဒေါစကီးဟာ အခြားနာမည်ကြီး ဘောလုံးသမားတွေလို လုံခြုံရေးအတွက် သိပ်မစိုးရိမ်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကရာတေးချန်ပီယံတစ်ဦးကို ပိုင်ဆိုင်ခွင့်ရရှိထားလို့ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးရဲ့ဇနီးသည် အန်နာစတက်ချာစကာဟာ ၂၀ဝ၉ ခုနှစ်က ကမ္ဘာ့ကရာတေး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိထားသူပါ။ အားကစားမယ် တစ်ဦးဖြစ်လို့ လီဝန်ဒေါစကီးတို့ မိသားစုနဲ့ တကယ်ကို လိုက်ဖက်လှပါတယ်။ လီဝန်ဒေါစကီးကို ပိုလန်ရဲ့ ဒေးဗစ်ဘက်ခမ်လို့ တင်စားကြပါတယ်။ ဂျာမန်မီဒီယာတွေက သူတို့ ဇနီးမောင်နှံ ဘာပဲလုပ်လုပ် သတင်းဖြစ်နေလို့ပါ။

ပိုလန်ရဲ့ စံချိန်ရှင်

လက်ရှိအချိန်မှာ လီဝန်ဒေါစကီးဟာ ပိုလန်နိုင်ငံအတွက် မရှိမဖြစ် တိုက်စစ်မှူးဖြစ်ပါတယ်။ ဒေါ့တ်မွန်အသင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ အချိန်ကစပြီး လီဝန်ဒေါစကီးဟာ ပိုလန်နိုင်ငံရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို လေးနှစ်ဆက်တိုက် ရရှိထားပါတယ်။ ပိုလန်ဘောလုံးသမားတွေထဲမှာ သူ့လို ဘယ်သူမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Lewandowtree

လက်ချ်ပေါ့နန် နည်းပြဟောင်း စမူဒါဟာ လီဝန်ဒေါစကီးကို ငယ်ငယ်လေးကတည်းက တွေ့မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ လီဝန်ဒေါစကီးရဲ့ ကစားပုံကို မနှစ်သက်လှဘဲ 'သစ်ပင်' နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ လီဝန်ဒေါစကီးကနေ လီဝန်ဒေါထရီးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လီဝန်ဒေါစကီးက Znicz Pruszkow အသင်းနဲ့အတူ တတိယတန်းမှာ ဂိုးသွင်း အများဆုံး ဆုရယူပြီး အသင်းကို တန်းတက်စေခဲ့ပါတယ်။ ဒုတိယတန်းမှာလည်း ဂိုးသွင်းအများဆုံးဆုရလို့ လက်ချ်ပေါ့နန်အသင်းက ခေါ်ယူခဲ့ပါတယ်။

အဲ့ဒီအချိန်အထိ စမူဒါဟာ လီဝန်ဒေါစကီးကို မနှစ်သက်လှသေးပါဘူး။ ဒါပေမဲ့ လက်ချ်ပေါ့နန်နဲ့အတူ ခြေစွမ်းပြ ဂိုးတွေသွင်းပြီး အောင်မြင်မှုတွေ ရလာချိန်မှာတော့ အသိအမှတ်ပြုခဲ့ရပါတယ်။

ဘလက်ဘန်းကို ရောက်ဖို့ နီးစပ်ခဲ့သူ နီးစပ်ခဲ့သူ

လီဝန်ဒေါစကီးရဲ့ ခြေစွမ်းကို ဥရောပတစ်လွှားက ကလပ်အသင်းတွေက စောင့်ကြည့်နေခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ အသင်း အများအပြားက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒီထဲမှာ အင်္ဂလန်ကလပ် ဘလက်ဘန်းက ထိပ်ဆုံးက ပါဝင်ခဲ့ပြီး နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ခဲ့ပေမယ့် လီဝန်ဒေါစကီးက ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ အဲ့ဒီအချိန်က ဘလက်ဘန်းအသင်းဟာ ပရီးမီးယားလိဂ်မှာသာ ရှိနေသေးတဲ့ အချိန်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ လီဝန်ဒေါစကီးက ဂျာမန်ကလပ် ဒေါ့တ်မွန်အသင်းကို ရွေးချယ်ခဲ့ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

စံချိန်ချိုးဖျက်သူ

၂၀၁၅ ခုနှစ် စက်တင်ဘာလတုန်းက ဝုဖ်ဘတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ လီဝန်ဒေါစကီးဟာ အရန်ခုံကနေ ထလာပြီး ကိုးမိနစ်အတွင်းမှာပဲ အနိုင်ဂိုး ငါးဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ ဒီစံချိန်က ဥရောပလိဂ်ပြိုင်ပွဲတွေ အားလုံးမှာ အမြန်ဆုံးငါးဂိုးသွင်းနိုင်တဲ့ စံချိန် ဖြစ်ပါတယ်။

အခုဆိုရင် လီဝန်ဒေါစကီးဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဂိုးပေါင်း ၁၀၅ ဂိုး သွင်းယူထားပြီးပါပြီ။ ဂျာမနီမြေမှာ လာရောက်ကစားတဲ့ ပြည်ပကစားသမားတွေထဲမှာ အမြန်ဆုံး ဂိုး ၁၀ဝ ပြည့်မြောက်ခဲ့သူအဖြစ်လည်း မှတ်တမ်းရေးထိုးထားနိုင်ပြီ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေက လီဝန်ဒေါစကီးရဲ့ ဘဝထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချို့ဖြစ်ပါတယ်။ လီဝန်ဒေါစကီးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

HYPERSPORTS NO.19 Pg. 24

.page-node-9369 .page-subtitle{ display: none; }

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly