ဗန်ဟားလ်ကို အချိန်ပေးရန် မန်ယူအသင်းကို နည်းပြဟောင်းဒေးဗစ်မိုယက်စ် တိုက်တွန်း

ဗန်ဟားလ်ကို အချိန်ပေးရန် မန်ယူအသင်းကို နည်းပြဟောင်းဒေးဗစ်မိုယက်စ် တိုက်တွန်း

ဇန်နဝါရီ ၃၊ မန်ချက်စတာ။       ။ မန်ယူနည်းပြဟောင်းဒေးဗစ်မိုယက်စ်က မန်ယူအသင်းအနေနှင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် လက်ရှိနည်းပြဗန်ဟားလ်ကို အချိန်ပေးပြီး ထောက်ခံ သင့်ကြောင်း ပြောဆိုသွားခဲ့သည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရသလို နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၆ အထိ ကျဆင်းသွားသည့်အတွက် မန်ယူပရိသတ်များက ဗန်ဟားလ်ကို နည်းပြရာထူးမှထွက်ခွာသွားရန် တောင်းဆိုမှုများရှိလာခဲ့သည်။

သို့ရာတွင် မိုယက်စ်က မန်ယူအသင်းမှာ နည်းပြများကို အလွယ်တကူထုတ်ပယ်လေ့ရှိသည့်အသင်းမဟုတ်ကြောင်းနှင့် ဗန်ဟားလ်ကို အချိန်ပေးစောင့်ကြည့်ရန် လိုအပ်ကြောင်းတိုက်တွန်းပြောဆိုခဲ့သည်။
မိုယက်စ်က “တကယ်တော့ ဖာဂူဆန်လိုနည်းပြကြီးကိုင်တွယ်သွားတဲ့အသင်းကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ ဒေးဗစ်ဂီးလ်ထွက်ခွာသွားတာကလည်း မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူဟာ မန်ယူအသင်းကို လွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူဟာ နည်းပြတွေကို လွယ်လွယ်နဲ့ထုတ်ပယ်တတ်တဲ့ ကလပ်အသင်းမဟုတ်ပါဘူး။
သူတို့ဟာ သူတို့ရဲ့နည်းပြတွေကို အမြဲထောက်ခံတတ်တဲ့အသင်းဖြစ်ပါတယ်။ မန်ယူအနေနဲ့ ဗန်ဟားလ်ကို ဆက်လက်ထောက်ခံဖို့ ကျွန်တော်မျှော်လင့်ပါတယ်။

ဘာလို့လဲဆိုတော့ ဗန်ဟားလ်ဟာ ဒီထက်ပိုပြီး အသင်းကိုတည်ဆောက်ခွင့်ရသင့်ပါတယ်။ ဗန်ဟားလ်အနေနဲ့ လူသစ်တွေထပ်ဖြည့်ပြီး ကိုင်တွယ်ခွင့်ရမယ်ဆိုရင် မန်ယူအနေနဲ့ အများကြီးတိုးတက်လာမယ့်လို့ထင်ပါတယ်။ နည်းပြပြောင်းတိုင်းကောင်းတာမဟုတ်ပါဘူး”ဟု ဆိုခဲ့သည်။

မိုယက်စ်သည် ဖာဂူဆန်အနားယူသွားသည့်အချိန်က မန်ယူအသင်းကို ကိုင်တွယ်ခွင့်ရခဲ့သူဖြစ်ပြီး ရလဒ်များဆိုးရွားသည့်အတွက် တစ်ရာသီအကြာမှာပင် နည်းပြရာထူးမှထုတ်ပယ်ခြင်း ခံခဲ့ရသူဖြစ်သည်။
လက်ရှိတွင် မန်ယူအသင်းအားပေးသူများသည် ဗန်ဟားလ်အား နည်းပြရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိနေပြီး ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန်အလိုရှိနေကြကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Ref: Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly