နေတိုး နှင့် ဗီယက်နမ်မင်းသမီးတို့ မတ်လတွင် ဇာတ်ကား ရိုက်ကူးရေး စတင်မည်

နေတိုး နှင့် ဗီယက်နမ်မင်းသမီးတို့ မတ်လတွင် ဇာတ်ကား ရိုက်ကူးရေး စတင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂ ။        ။ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နှင့် ရိုက်ကူးရန် စီစဉ်ထားသည့် ရုပ်ရှင် ဇာတ်ကားကြီးကို ဇာတ်လမ်း ရွေးချယ်ပြီးပြီ ဖြစ်သည့် အတွက် မတ်လတွင် Myanmar Media 7 မှ စတင် ရိုက်ကူးတော့မည် ဖြစ်သည်။  

Myanmar Media 7 မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ မင်းသမီး ငုရင်ထရန်ဟုရန်မေ တို့နှင့် ရုပ်ရှင် ဇာတ်ကား ရိုက်ကူးရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလတွင် သရုပ်ဆောင် နေတိုးမှ သြစတြေးလျ ခရီးစဉ် ရှိနေသည့် အတွက် ဇာတ်ကား ရိုက်ကူးရန် မတ်လသို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။

Myanmar Media 7 မှ ကိုဝေမင်းမောင် က "ဖေဖော်ဝါရီလထဲမှာ ရိုက်ဖို့ စီစဉ်ထားတာ ကိုနေတိုးက နှင်းဆီအငြိမ့် အတွက် သြစတြေးလျကို သွားဖို့ရှိတဲ့အတွက် ၃လပိုင်း ၄လပိုင်းမှာ ညှိပြီးလုပ်မယ်။ ဇာတ်လမ်းက ရွေးပြီးသွားပြီ သည်ခေတ်နေရဲ့ ဇာတ်ညွှန်းကို ရိုက်မယ်။ အစက ပရဟိတ အချစ် ရိုမန့် ပုံစံမျိုး ရိုက်ချင်တာ။ ဒါပေမယ့် အဲတာက နာဂစ်တို့ ရေဘေး တို့ကို အခြေခံထားတာဆိုတော့ အဆင်မပြေတဲ့ အတွက် အချစ် ရိုမန့် ရိုက်မယ်ဆိုပြီး ပြောင်းလိုက်တာပါ" ဟု ပြောသည်။

ထို ရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်လမ်းကို ဒါရိုက်တာ သည်ခေတ်နေမှ ရေးသားပေးထားပြီး ဒါရိုက်တာကတော့ ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကို ရိုက်ကူး ပုံဖော်ခဲ့သည့် ထိုင်းဒါရိုက်တာမှ ပုံဖော် ရိုက်ကူးသွားမည် ဖြစ်သည်။

ဇာတ်လမ်း အကြောင်းအရာမှာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် တစ်ဦး အဖြစ် အကယ်ဒမီ နေတိုးမှ သရုပ်ဆောင်မည်ဖြစ်ပြီး ၎င်း မှ ဗီယက်နမ် မင်းသမီးကို ဘေလ်ဘုတ်ကြော်ငြာများတွင် တွေ့ရာမှ  လုပ်ငန်းရှင် တစ်ယောက်အနေဖြင့် ဗီယက်နမ် မင်းသမီးကို ကြော်ငြာ ရိုက်ကူးဖို့ အတွက် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ရင်း ၎င်းတို့ နှစ်ဦးကြားမှ ဖြစ်ပေါ်လာသည့် အချစ် ဇာတ်လမ်းတစ်ခု ဖြစ်သည်။

ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ရက်က မြန်မာမီဒီယာများ နှင့် လာရောက်တွေ့ဆုံခဲ့သလို Media 7 မှ ရိုက်ကူးမည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်မည် ဖြစ်သည်။
 
ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေ သည် Media 7 နှင့် အနုပညာလှုပ်ရှားမှု၊ ပရဟိတလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်ရန် အတွက် ဗီယက်နမ် နိုင်ငံတွင် အောက်တိုဘာလ (၁၀) ရက်က Media 7 မှ တာဝန် ရှိသူများနှင့် စာချုပ်ချုပ်ဆို ထားသူ တစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly