မြန်မာ့သစ် ထုတ်လုပ်မှုအကြောင်း တစ်စေ့တစ်စောင်း ရ မိနစ်တာ

03 January 2016
မြန်မာ့သစ် ထုတ်လုပ်မှုအကြောင်း တစ်စေ့တစ်စောင်း ရ မိနစ်တာ

မင်္ဂလာပါရှင် 7 Mins  အစီစဉ်ကနေ ကြိုဆိုပါတယ်။ ဒီတစ်ပါတ် ဒီအစီစဉ်ကနေ တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ သစ်အခြေခံ ပရိဘောဂ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းပဲ ဖြစ်ပါတယ်။ အဲတာကြောင့် သစ်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းတွေကို မဇ္ဈိမသတင်းထောက် ရှုမဝအောင်က မေးမြန်းထားပါတယ်။

မေး - ဦးဉာဏ်ဝင်း မင်္ဂလာပါရှင့်။ အခုမထမ ဦးဆုံးမေးချင်တာက အစိုးရကနေပြီးတော့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်တန့်ထားတာ နှစ်နှစ် ကျော်လောက်ရှိပြီပေါ့နော်။ အဲဒီအချိန်နေမှာ သစ်အချောတွေ ထုတ်လုပ်ရောင်းချတဲ့ သူတွေ အနေနဲ့ ဒီစီးပွားရေး ဈေးကွက်က ဘယ်လို ပြန်လည် ဦးမော့လာလဲရှင့်။ အဲဒီအပေါ်မှာ ပြောပြပေးပါ။

ဖြေ - သစ်အလုံးလိုက် ပိတ်လိုက်တာ ၂၀၁၄ မှာပေါ့နော်။ ဦးတို့ ၂၀၁၄ ပြီးတဲ့ အခြေနေမှာတော့ ဒီပရိဘောဂ လုပ်ငန်းက သူတို့ပိတ်လိုက်တဲ့အတွက် ဘာမှ အကျိုးထူးခြားမှု မရှိပါဘူး။ အဲတော့ ၂၀၁၅ မှာ ဦးတို့ စဖြစ်တယ်။ စတင်လုပ်ဖြစ်တော့ အဲဒီအချိန်မှာ သက်ဆိုင်ရာ ဌာနဆိုင်ရာ လူကြီးတွေနဲ့ ဦးတို့ မိတ်ဆက်ပြီးတော့ တွေ့ခွင့်ရတာပေါ့။ တွေ့တဲ့အချိန်မှာမှ ဦးတို့က ကျွန်တော်တို့ သစ်အခြေခံ ပရိဘောဂ လုပ်ငန်းဆိုတာ သစ်ကို အခြေခံပြီးတော့မှ လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် သစ်ကုန်ကြမ်းလေးများပေးဖို့ အစီစဉ်လေး ရှိပါသလားပေါ့။ ရရင်လည်း ကျွန်တော်တို့ အသင်းအနေနဲ့ လိုချင်ပါတယ်လို့ စပြီးတောင်းခဲ့တာပေါ့နော်။

ဦးတို့ကို ဒီသစ်ကုန်ကြမ်းကို တစ်လတစ်ခါ လေလံစနစ်နဲ့ ပေးပါမယ်ဆိုပြီး ဦးတို့ကို စပြီးပြောတယ်။ ပြောပြီးတော့မှ တကယ်ရတာက အောက်တိုဘာလမှာ စရတာပေါ့နော်။ အဲဒီရတဲ့ သစ်ကုန်ကြမ်းတွေကို ဦးတို့ လေလံ စနစ်နဲ့ ဝယ်တယ်။ ဝယ်ပြီးတော့ ခုခွဲစိပ်ပြီးတော့ ဂေတီ လုပ်ထားတာပေါ့။ ခုတော့ လုပ်ထားတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ အဓိက မြန်မာနိုင်ငံမှာ ပရိဘောဂ လုပ်ငန်းဟာ အဓိက ကျွန်းပေါ့။ ကျွန်းသစ်ကိုပဲ ဦးစားပေးပြီး လုပ်တာ။ အခုလောလောဆယ် ပထမဦးဆုံး ရတာတော့ ကျွန်းသစ်မပါသေးဘူး။ ဒီအခြား သစ်သားတွေကို သူတို့က သုံးစေချင်တဲ့ ဆန္ဒ ရှိတယ်။

ဦးတို့လည်း သုံးပါတယ်။ သုံးတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။ အဲဒီအခြားသားတွေကို ချပေးတော့ ဦးတို့ ဝယ်လိုက်ပြီပေါ့နော်။ ဝယ်လိုက်ပြီးတော့ ခွဲစိပ်ပြီးတော့ ပြန်ပြီးတော့ လုပ်ငန်းရှင်တွေကို ချပေးမယ့် အဆင့်ပေါ့နော်။ အဲဒီကျတော့မှာ အခုနကလို လုပ်ငန်းရှင်တွေကလည်း လုပ်လာပြီ။ အစိုးရကလည်း တစ်လ တစ်ခါ မှန်မှန်ပေးနေပြီဆိုရင်တော့ ဦးတို့လုပ်ငန်းတွေ အရင်ကနဲ့စာရင် နည်းနည်းလေး လွတ်လွတ်လပ်လပ်နဲ့ ကောင်းကောင်းမွန်မွန် အဆင်ပြေမယ်လို့ ဦးတို့က ထင်တယ်။

မေး - ဟုတ်ကဲ့ပါရှင့် သစ်ကုန်ကြမ်း ရရှိမှုကလည်း လိုသလောက်မရတဲ့ အခြေနေမှာ ရှိနေတယ်။ ပြီးတော့မှောင်ခို ဈေးကွက်ကလည်း ရှိနေတယ်ဆိုတော့ ဦးတို့ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုလို့ရှိရင် အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းပိုင်ရှင်တွေ ဘယ်လိုမျိုး ညှိနှိုင်း အဖြေရှာသင့်တယ်လို့ ထင်ပါလဲရှင့်။

ဖြေ - ဟုတ်ပါတယ်။ အခု စပြီးတော့ ဦးတို့လုပ်ငန်းရှင်တွေကို ပေးနေပြီ ပေးတဲ့အခါမှာ အခုနက ဦးပြောသလို အခြားသစ်တွေကို စပေးပြီးတော့ ကျွန်းသစ်လည်း နည်းနည်း တဖြေးဖြေးတော့ ပါလာပါပြီ။ ပါလာဖို့လိုတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင်အားလုံးက အဓိက ကတော့ ကျွန်းသစ်ကိုပဲ သုံးကြတာကိုး။ အဲတော့ အစိုးရကနေ ကျွန်းသစ်လည်း ဟုတ်ပါပြီ လိုသလောက် သူတို့ ပေးနိုင်ပြီ ဆိုရင် လုပ်ငန်းရှင်တွေဘက်ကလည်း ဒီမှောင်ခိုသစ်တွေ သုံးတာတွေ မှောင်ခိုသစ်တွေ ဝယ်တာတွေ သူတို့က တဖြေးဖြေး လျော့ဖို့ ကောင်းတယ်။ အဲတာဆိုမှ တစ်ဖက်က အရင်တုန်းက အပေးခဲ့လို့ မှောင်ခို သစ်ကို သုံးရပါတယ်။ အခုတစ်ဖက်ကလည်း ပေးပြီပေါ့နော်။ သစ်ကုန်ကြမ်းတွေကို တရားဝင်ပေးတဲ့ အခါမှာ လုပ်ငန်းရှင်တွေ အနေနဲ့ ဒီမှောင်ခို သစ်ကို တဖြေးဖြေးလျော့ပြီးတော့ တရားဝင်သစ်ကို သုံးလာဖို့လိုတယ်။ အဲခါကျတော့မှ စောကလိုပေါ့နော် တရားဝင်သစ်တွေလည်း ဖြစ်မယ်။ ဈေးကွက်ကလဲ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်ရတဲ့ အတွက် ပိုကောင်းလာမယ် ဦးတို့ အဲလိုပဲ ထင်တယ်။

မေး - ဟုတ်ကဲ့ပါရှင့် တစ်ခုလောက်ပြောပြပေးပါအုံးရှင့်။ အရင်အနှစ် ၂၀ နောက်ပိုင်းကနေ စပြီးတော့ပေါ့နော်။ ဈေးကွက်ပြောင်းလာတဲ့ အခြေနေလေးကိုကော အန်ကယ်ရဲ့ အခြေနေအရ ပြောပြပေးပါအုံး ရှင့်။

ဖြေ - ဈေးကွက်ကတော့ အမှန်မှာ ပရိဘောဂ ဈေးကွက်ကတော့ ပြည်ပပို့တာ အလွန်နည်းတယ်။ ပြည်တွင်းမှာတော့ သူဟာနဲ့ သူ ဖြစ်နေတာပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က ကုန်ကြမ်းဈေးက အရမ်းသက်သာတယ်။ ကျွန်ဈေးဆိုရင် ဦးထင်တယ်။ တစ်တန်ကို ၄/၅ သိန်းလောက်ပဲ ရှိတယ်။ အဲဒီကနေပြီးတော့မှ တဖြေးဖြေး အနှစ် ၂၀ မှာ တက်လာတာ ခုဆိုရင် ၂၀/၃၀ ဖြစ်သွားလောက်အောင်ပါပဲ။

ဆိုတော့ ကုန်ကြမ်းဈေးတက်လာတော့ ပရိဘောဂ ဈေးတွေကလည်း တက်လာတယ်။  တက်လာတော့ သစ်ပရိဘောဂနေရာကို အစားထိုးပြီးတော့ အခုနကလို MTS  တို့ စတီးတို့ ပလပ်စတက်တို့ အဲတာတွေ ဝင်လာတဲ့အတွက် ဈေးကွက်ဝယ်စုကိုတော့ သစ်နဲ့လုပ်တဲ့ ပရိဘောဂတွေက မျှရတာပေါ့။ မျှရတော့ ဦးတို့အနေနဲ့ ဘယ်လိုလုပ်လဲ ဆိုတော့ ကျွန်းကတော့ ဟုတ်တယ် ကျွန်းကုန်ကြမ်းက ဈေးကြီးတယ်။

ကျွန်းရဲ့ ပရိဘောဂ ဈေးမြင့်လာတယ်။ အဲတော့ ကျွန်းအစား ဦးတို့က သစ်ပဲ လုပ်ချင်တာ လုပ်တတ်တာကိုး။ ဦးက အခြားသစ်မာတွေကို လုပ်ချင်တယ်။ လွန်ခဲ့တဲ့ လေးနှစ် ငါးနှစ်လောက်က စပြီး အဲဒီ အခြားသစ်မာတွေကို လုပ်တဲ့အခါမှာ အခက်ခဲတော့ နည်းပါး ရှိတာပေါ့။ ဒါပေမယ့် မဆိုးပါဘူး နိုင်ငံတကာမှာလည်း ကျွန်းရယ်လို့ မဟုတ်ဘူး။ သစ်နဲ့ ပရိဘောဂတွေ ထုတ်နေကြတာပဲလေ။ ရာဘာနဲ့လည်း ထုတ်တယ်။

အခြားဒေသထွက်တဲ့ သစ်တွေနဲ့လည်း ထုတ်နေတာပဲလေ။ ဦးတို့ဆီမှာလည်း ဒါဟာ မရစရာ အကြောင်းမရှိဘူးလေ။ အဲတော့ ဦးတို့က ဒါတွေကို သစ်မာကတော့ ကျွန်းလို့တော့ သုံးလို့မလွယ်ဘူး။ treatment လုပ်ရတယ်။ KD  လုပ်ရတယ်။ ဈေးကွက်လေးက မဆိုးတဲ့ အခြေနေမှာတော့ ရှိတာပေါ့နော်။

မေး - ဟုတ်ကဲ့ပါရှင့်။ အာဆီယံ စီးပွားရေး အသိုက်ဝန်းပေါ့နော်။ AEC ကလည်း နီးလာပြီ ရှင့်။ ဒီလိုနီးလာတဲ့ အချိန်ကျလို့ရှိရင် ဒေသတွင်းနိုင်ငံတွေကနေ ပြီးတော့ သူတို့ဆီက အရည်သွေးကောင်းကောင်းနဲ့ ကျွမ်းကျင်လုပ်သားတွေကို အခြေခံပြီးတော့ ပစ္စည်းတွေကို ဈေးလာရောင်းတော့မယ် ရှင့်။ အဲဒီအပေါ်မှာ အန်ကယ် စိုးရိမ်ပူပန်မှုများ ရှိနေလားရှင့်။

ဖြေ - ဒါနည်းနည်းတော့ စိုးရိမ်ရတာပေါ့လေ။ ဒါတော့ ဘယ်လုပ်ငန်းရှင် မဆိုပေါ့နော်။ အခြား နယ်ပယ်မှာလည်း ဒီလိုပဲ ရှိမှာပဲ။ အဲတော့ ဦးတို့ဘက် ပြင်ဆင်ထားသင့်တာကတော့ ကိုယ့်ရဲ့ အရည်သွေးကို ဒီထက်ပိုကောင်းအောင် ခုကတည်းက စပြီး ကြိုးစား လုပ်ဆောင်ရမယ်။ နောက်ပြီးတော့ ကုန်ကြမ်းကလည်း အဆင်ပြေစွာ ရလာပြီဆိုတော့ နိုင်ငံတကာနဲ့ ယှဉ်တဲ့အခါမှာ သူတို့လာမှာ ဆောလစ်ကတော့ နည်းမယ်။ MTS  တွေပါမယ်။ ပလပ်စတစ်တွေ ပါမယ်။ ကြိတ်သားတွေ ပါလာမယ်။

ဆိုဖာတွေ ပါလာမယ်။ ဆိုတော့ အဲဒါတွေနဲ့ ဒေသမှာ လုပ်နေတဲ့ ပရိဘောဂဟာ နည်းနည်းတော့ ကွာတယ်။ ဦးတို့ နိုင်ငံက မိရိုးဖလာက သစ်သားကို ကြိုက်တယ်။ ကျွန်းကို ကြိုက်တယ်။ ဒါပေမယ့် သူတို့လာမယ့် Market  နဲ့ ဒီမှာ သုံးစွဲသူ customer တွေကလည်း အများကြီး ဖြစ်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ဒိုတွေ တိုက်ခန်းတွေ ရုံးခန်းတွေ ဟိုတယ်တွေ စားသောက်ဆိုင်တွေ အများကြီး ဖြစ်လာပြီဆိုတော့ ဒီ furnisher တွေက ဈေးကွက်ကြီးကလည်း ရှိလာမှာပဲ။ ဦးတို့ ဈေးကွက်ကလည်း သူဟာသူ ရှိနေမယ်။ နိုင်ငံတကာက လာတဲ့ ဈေးကွက်က သူဟာနဲ့ သူရှိနေမယ်လို့ ဦးတို့ကတော့ ထင်ပါတယ်။

ဟုတ်ကဲ့ပါ ဦးဉာဏ်ဝင်း ခုလို 7 Mins  အစီစဉ်ကို အချိန်ပေးပြီး ဖြေကြားပေးတာ ကျွန်မတို့ အစီစဉ်ကနေ ကျေးဇူးတင်ပါတယ်။
ဦးတို့ကလည်း ခုလို သစ်အခြေခံ ပရိဘောဂ လုပ်ငန်း ရှင်တွေရဲ့ ကိုယ်စား ဖြစ်ပျက်နေတဲ့ အခြေနေတွေကို ပြောခွင့်ရတဲ့အတွက် အများကြီးပဲ ဝမ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly