မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ(ဂျုဗင်တပ် - ဗီရိုနာ)

02 January 2016
မဇ္စျိမရဲ့အလှဆုံးပွဲကဏ္ဍ(ဂျုဗင်တပ် - ဗီရိုနာ)

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ စီးရီးအေပွဲစဉ်(၁၈) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျုဗင်တပ်နဲ့ ဗီရိုနာ ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

ဂျုဗင်တပ် - ဗီရိုနာ

(၆-၁-၂၀၁၆ ဗုဒ္ဓဟူးနေ့ည ၀၈း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

ဗီရိုနာ ၂ - ၂ ဂျုဗင်တပ် (၃၀.၅.၁၅ စီးရီးအေ)

ဂျုဗင်တပ် ၄ - ၀ ဗီရိုနာ (၁၉.၁.၁၅ စီးရီးအေ)

ဂျုဗင်တပ် ၆ - ၁ ဗီရိုနာ (၁၆.၁.၁၅ ကိုပါအီတာလီယာ)

ဂျုဗင်တပ်

ဂျုဗင်တပ်အသင်း အဆင့် ၄နေရာကို ပြန်တက်လာနိုင်ပါပြီ။ အင်တာမီလန်နဲ့ သုံးမှတ်ပဲကွာတော့တယ်။ ရာသီအစတုန်းကခြေစွမ်းကျခဲ့ပေမယ့် အခုခြေစွမ်းပြန်မှန်ပြီး စီးရီးအေ ၇ပွဲဆက်အနိုင်ရထားတယ်။ ရာသီအစတုန်းက မနှစ်ကအဓိကကစားသမားတွေဖြစ်တဲ့ တီဗက်ဇ်၊ ဗီဒယ်၊ ပီယာလိုတို့အသင်းကထွက်သွားလို့ အထိုင်ပျက်ပြီးရုန်းကန်ခဲ့ရတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေလာပြီ။ အသစ်ရောက်ခလတဲ့ ခီဒီရာ၊ မန်ဇူကစ်၊ ဒိုင်ဘာလာ၊ တို့တဖြည်းဖြည်းနဲ့ လူဟောင်းတွေနဲ့နားလည်မှုရှိသွားပြီ။ ဒါကြောင့်လည်း ခြေစွမ်းပြန်မှန်လာတာပါ။

မနှစ်ကအသင်းအတွက်အားထားရတဲ့ တိုက်စစ်မှူး မိုရာတာကတော့ ခြေစွမ်းနဲနဲကျနေတယ်။ ဒါပေမယ့်အသစ် ရောက်လာတဲ့ မန်ဇူကစ်နဲ့ဒိုင်ဘာလာက စီးရီးအေမှာနှစ်ယောက်ပေါင်း ၁၄ဂိုးအထိသွင်းထားတယ်။ ကွင်းလယ်ပိုင်းကလဲ ဖန်တီးမှုအားကောင်းပြီး ကစားပုံက အရင်ခြေစွမ်းမျိုးပြန်ရနေပါတယ်။ နောက်တစ်ချက်က အိမ်ကွင်းရလဒ်ပိုင်းပါ။ အိမ်ကွင်းနောက်ဆုံး ၅ပွဲဆက်အနိုင်ထားတယ်။

ဗီရိုနာ

ဗီရိုနာကတော့ အဆင့် ၂၀၊ ဒီရာသီနိုင်ပွဲလုံးဝမရထားတဲ့အသင်း။ နောက်တစ်ချက်က တိုက်စစ်က ၁၂ဂိုးပဲရထားတယ်။ စီးရီးအေမှာတိုက်စစ်အားအနည်းဆုံးအသင်းဖြစ်နေပြီး ဗီရိုနာနဲ့ပတ်သက်ရင် အချက်အလက်တွေ အဆိုးတွေချည်းပဲ။ အဝေးကွင်းလဲနိုင်ပွဲမရှိဘူး။ ၄ပွဲသရေ၊ ၄ပွဲရှုံးထားတယ်။

အသင်းမှာလည်း လူသိတဲ့ကစားသမားတွေဆိုလို့ လူကာတိုနီ၊ ပက်ဇီနီတို့ပဲရှိတယ်။ ဒါပေမယ့် လူကာတိုနီက ၃၈၊ ပက်ဇီနီက ၃၁ ဆိုတော့ သက်ကြားအိုတွေမှီခိုနေရသလိုဖြစ်နေတယ်။ ဒီရလဒ်နဲ့ ကစားပုံအတိုင်းသာ ဆက်သွားရင် တန်းဆင်းရဖို့သေချာသလောက်ရှိနေပါတယ်။

သုံးသပ်ချက်

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဗီရိုနာကွင်းမှာ သူတို့နှစ်သင်းဆုံတော့ ၂ဂိုးစီသရေကျထားတယ်။ ဒါပေမယ့် ဂျုဗင်တပ်ကွင်း မှာတော့ ၄-ဝနဲ့ဂျုဗီအနိုင်ရထားတယ်။ ကိုပါအီတာလီယာပြိုင်ပွဲမှာတော့ ၆-၁နဲ့ ဂျုဗင်တပ်က အနိုင်ရထားတယ်။ ထူးခြားချက်ကတော့ ဂျုဗီအိမ်ကွင်းမှာတွေ့တိုင်းဗီရိုနာက အရှုံးချည်းပဲ။ ဒီအချက်ကို ကြည့်မယ်ဆိုရင်တော့ ဂျုဗင်တပ်က အသာကြီးပဲ။

ထူးခြားတဲ့အချက်အလက်ကတော့ ဗီရိုနာက ဒီရာသီ စီးရီးအေမှာ ၁ပွဲသရေကျပြီးရင် ၁ပွဲပြန်ရှုံးတယ်။ အခုထိမမှားသေးဘူး။ ဒီပွဲမတိုင်ခင် မီလန်နဲ့ ၁ဂိုးစီသရေကျထားတော့ ကလင်ဒါကျအရဆိုရင် ဒီပွဲက ဗီရိုနာရှုံးရမယ့်အလှည့်။ ဒါကြောင့်ဒီပွဲမှာ ဂျုဗင်တပ် ဂိုးပြတ်အနိုင်ရဖို့သေချာနေပါတယ်။

အလှဆုံးပွဲရွေးချယ်မှု - ဂျုဗင်တပ်

ခန့်မှန်းသွင်းဂိုး - ဂျုဗင်တပ် ၃ - ၀ ဗီရိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly