၂၀၁၆ နဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အလားအလာ ဘယ်လိုရှိမလဲ

၂၀၁၆ နဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အလားအလာ ဘယ်လိုရှိမလဲ

မြန်မာနိုင်ငံထဲကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ ဝင်ရောက်လာမလားဆိုတာက ၂၀၁၆ ခုနှစ်အတွက် မျှော်လင့်စရာဖြစ်လာနေပါတယ်။ ဒီအပေါ်မှာအလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မှာဖြစ်ပေမယ့် အလုပ်နဲ့ သင့်တော်မယ့် လေ့ကျင့်သင်ယူမှုတွေကို ပြင်ဆင်ထားရမှာလည်းဖြစ်ပါတယ်။ တစ်ဘက်မှာကလည်း ပြည်တွင်းကအသေးစားစီးပွားရေးလုပ်ငန်းတွေ ဟန်ချက်မပျက်သွားနိုင်အောင်နဲ့ ကုန်ထုတ်လုပ်ငန်းတွေပိုပြီးတိုးတက်ဖို့ လိုအပ်နေပါတယ်။

နိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း ဝင်ရောက်လာမယ်ဆို အလုပ်အကိုင်၊ အခွင့်အလမ်းသစ်တွေလုပ်ကိုင်ခွင့်ရဖို့ ဒီကလူငယ်တွေကမျှော်လင့်နေကြပါတယ်။

"လူ့စွမ်းအားအရင်းမြစ် ကိစ္စပေါ့၊ လူ့စွမ်းအားအရင်းမြစ်ဆိုတာက သာမန်ဘွဲ့ရလူတွေတော့ ပေါတယ်၊ ပြသာနာက ကျတော်တို့က ဘွဲ့တခုနဲ့ လုပ်ငန်းခွင်မှာသုံးလို့ မရဘူးပေါ့နော်။" လို့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အဲဒီ့အတွက်လည်း သင့်တော်မယ်ထင်တဲ့ ပညာရပ်တွေကို ထပ်ပြီးသင်ယူနေကြတယ်ဆိုပေမယ့် တစ်ချို့ကျတော့လည်းကိုယ်ရွေးချယ်မယ့် လမ်းကြောင်းကို ကောင်းကောင်းကို သိရှိနားလည်ခြင်းမရှိတာတွေလည်း ရှိနေပါတယ်။ 

"ကျတော်တို့မြင်တာကတော့ အများကြီးတော့ မလိုပါဘူး။ တခုထဲကိုသာ ကျွမ်းကျင်အောင် ဆောင်ရွက်ပေးနိုင်ရင် ရပါပြီ။ဒုတိယအချက်ကတော့ ဘာသာစကားပေါ့နော် အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်၊ဆိုတတ် ဆိုရင်ပဲ လစာကအနည်းဆုံး ၂ ဆလောက်ဖြစ်နေပြီ။" လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။ 

တစ်ဘက်မှာကလည်း ပြည်တွင်းက အသေးစားတစ်နိုင်စီးပွားရေးလုပ်ငန်းတွေမှာ စိန်ခေါ်စရာတွေရှိနေပြီး ရေရှည်ရပ်တည်နိုင်ဖို့ကျတော့ အခက်အခဲတွေရှိနေပါသေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့အတူ ဒီလိုမျိုးစီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုမျိုးထိန်းကျောင်းသွားသင့်သလဲ ဆိုတာကိုတော့..

"ကျတော်တို့ တိုင်းပြည်သည် သူများနိုင်ငံထက် ဘာအားသားချက်ရှိလဲ၊အဲဒီကဏ္ဍကိုအစိုးရကဂိုက်လမ်းကိုပေးရမယ်၊ ပြီးရင် ကျတော်တို့ကစုစည်းရမယ်၊ဖွဲ့စည်းရမယ်၊တည်ဆောက်ရမယ်၊အဲ့ခါမှာကျတော်တို့ကဒီလုပ်ငန်းကြီးပေါ် လူတိုင်းက သက်ဝင်ယုံကြည်ပြီးအကုန်လုံးပါလာမယ်၊ပါလာတဲ့ အလျှောက် သူ့ကဏ္ဍအလိုက် စီးပွားဖြစ်လာကြမယ်၊သူနဲ့ ပတ်သက်လို့ အလုပ်ကိုင်ပေးလာနိုင်မယ်၊လူတွေက ဝင်ငွေရနိုင်မယ်။" လို့ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးမိုးမြင့်ကျော်က ပြောပါတယ်။ 

နောက်ထပ်မဝေးတော့တဲ့ နေ့ရက်တွေမှာ အခုထက်ပိုတဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေကို ဖြစ်ပေါ်လာနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စား စရာပါ။ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်နေ ကြတဲ့ မြန်မာလုပ်သားအရေအတွက်က (၃)သန်းလောက် ရှိနေပြီးရွှေ့ပြောင်းလုပ်သားအရေးကလည်း စိုးရိမ်စရာဖြစ်လာနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly