ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယလေတပ် အခြေစိုက်စခန်းတွင် အပြန်အလှန်တိုက်ပွဲဖြစ်

ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိယလေတပ် အခြေစိုက်စခန်းတွင် အပြန်အလှန်တိုက်ပွဲဖြစ်

နယူးဒေလီ၊ ဇန်နဝါရီ ၃ ။              ။ ပါကစ္စတန်နယ်စပ်အနီးရှိ အိန္ဒိယလေတပ် အခြေစိုက်စခန်းတစ်ခုကို လက်နက်ကိုင်တစ်စုလာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကိုင် ငါးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ပတ်သန်ကော့လေတပ်စခန်းတွင် ဇန်နဝါရီ ၂ ရက်က တိုက်ပွဲ ၁၄ နာရီကြာဖြစ်ပွားခဲ့သည်။ တိုက်ပွဲအပြီး ညနေပိုင်း၌ စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအပြည့်ချကာ တပ်လှန့်ထားသည်။

လေတပ်စခန်းဝင်းအတွင်းသို့ အိန္ဒိယစစ်ယူနီဖောင်းများဝတ်ဆင်ကာ လက်နက်ကိုင်များက ဝင်လာခဲ့ကြခြင်းဖြစ် သိရသည်။

ယခုတိုက်ခိုက်မှုက အိန္ဒိယနှင့် ပါကစ္စတန်ခေါင်းဆောင်နှစ်ဦးဖြစ်သည့် မိုဒီနှင့် ရှာရစ်တို့က အံ့သြဖွယ်ငြိမ်းချမ်းအစပျိုးအဖြစ် လာဟိုးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားလာသည့် တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်။

မည်သည့်အုပ်စုကမျှ ယခုတိုက်ခိုက်မှုအား လုပ်ဆောင်ကြောင်း ကြေညာခြင်းမရှိသေးပေ။ ယင်းတိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယိုင်လဲအောင် ကြံစည်တိုက်ခိုက်ခြင်းလည်း ဖြစ်ဖွယ် ရှိသည်။

ပန်ဂျပ်ပြည်နယ်တစ်ခုလုံးကို လုံခြုံရေးတပ်လှန့်ထားသည်။ လေတပ်စခန်းပတ်လည် နယ်မြေများကို စစ်သားများ လှည့်ကင်းစောင့်ကြပ်လျက်ရှိနေသည်။

"ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမယ့် အိန္ဒိယမြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာရင်တော့ ပြန်ပြီးတုံ့ပြန်သွားမှာပဲဖြစ်ပါတယ်။"ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး ရာနက်ဆင်းက ပြောသည်။

ပါကစ္စတန်နိုင်ငံဖက်ကလည်း ယခုတိုက်ခိုက်မှုအား အပြစ်တင်ပြောကြားပြီး အကြမ်းဖက်တိုက်ခိုက်ခြင်းတစ်ရပ်ဖြစ်ကြောင်းဆိုကာ အိန္ဒိယနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်သာ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly