“ဥပဒေမဲ့ Without ကား စီးမလား၊ ကျောက်ခေတ်ကို ပြန်သွားမလား”

“ဥပဒေမဲ့ Without ကား စီးမလား၊ ကျောက်ခေတ်ကို ပြန်သွားမလား”
ထိုင်းနိုင်ငံထုတ် ဆူပါကာစတန် ( Pick Up) ကားများအား ထိုင်းနိုင်ငံမှာ ရေကြောင်းခရီးဖြင့် ကွန်တိန်နာနှင့် တင်ပို့သည်ကို ရန်ကုန်မြို့ အေးရှားဝေါ ဆိပ်ကမ်းတွင် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္စျိမ

အခုရက်ပိုင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့ကိစ္စ တစ်ခု ကတော့ ထိုင်းဘက်ကနေ သွင်းလာတဲ့ လိုင်စင်မဲ့ Without ကား ပြသနာပါ။ ကရင်ပြည်နယ် ဘက်မှာ တော့ လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့ကစ ဖမ်းမယ် ဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး မွန်ပြည် နယ်ဘက်မှာလည်း အလားတူ ဖမ်းဆီးမယ် ဆိုတဲ့အကြောင်း သက်ဆိုင်ရာက ကြေငြာထားပါတယ်။

ဒီအတွက်လည်း Without ကားပိုင်ဆိုင်သူတွေဟာ ကားတွေကို လက်လွဲှရောင်းတာ၊ တစ်ချို့ ကျေးရွာ တွေဆီ ပို့ထားတာ၊ တစ်ချို့လည်း ဘုန်းကြီးကျောင်းလို နေရာမျိုးမှာ သွားအပ်တာ လုပ်ကြပါတယ်။ ဒီလို အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၄ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဓိပ္ပါယ်မဲ့တဲ့ ဒီ Without ကား ပြဿနာ ခုထိ မပြေလည်သေးဘူးလားဆိုတာ ဒီကနေ့ ဆွေးနွေးပြသွားပါ့မယ်။

လက်ရှိ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်က Without ကား ပြဿနာတွေ မပြောခင် အရင် စစ်အာဏာရှင် ခေတ်တုန်းက Without ကားပြဿနာကို အရင် ရှင်းပြပါ့မယ်။ အားလုံးသိကြပြီ ဖြစ်တဲ့ အတိုင်း ၁၉၈၈ မှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပြီး အဲဒီအချိန်က မဆလ တစ်ပါတီ အာဏာရှင် ဦးနေဝင်းဟာ စစ်တပ်ကို အာဏာလွဲှပေးခဲ့ပါတယ်။ အဲဒီ အချိန် တက်လာတဲ့ စစ်အစိုးရဟာ တိုင်းပြည်ကို ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးမယ်၊ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။

အစောပိုင်းကာလ တွေမှာတော့ ပြည်ပကနေ ကားတင်သွင်းခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းမှာ လက်ကျာကပ်မောင်းစနစ် ကျင့်သုံးနေပေမယ့် လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်း ဂျပန်တစ်ပါတ်ရစ် ကားတွေကိုပါ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကားတင်သွင်းခွင့်ပေးခဲ့လို့ ပြည်သူ တွေအနေနဲ့ ကားတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အသုံးပြုနိုင်ရုံမက ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ တရုတ်နိုင်ငံဘက်ကိုတောင် ဂျပန် တစ်ပါတ်ရစ်ကားတွေကို ခိုးပြီး တင်သွင်းတဲ့ အဆင့်ထိ ရောက်ခဲ့ ပါတယ်။ တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ လက်ကျာကပ်မောင်း လမ်းစနစ် တူတာမို့ ညာဂိုင်း ဂျပန်တစ် ပါတ်ရစ်ကားတွေကို ဒီအတိုင်း ရောင်းစားလို့တော့ မရပါဘူး။ ဂျပန်တစ်ပါတ်ရစ် ညာဂိုင်းကားတွေကို မန္တလေးမှာ ဘယ်ဂိုင်းကားတွေအဖြစ်ပြောင်း၊ ပြီးမှ တရုတ်ပြည်၊ ယူနန်ပြည်နယ်မှာ သွားရောင်းကြ တာပါ။

နောက်ပိုင်း စစ်အစိုးရဟာ ပြည်ပကနေ ကားတင်သွင်းခွင့် ပိတ်ပင်ပါတယ်။ ပြည်တွင်းမှာ ကားထုတ်လုပ်ကြဖို့ နှိုးဆော်တဲ့အတွက် ဘော်ဒီလောက် ထုတတ်သူတွေက ကားထုတ်တဲ့ အလုပ် ရုံတွေ ထောင်ကြပါတယ်။ တစ်ချို့က ကလေးကစားစရာ သာသာကားတွေ ထုတ်လုပ်ပြီး တစ်ချို့က တော့ ခိုးသွင်းလာတဲ့ကားတွေကို အကြံအဖန်လုပ်၊ စက်မှုဇုံထုတ် ကားတွေအဖြစ် ရောင်းစားကြပါ တယ်။ အဲလိုအချိန် ၁၉၉၄ ပတ်ဝန်းကျင်လောက် အရောက်မှာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အဖွဲ့တစ်ချို့ကလွဲရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အတော်များများ အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ် ငြိမ်းချမ်းရေး ယူပြီးခဲ့ပါပြီ။

အဲဒီအဖွဲ့တွေ မြို့ပေါ်ရောက်လာပေမယ့် မြို့ပေါ်က ကားဈေးနှုန်းနဲ့ မှတ်ပုံတင်ပြီးသား ကားကို မသုံးနိုင်ကြပါဘူး။ ဒီကိစ္စ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကို တင်ပြတဲ့အခါ ထောက်လှမ်းရေးက လက်နက်ကိုင် အဖွဲ့အစည်းတွေ သုံးတဲ့ Without ကားတွေကို နားလည်မှုနဲ့ တစ်ချို့ကို ထောက်ခံစာနဲ့ ခွင့်ပြုပေးပါတယ်။ နောက်ပိုင်း လက်နက်ကိုင် အဖွဲ့အစည်း တွေကိုယ်တိုင် Without ကားတွေသွင်း၊ သူတို့ဖာသာ သူတို့ လုပ်ထားတဲ့ ထောက်ခံစာတွေနဲ့ မြို့ပေါ် အထိ တက်သုံးလာကြပါတယ်။

ဒီလိုနဲ့ နောက်ပိုင်း နယ်စပ်ကနေ ဈေးသက်သက်သာသာနဲ့ ဝင်လာတဲ့ Without ကားတွေကို စစ်အရာရှိတွေ၊ ဌာနဆိုင်ရာ အရာရှိကြီးတွေကလည်း သုံးလာကြပါတယ်။ နောက်ပိုင်း မြို့ပေါ်မှာ အဆင့်ဆင့်ရောင်းဝယ်ကြရင်း ဈေးကွက်တစ်ခုဖြစ်လာ၊ တစ်နိုင်ငံလုံး ပျံ့နှံ့လာပါတယ်။ အဲဒီအချိန်က စစ်အစိုးရဟာ အဲလိုပဲ တရားမဝင် သွင်းလာတဲ့ Without ဆိုင်ကယ်တွေကို မကြာခဏ တရားဝင် လိုင်စင် ပြန်ပြန် လုပ်ပေးနေလေတော့ Without ကားတွေကိုလည်း တစ်နေ့နေ့ လိုင်စင် လုပ်ပေးလိမ့် မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ စစ်အစိုးရဟာ ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကို ခြေမှုန်းလိုက်တာနဲ့အတူ ထောက်လှမ်းရေးနဲ့ အတူ ပေါ်ပေါက်လာတဲ့ Without ကားတွေ ကိုလည်း ဖမ်းဆီး အရေးယူဖို့ လုပ်ပါတော့တယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကတော့ သူတို့ သုံးနေတဲ့ Without ကားတွေကို အသိမ်းမခံပါဘူး။ သူတို့နယ်မြေထဲ ပြန်မောင်းသွားကြသလို အဲဒီကိစ္စနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့လည်း တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ မြို့ပေါ်မှာ ရှိနေတဲ့ ဘုန်းတော်ကြီးတွေနဲ့ အများပြည်သူ လက်ထဲရောက်နေတဲ့ Without ကားတွေကိုတော့ သက်ဆိုင်ရာ သွားအပ်ကြဖို့၊ မအပ်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ့်အကြောင်း နည်းမျိုးစုံနဲ့ ကြေငြာချက် ထုတ်ပြီးနောက် Without ကားတွေ အားလုံးကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးက သိမ်းခဲ့တဲ့ ကား အစီးရေ တစ်သောင်းခွဲကျော်ရှိတယ်လို့ သိရပြီး အားလုံးကို စစ်တပ်နဲ့ ဝန်ကြီးဌာနတွေ က ခွဲဝေယူလိုက်ကြပါတယ်။ တစ်ချို့ကို လေလံတင်ရောင်းချပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူ တွေလက်ထဲ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ ကားတွေကို ဓားပြတိုက်ယူလိုက်တဲ့ သဘောပါပဲ။ အဲဒီနောက်ပိုင်းမှာလည်း အစိုးရဟာ ကားတင်သွင်းခွင့်ပြသနာကို ကောင်းကောင်း ဖြေရှင်းပေးတာ တော့ မဟုတ်ပါဘူး။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာတော့ ကားတင်သွင်းခွင့် နည်းနည်း ဖွင့်ပေးလိုက် ပါတယ်။ ကားစီးဖို့ ငတ်မွတ်နေကြတဲ့ မြို့နေလူတန်းစား အများအပြားဟာ သိန်း ၁၀၀ ဝန်းကျင် လောက်တန် တဲ့ အင်ဂျင်ပါဝါနိမ့် ကားတွေဝယ်စီးကြရင်း ရန်ကုန်မှာ ကားကြပ်တဲ့ ပြဿနာပေါ်ပါ တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် အစရှိုတဲ့ နေရာတွေမှာတော့ ကားက ရှားနေဆဲပါ။ ပြည်သူတွေ အသုံးပြုရင် သင့်တော်မယ့် ပစ်ကပ်လို ကားမျိုးတစ်စီး ကျပ်သိန်း ၁၅၀ နဲ့ ၂၀၀ အကြား ဘယ်သူမှ ဝယ်မစီးနိုင် ကြပါဘူး။ ဒီအတွက် နယ်စပ်ဧရိယာတွေမှာ ထိုင်းဘက်ခြမ်းက လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ တစ်စီး ကျပ်သိန်း ၂၀ ပတ်ခြာလည် ပဲပေးရတဲ့ ဂျပန်တစ်ပါတ်ရစ် ကားတွေကိုပဲ လွယ်လွယ် သုံးလိုက်ကြပါ တယ်။ အဲဒီ ဧရိယာက လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း Without ကားတွေချည်း သုံးတာပါပဲ။

တကယ်တော့ အစိုးရအနေနဲ့ ဆင်းရဲတဲ့ ပြည်နယ်တွေမှာ ပြည်သူတွေဟာ ဘာကြောင့် Without ကား သုံးသလဲ အဖြေရှာဖို့ လိုပါတယ်။ ကားတင်သွင်းခွင့် ပေါ်လစီ ချမှတ်ရာမှာ၊ အခွန် ကောက်ခံရာမှာ ရန်ကုန် တစ်ခုတည်းကို မကြည့်ပဲ တစ်ပြည်လုံးကို ကြည့်ဖို့ လိုပါတယ်။ အခု အစိုးရရဲ့ မှားယွင်းနေတဲ့ ကားတင်သွင်းမှု ပေါ်လစီကြောင့် ကားဈေးတွေဟာ နဂိုကထက် မြင့်တက်နေတာ လူတိုင်းအသိပါ။ ဒီကြားထဲ နယ်တွေမှာ Without ကား နှိမ်နင်းဖို့ လုပ်တာဟာ ချိန်ကိုက် လုပ်သလား လို့တောင် ယူဆ ရပါတယ်။ အဲဒီမှာ Without ကားတွေ ဖမ်းလိုက်ရင် ဆင်းရဲသား ပြည်သူတွေဟာ မှတ်ပုံတင်ထားတဲ့ ဈေးအလွန်ကြီးမြင့်တဲ့ ကားတွေကို ဝယ်စီးလာကြမှာတော့ မဟုတ်ပါဘူး။ ဥပဒေကို မလိုက်နာပဲ Without ကားကို ခိုးကြောင်ခိုးဝှက် ဆက်စီးရင်စီး၊ မစီးရင် ကျောက်ခေတ်သာသာ ဘဝမျိုးနဲ့ ဆက်နေရဖို့ပဲ ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima Weekly