ရိုဟင်ဂျာဆိုသူများ၏ စာတမ်းဖတ်ပွဲ အစိုးရတားမြစ်

ရိုဟင်ဂျာဆိုသူများ၏ စာတမ်းဖတ်ပွဲ အစိုးရတားမြစ်

ရန်ကုန်၊ ဇန်နဝါရီ ၂ ။ ။ ရိုဟင်ဂျာဆိုသူများ၏ မူလရင်းမြစ်နှင့် တိုင်းရင်းသားဖြစ်တည်မှုဆိုကာ စာတမ်းဖတ်ပွဲ ကျင်းပရန် စီစဉ်ခြင်းကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။

ဘင်္ဂလားဒေ့ရ်ှနယ်စပ် ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်သည့် ရိုဟင်ဂျာဆိုသူများအား မြန်မာနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခြင်းမရှိဘဲ နိုင်ငံသားဖြစ်ခွင့်ကို လက်မခံပေ။

ရန်ကုန်တွင် ကျင်းပရန်စီစဉ်သည့် ယင်းစာတမ်းဖတ်ပွဲကို ပြည်သူများကြား စိတ်ဆိုးဒေါသများ ထပ်မံပေါ်ပေါက်နိုင်သည့် စိုးရိမ်မှုကြောင့် အစိုးရက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ဖော်ပြသည်။

"ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သမ္မတကလည်း လက်မခံပါ။ ရိုဟင်ဂျာလို့ ပြောသူများက အိမ်နီးချင်းနိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဘင်္ဂလီများပဲဖြစ်တယ်ဆိုတာ သမ္မတကြီးက ပြောထားပြီးပါပြီ။ ဒါကြောင့် ဒီလို စာတမ်းဖတ်ပွဲက မလိုလားအပ်ပါဘူး။ လူတွေကြား စိတ်ဆိုးဒေါသတွေ ဖြစ်လာစေလိမ့်မှာဖြစ်တယ်။" တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာဟုဆိုကြသူ တစ်သန်းကျော်ထက်မနည်း ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားသည့် ပဋိပက္ခများကြား ရာပေါင်းများစွာ သေဆုံးခဲ့ကာ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ရသူပေါင်း ၁၄၀,၀၀၀ ကျော်ခန့်ရှိသည်။

ရိုဟင်ဂျာဆိုသူများအရေးတွင် တစ်ချို့လူအခွင့်အရေးအဖွဲ့များက ခွဲခြားဆက်ဆံခံရသည့် လူနည်းစုများဖြစ်သည်ဟု ပြောကြသော်လည်း  ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းများသာဖြစ်သည်ဟု မြန်မာနိုင်ငံက ပြန်လည်တုံ့ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly