မြေသိမ်းမှုနှင့် နောက်ဆက်တွဲဖြေရှင်းမှုမှာ တောင်သူများအတွက် ပိုဆိုးနေဟုဆို

မြေသိမ်းမှုနှင့် နောက်ဆက်တွဲဖြေရှင်းမှုမှာ တောင်သူများအတွက် ပိုဆိုးနေဟုဆို

တောင်ကြီး၊ ၂၀၁၆၊ ဇန်နဝါရီ ၃ ။ ။ ရှမ်းပြည်တောင်ပိုင်းတွင် သိမ်းခံထားရသော မြေယာများကို ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ကြသော တောင်သူများမှာ ခြိမ်းခြောက်ခံရမှုများ၊ တရားစွဲဆိုခံရမှုများ၊ ဖြေရှင်းပေးခြင်းမရှိသော အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံတောင်သူများက ပြောသည်။

အစိုးရသစ်တက်လာပါက ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်သော လယ်ယာမြေပြဿနာများ ဖြေရှင်း ဆောင်ရွက်နေမှုအပေါ် သတင်းစာရှင်းလင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်း၊ အောက်မေ့ဖွယ် ဓမ္မာရုံတွင်  ၂၀၁၆၊ ဇန်နဝါရီ ၃ရက် နံနက်က ပြုလုပ်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်းတွင် လယ်သမားငါးထောင်ကျော်ထံမှ သိမ်းဆည်းခံလယ်မြေဧကပေါင်း ၃သိန်းကျော်ရှိနေကြောင်း အန်အယ်လ်ဒီပါတီမှ ရှမ်းပြည်နယ်တောင်သူလယ်သမားရေးရာကော်မတီ တာဝန်ခံကိုဝင်းနိုင်စိုးက ၎င်းကောက်ယူရရှိထားသော စာရင်းဇယားများကို ကိုးကားပြောသည်။ ရှမ်းပြည်နယ်ရှိမြေယာသိမ်းဆည်းမှုများတွင် တပ်မတော်၊ ဒေသခံပြည်သူ့စစ်အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများမှ သိမ်းယူမှုများမှာ အများဆုံးဖြစ်ကြောင်းသိရသည်။ 

“၂၀၁၂ မြေယာဥပဒေပြဌာန်းတယ်။ ဒါတွေကလည်းပဲ တောင်သူလယ်သမားကို ကာကွယ်တာတွေ မရှိဘူး။ ဒီလိုအကျိုးဆက်တွေကြောင့်ပဲ ရေပူ(ကျေးရွာ)က ၁၂ယောက်တရားစွဲဆိုခံရတာတွေရှိနေတယ်။ မတရားတဲ့ဥပဒေတွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတာပါ။ ပြီးခဲ့တဲ့ငါးနှစ်ကိုကြည့်ရင် ဥပဒေတွေပြဌာန်းခဲ့တယ်။ ဒါပေမယ့် ထိရောက်တဲ့ဥပဒေတွေ မဖြစ်ခဲ့တဲ့အပြင် အခုချိန်ထိ ခရိုနီတွေနဲ့ပေါင်းပြီး သိမ်းယူထားတာတွေက အခုချိန်ထိရှင်းလို့မရဘူး” ဟု မြေသိမ်းမှုများကို လိုက်ပါဆောင်ရွက်ပေးနေသော တောင်ကြီးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းရွှေကပြောသည်။

တရားရုံးများတွင် အမှုရင်ဆိုင်ရာတွင် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်လာပါ၍ တောင်သူများမှ ၁၉၈၈ ဝန်းကျင် မြေမသိမ်းမီကဆောင်ထားသော သီးနှံခွန်၊ မြေခွန် စသည့်ပြေစာများကိုသာ ပြသနိုင်ကြပြီး ပိုင်ဆိုင်မှုပုံစံများကို မပြသနိုင်သောကြောင့် ရှုံးနေရကြောင်း တရားရင်ဆိုင်နေရသော တောင်သူအချို့ကို မေးမြန်းရာမှ သိရသည်။

လယ်ယာမြေသိမ်းဆည်းမှုများကို ဖြေရှင်းဆောင်ရွက်ရန် ၂၀၁၂မြေယာဥပဒေကို ပြဌာန်းထားပြီး ထိုဥပဒေနည်းဥပဒေအရ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီများကို ဖဲ့ွစည်းပြီး မြေယာပြဿနာများကိုဖြေရှင်းဆောင်ရွက်နေမှုများလည်းရှိသည်။

“လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကို လယ်သိမ်းခံရတဲ့တောင်သူတွေကတော့ သူတို့ရဲ့ တွေ့ကြုံနေရတဲ့ဒုက္ခတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ထင်ကြတယ်။ ကော်မတီကတော့ မတရားသိမ်းဆည်းတဲ့သူတွေဘက်ကိုပဲလိုက်ပါတယ်။ ဖြစ်စေချင်တာက နောက်လာမယ့်အစိုးရလက်ထက်မှာ ဒီလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကို တောင်သူတွေရဲ့ အခက်အခဲတွေကို ဆောင်ရွက်ပေးတဲ့၊ ဖြေရှင်းပေးတဲ့ ကော်မတီတစ်ရပ်ဖြစ်စေဖို့တင်ပြလိုပါတယ်။” ဟု မြေသိမ်းမှုများကို လိုက်ပါဆောင်ရွက်နေသော ရှမ်းပြည်မျိုးဆက်အင်အားစုမှ ဦးအောင်အောင်က ပြောသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများမှ မြေယာသိမ်းခံခဲ့ရသော ဒေသခံများမှ အဓိကလာကြကာ စုစုပေါင်း ပြည်သူ၃၀၀ကျော် တက်ရောက်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly