ပျားလိမ္မော် အထွက်တိုးဖို့ ဘယ်လို စိုက်ပျိုးမလဲ

01 January 2016
ပျားလိမ္မော် အထွက်တိုးဖို့ ဘယ်လို စိုက်ပျိုးမလဲ

လိမ္မော်သီးဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ နှစ်သက်စွာစားသုံးရတဲ့အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ အရည်ရွှမ်းပြီးအရသာ ချိုမြတဲ့အတွက် စားသုံးရာမှာလည်း ခံတွင်းတွေ့စေတဲ့အပြင် ကျန်းမာရေးကို လည်းများစွာ အထောက်အကူပြုပါတယ်။ လူကြီးမိဘ၊ ဆရာသမားတွေကို ကန်တော့တဲ့အခါမှာလည်း မျက်နှာပန်းလှတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

လိမ္မော်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အအေးမိနှာစေးခြင်း၊ တုတ်ကွေးဖြစ်ခြင်း၊ သွေးယိုစီးခြင်း၊ မကြာခဏ သွေးလွန်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာ သန်စွမ်းစေပြီး အသက်ရှည်လိုပါက လိမ္မော်သီးကိုနေ့စဉ်ပုံမှန် စားသုံးသင့်ပါတယ်။

လိမ္မော်သီး ဖျော်ရည်ကလည်း အခြားအသီးဖျော်ရည်များထက် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ လူရဲ့ ခန္ဓာကိုယ်မှာ အစာခြေဖျက်နိုင်မှုစွမ်းအား ဆိုးဆိုးရွားရွားခက်ခက်ခဲခဲ ကြုံတွေ့နေရတဲ့ အချိန်မျိုးမှာ လည်း လိမ္မော်သီးကို စားသုံးပေးသင့်ပါတယ်။ လိမ္မော်သီးမှာ ကယ်ဆီယမ်နဲ့ ဗီတာမင်စီဓာတ်တို့ များစွာပါဝင်တဲ့အတွက် အရိုးနဲ့ သွားဘက်ဆိုင်ရာရောဂါများအတွက် အများဆုံးအထောက်အကူ ပြုပါတယ်။ သွားများတည်ဆောက်ပုံ ချို့ယွင်းချက်ဟာလည်း များသောအားဖြင့် ဗီတာမင်နှင့် ကယ်လ်ဆီယံဓာတ်တို့ ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် လိမ္မော်သီးကို လုံးလောက်စွာ စားသုံးပေးပါက အဲဒီဝေဒနာတွေဖြစ်ပွားခြင်းမှ ကျော်လွားနိုင်မှာပဲ ဖြစ်ပါတယ်။ ပျားလိမ္မော် စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး ပျားလိမ္မော်စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ ဦးခင်လှအောင်က အခုလိုပြောပြပါတယ်။

ပျားလိမ္မော်စိုက်တာကတော့ သက်တမ်းအားဖြင့် ၆ နှစ်ခွဲလောက်ရှိသွားပါပြီ၊  ပျားလိမ္မော်ချည်း သီးခြားစပြီးတော့ စိုက်ဖြစ်တာက ၆ နှစ် သက်တမ်းကျော်ကျော်လောက်ရှိသွားပါပြီ။ ပျားလိမ္မော်စိုက်တဲ့အခါကျတော့ ပျားလိမ္မော်နဲ့ ပတ်သက်ပြီးတော့ အစအဆုံးသိပြီးတော့ စိုက်ရတာမဟုတ်ဘူး၊ စိုက်ရင်းလေ့လာ၊ လေ့လာရင်းစိုက်၊ စိုက်ရင်းသင်၊ သင်ရင်းစိုက်နဲ့ အဲလိုပဲသွားရတာပေ့ါ။

အဲသလို သူကစိုက်လာတဲ့အခါ သေသေချာချာသတိထားတဲ့အခါ သူ့ရဲ့ လျှို့ဝှက်ချက်ကလေးတွေ၊  သစ်ပင်ရဲ့အနေအထား သစ်ပင်နဲ့တစ်ပြေးညီပေါ့နော်။ ဘဝကိုတစ်ခါတည်း သစ်ပင်နဲ့ တစ်ပြေးညီဖြတ်သန်းတဲ့အခါကျတော့ သစ်ပင်ရဲ့လျှို့ဝှက်ချက်ကလေး တွေ၊ နောက်ပြီးတော့ တကယ်ဖုံးနေတဲ့ အရာလေးတွေ၊ သွယ်ဝိုက်ပြီးတော့ မသိတဲ့ဟာလေးတွေ အဲဒီ လျှို့ဝှက်ချက်လေးတွေ မြင်သွားတာပေ့ါ။ မြင်သွားတဲ့အခါကျတော့ ကျန်တဲ့အပိုင်းလေးတွေလည်း သုံးသပ်နေရင်းနဲ့ အဆင်ပြေဖြစ်သွားတာပေ့ါ။

ပျားလိမ္မော်ကတော့ အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက်ကြားဆိုရင် ပိုပြီးတော့ သင့်မြတ်ပါတယ်။ အဲဒီထက် နည်းနည်းပါးပါးကျော်လို့ရှိရင် တော့ တစ်ခါတစ်လေ နွေးပိုင်းကျရင် အသီးလေးတွေ နေလောင်တာတို့ ဘာတို့ဖြစ်တယ်။ နောက်တစ်ခါ မြေရဲ့အနေအထားကတော့ pH ၅.၅ နှင့် ၇.၅ မှာဆိုရင်တော့ အကောင်းဆုံးပါပဲ။ သို့သော်လည်း သူ့ထက်နည်းနည်းပါးပါးနိမ့်တဲ့နေရာမှာလည်း စိုက်လို့ပျိုးလို့ရပါတယ်။ တစ်ခြားနည်း တွေနဲ့ပြန်ပြီး ဒေါက်ထောက်တာတို့ဘာတို့ အဲလိုဖြည့်သုံးရင်ရပါတယ်။ ဆိုလိုတာက pH သိပ်နိမ့်နေ တဲ့အခါကျလို့ရှိရင် တစ်ခြားနည်းတွေနဲ့ နည်းနည်းပါးပါးဝိုင်းကူပြီး ပြင်ပေးလို့ရပါတယ်။

ပျားလိမ္မော်တွေ စိုက်တဲ့နေ့ကစပြီးတော့ ပြုစုစောက်ရှောက်မှု မှန်မှန်ကန်ကန်နဲ့ ကောင်းခဲ့မယ်ဆိုလို့ရှိရင် သုံးနှစ်လောက်ဆိုလို့ရှိရင် အသီးစပြီဝင်ပါတယ်။ သုံးနှစ်လောက်မှာတော့ ၁၅၀၊ ၂၀၀ လောက် သီးမယ်၊ လေးနှစ်လောက်ကြာလို့ရှိရင် သူက ၄၀၀၊ ၅၀၀ လောက်သီးလာမယ်၊ ငါးနှစ်ဆိုရင် ၇၀၀၊ ၈၀၀ လောက်သီးလာမယ်။ ခြောက်နှစ်နှင့် ခြောက်နှစ်အထက်ဆိုလို့ရှိရင် သူက ၁၀၀၀ နဲ့ ၁၀၀၀ အထက်မှာ သီးပါတယ်။ နောက်တစ်ခုက သက်တမ်းအားဖြင့်ဆိုလို့ရှိရင်တော့ နှစ်သုံးဆယ်ဝန်းကျင်ပေါ့ အောက်ခံပင်က လျှောက်ရင်းနဲ့ခံမယ်ဆိုရင်တော့ အနှစ် ၂၀ ဝန်းကျင်လောက် ခူးနိုင်ပါတယ်။ အောက်ခံပင်က ရွက်သုံးလိမ္မော်နဲ့ အောက်ခံပင်လုပ်မယ်ဆိုလို့ရှိရင်တော့ နှစ် ၃၀ လောက် ခူးနိုင်ပါ တယ်။ နောက်ပြီးတော့ ဒုတ်ထောက်ရေပြင်ဘေးမှာလည်း ယနေ့အချိန်အခါအထိ နှစ် ၁၀၀ သက်တမ်းရှိတဲ့ လိမ္မောပင်အိုကြီးတွေ ရှိနေပါသေးတယ်။

သို့သော်လည်း ကျွန်တော်တို့ကတော့ ဒီမှာ နှစ် ၁၀၀ သက်တမ်းတို့၊ နှစ် ၅၀ သက်တမ်းတို့ဆိုတာ လောလောဆယ် သက်သေမပြနိုင်သေးဘူး။ လောလောဆယ် ဒါက စပ်မျိုးတွေဖြစ်တဲ့အခါကျတော့ နှစ် ၁၀၀ သက်တမ်း၊ ၅၀ သက်တမ်းဆိုတာ ကတော့ သက်သေကမပြနိုင်သေးဘူး။ ၃၀ လောက်တော့ ပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ နောက်အပင် သက်တမ်းတွေဆိုတဲ့နေရာမှာလဲ စိုက်တဲ့တောင်သူရဲ့ပြုစုစောင့်ရှောက်မှုပေါ့ ဥပမာ အစာမကျွေးဘူးဆိုလို့ရှိရင် အပင်သက်တမ်းက အိုသွားမှာပဲလေ၊ ဥပမာ ရေမလောင်းဘူးဆိုလည်း အပင်သက်တမ်းတိုသွားမှာပဲ၊ အဲဒီအခါကျတော့ အပင်သက်တမ်းကို နည်းနည်းရှည်ဖို့ဆိုတာက လူရဲ့ ဝိရိယပေ့ါ ဥပမာ ပိုးမွှားကင်းအောင်လုပ်ပေးမယ်။ မှိုရောဂါကင်းစင်အောင်လုပ်ပေးမယ်။ အစာအဟာရကိုလည်း ပြည့်စုံအောင်ကျွေးမယ်ဆိုရင် သူ့ရဲ့သက်တမ်းဟာလည်း ဒီထက်တိုးလာဖို့ ရှိနိုင်တာလဲ ယူဆပါတယ်။

လိမ္မော်သီးနဲ့ ပျားလိမ္မော်ကိုတော့ အရင်က ရှမ်းပြည်ဘက်မှာ အစိုက်များပါတယ်။ အခုအခါမှာ ဆိုရင်တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့မှာပါ စိုက်ပျိုးလာတာကို တွေ့ရပါတယ်။ ပျားလိမ္မော်ဟာ အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်နှင့် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကြားမှာ ကောင်စွာဖြစ်ထွန်းပါတယ်။ ရေရဲ့ pH ချဉ်ငန်ဓာတ် ၅.၅ နှင့် ၇.၅ ကြားမှာ ဆိုရင်တော့ အကောင်းဆုံးစိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးပြီး သုံးနှစ်အကြာမှာတော့ စတင်ခူးဆွတ်လို့ ရပါတယ်။ ပျားလိမ္မော်ရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၀ အထိ ခူးဆွတ်လို့ရပါတယ်။ ပျားလိမ္မော်က တော့ ပူနွေးစွပ်စိုတဲ့ ရသီဥတုမှာ စိုက်ပျိုးမယ်ဆိုရင်တော့ များစွာဖြစ်ထွန်းပါတယ်။ ပျားလိမ္မော် စိုက်ပျိုးပုံ အဆင့်ဆင့်ကိုတော့ ပျားလိမ္မော် စိုက်ပျိုးနေသူတစ်ဦးက လက်တွေ့အခုလို ပြသပေးခဲ့ ပါတယ်။

ဒါက အပင်ခူးတဲ့အခါမှာ အောက်ခံပင် ပျိုးထုပ်ထဲခူးတာမဟုတ်ပါဘူး။ ဒီအုန်းဆံမှုန့်က အုန်ဆံမှုန့် သီးသန့်ပေါ့နော်။ ပျိုးထုပ်ထဲ ထည့်တော့မယ်ဆိုရင် ဒီအုန်းဆံမှုန့်ကို အထဲမှာ ရှိရမည့် ရေအစိုဓာတ် ပမာဏက အုန်းဆံမှုန့်ကို ဒီလိုလက်သီးနဲ့ ဆုပ်ပြီး ညှစ်ကြည့်တဲ့အခါမှာ ရေလေးတွေက ဒီအောက်ကို ကျလာတယ်ဆိုရင် ဒါရေများတယ်နော်၊ မကျပဲနဲ့ လက်ကြားထဲတွေ ရေလေးတွေမရှိဘူးဆိုရင်တော့ နေရည်းတယ်ပေ့ါ။ ကိုယ့်အားနဲ့ ညှစ်လိုက်တဲ့အချိန်မှာရေက ဒီလက်ကြားထဲမှာ စိုရုံလောက်ဆိုရင် ရေက သင့်တော်တဲ့ အစိုဓာတ်ရသွားမယ်။

မျိုးကိုင်းရွေးချယ်တဲ့နေရာမှာ အရမ်းမနုလွန်းတဲ့ အကိုင်းဆိုလည်း မရဘူး။ အရမ်းရင့်တဲ့အကိုင်းဆိုလည်း မရဘူးပေ့ါနော်။ ဒီဟာဆိုရင် မနုလွန်း မရင့်လွန်းတဲ့ အကိုင်းပေ့ါနော်။ အကိုင်းမှာ ပွေးတွေလည်း နည်းနည်းတက်နေမယ်ပေ့ါနော်။ ဒီလိုကိုင်းကို ရွေးချယ်ပြီးခူးတာပေ့ါနော်။ ကိုင်းကို အပေါ်ယံလေး နည်းနည်းခွာလိုက်မယ်။ အောက်ခံမျှင် အတက်ပုံစံလေး ချွန်လိုက်မယ်ပေ့ါနော်။ ပြီးတော့ နဂိုခွာထားတဲ့ အခေါက်ကြားလေးထဲ ကို ပြန်ပြီးတော့ ထိုးထည့်မယ်ပေ့ါ။ ထိုးထည့်ပြီးတော့ အခေါက်အခေါက်ချင်း ဆက်နေအောင် ထိုးထည့်ဖို့တော့ အရေးကြီးတယ်။

ထိုးထည့်ပြီးတော့ အပေါ်ကနေပြီးတော့ တိတ်ကလေးပတ်မယ်။ တိတ်က ရေဝင်တာမဖြစ်အောင်ပေ့ါ။ ပြီးတော့ ကြိုးလေးတွေနဲ့ တွဲချည်ထားမယ်ပေ့ါ။ ကြိုးလေးတွဲချည်ထားတော့ လေတိုက်တာတို့ဘာတို့ဆိုရင် ဒီဆက်ထားတဲ့နေရာလေး မဟသွားအောင် ကြိုးနဲ့ ထိန်းပေးထားတဲ့ သဘောပေ့ါ။ ဒါဆိုရင် ကိုင်းပူးခြင်းလုပ်ငန်းက ပြီးသွားပြီပေ့ါနော်။ ၄၅ ရက်လောက်ကြာတဲ့အခါမှာ ဒီအထဲမှာ အမြစ်သစ် လေးတွေထွက်လာမယ်။ အမြစ်သစ်လေးတွေထွက်လာရင် ဒါပျိုးပင် ဒီကောင်က ဒီအောက်ခြေ နားက ညှပ်ပြီးတော့ ပျိုးပင်တစ်ပင်ရပြီပေါ့။ ကိုင်းပိုးပြီး ၄၅ ရက်သာကြာတဲ့အခါမှာ မျိုးထုတ်ထဲမှာ အမြစ်ကလေး နှစ်ချောင်းသုံးချောင်း၊ ကန်ထွက်လာတဲ့အခါမှာ ဒါပျိုးထုတ်ထဲ ထည့်လို့ရတဲ့ အဆင့်ရောက်ပြီးပေ့ါ။  အဲဒီကျရင် ဒီအောက်ခြေကနေ ကျွန်တော်တို့ ဖြတ်ပေးရပါမယ်။ ဒီမြေသားက မြေကြီးတစ်ဆ ဖွဲပြာတစ်စ ရောထားတဲ့ မြေသားပါ။ ဒါကိုပျိုးထုတ်ထဲ ထည့်တဲ့အခါ မှာ မြေကြီးပဲထည့်တဲ့အခါမှာ ပျိုးထုတ်ထဲမှာ ကြပ်ပြီးတော့ ရေဝပ်တာတွေဘာတွေဖြစ်တတ်လို့ ဖွဲပြာနဲ့ ရောထည့်တော့ ရေဝပ်တာတွေ မဖြစ်တော့ဘူး။ အရင်ပျိုးစ ပျိုးပင်အခိုင်ပေ့ါ။ ဒီမှာဆိုရင် အမြစ်ကလေးတွေ တွေ့ရတယ်။ ဒီကောင်က အခုပျိုးထုတ်ထဲ ပြန်ထည့်ပါမယ်နော်။

ပျိုးထုတ်ထဲ ထည့်တဲ့နေရာမှာ ဒီကိုင်းဆက်ထားတဲ့ အဆက်ကလေးကို မြေကြီးပေါ်မှာ ထားပေးမှ ရမှာပါ။ မြေကြီး အောက်ထဲဝင်သွားရင် ရောဂါဝင်တာတို့ အပင်နက်သွားတာတို့ ဖြစ်တတ်လို့ပါ။ ပျိုးထုတ်ထဲမှာ တစ်နှစ်လောက်ထားရပါတယ်။ ဒါပျိုးပင် ရိုင်တာတွေဘာတွေမဖြစ်အောင် ပြီးတော့ ကိုင်းလေး ထောက်ပေးပါမယ်။ ပြီးတဲ့အခါမှာ ရေလောင်းရင်ရေထွက်အောင် အပေါက်ကလေးတွေ လိုက်ဖောက် ပေးမှာပါ။ ဒါဆိုရင်အခု အကုန်းလုံးပြည့်စုံတဲ့ ပျိုးထုပ် တစ်ထုပ်ရသွားပြီ။

ဒါကျွန်တော်တို့ စိုက်ဖို့ ကျင်းတူးတဲ့နေရာပေ့ါနော်။ အလျှား ၂ ပေ၊ အနံ ၂ ပေ၊ အနက် ၂ပေ၊ ကျင်းလေးတူးပေးမယ်ပေ့ါ။ တူးပြီးတော့ ထွက်လာတဲ့မြေစာကို ဒီနွားချေးရယ် ဖွဲပြာရယ်၊ ရောထားတဲ့ မြေကြီးနဲ့ ပြန်သမ မယ်။ ဒီသမပြီးသားမြေကြီးကိုမှ ကျင်းတူးထားတဲ့အထဲကို ပြန်နှပ်မယ်။  ပြန်နပ်ပြီးတော့ အပင်စိုက်တာရောက်တဲ့အချိန်ကျမှ မြေကြီးထဲ ချစိုက်တယ်။ ဒီကောင်နပ်ပြီးသား မြေကြီးကိုပေ့ါနော်။ တူးပြီးတော့မှ ဒီအပင်ထဲကို ပြန်စိုက်မယ်။ ဒါက ပျိုးထုတ်ထဲမှာ တစ်နှစ်သားရှိပြီးသားအပင်။ ဒီကောင်ကို အပင်စိုက် တဲ့အခါမှာ ဒီကိုင်းဆက်ထားတဲ့အရာလေးကို မြေကြီးပေါ်မှာ ထားပေးဖို့လိုပါတယ်။ အဓိကကတော့ ဒီကိုင်းလေးကို အပေါ်ထားဖို့ပဲ လိုတာပါ။ မြေကြီးထဲဝင်ရင် သိပ်ပြဿနာမရှိဘူးဆိုပေမဲ့ နောက်ပိုင်းကျ တော့ ဆက်ထားတဲ့နေရာလေးကနေပြီးတော့ ရောဂါပိုးဝင်တတ်လို့ပါ။

ရေက အပင်တစ်နှစ်သား အတွင်း ရေလောင်းလို့ရတယ်ပေ့ါနော်။ စာအရဆိုရင်တော့ ပျားလိမ္မော်ပင်က ငယ်စဉ်အခါမှာ ရေဂါလံ ၇ ဂါလံကနေပြီးတော့ ၁၀ ဂါလံအတွင်း လိုပါတယ်။ ဒါဆိုရင်တော့ စိုက်ပြီးပျိုးပြီးသား အပင်လေး ရသွားပြီပေ့ါနော်။

ပျားလိမ္မော်မှာ ကျရောက်တတ်တဲ့ရောဂါများနဲ့ ရောဂါကာကွယ်နည်းများကိုလည်း ဦးခင်အောင်လှက ရှင်းပြပါတယ်။

မိရိုးဖလာအနေအထားရဆိုလို့ရှိရင်တော့ အေးစွတ်စိုဖြစ်တဲ့ ရှမ်းပြည်မှာပဲ အများဆုံး စိုက်လို့ရတယ် လို့တော့ မိရိုးဖလာအနေနဲ့ သိကြတယ်။ ကိုယ်လည်း ဒီအတိုင်းပဲသိခဲ့တယ်။ ဒါပေမဲ့လို့ ဆရာကြီး ဒေါက်တာချစ်ရေးတဲ့ လိမ္မော်စိုပ်ပျိုးခြင်းဆိုတဲ့ စာအုပ်ထဲမှာ သေသေချာချာပြဌာန်းထားပါတယ်။ သူက အပူချိန် ၅၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၁၀၀ ဒီဂရီဖာရင်ဟိုက်ကြားဆိုတော့ ဦးလေးတို့ ဒီ ရန်ကုန်တိုင်းတို့၊ ပဲခူး တိုင်းတို့ တနင်္သာရီတို့ နောက်တစ်ခါကျတော့ မွန်ပြည်နယ်တို့ ရခိုင်ပြည်နယ်တို့ အဲလိုဒေသတွေဟာ စိုက်လို့ ပိုပြီးတော့ ဖြစ်ထွန်း တယ်။ အဲဒါကြောင့်မို့လို့သူက တကယ့်တကယ်ကျတော့ လိမ္မော်မှာ ကောင်းခြင်းလက္ခဏာတွေ ယှဉ်လိုက်မယ်ဆိုလို့ရှိရင် ၈ ချက်ရှိတဲ့နေရာမှာ ၇ ချက်ခွဲလောက်က ပူနွေးစွတ်စိုဒေသဖြစ်တယ်။ အောက်ပြည်အောက်ရွာတွေက ပိုကောင်းပါတယ်။

သို့သော်လည်း အစဉ်အဆက်ရှမ်းပြည်မှာပဲ စိုက်တဲ့အခါကျတော့ ဦးလေးဒါကို ဒီမှာစိုက်ကြည့်တဲ့အခါကျတော့ အရင်တုန်းက ၉ ပေ ပတ်လည် လောက်စိုက်ရင် အဆင်ပြေတယ်ဆိုပေမဲ့လို့ ၁၀ ပေ ပတ်လည် စိုက်ကြည့်တဲ့အခါကျတော့ တစ်ကယ့် တကယ်ကျတော့ ဒီမှာ ပူနွေးစွတ်စိုဒေသကရှမ်းပြည်ထက်အပင်တွေပိုကြီးတော့ ဒီမှာ ၁၀ ပေ ပတ်လည်တောင်မှ အပင်ထိနေတာကို သွားတွေ့ရတယ်။

ပျားလိမ္မော်ကတော့ သူက အပင်ငယ်ငယ် မှာ ရွက်ထင်းပိုးတို့၊ ရွက်လိပ်ပိုးတို့၊ နောက်တစ်ခါ ကိုက်ဖြတ် စားသောက်တဲ့ပိုးကောင်လေးတွေပေ့ါနော်။ လိပ်ပြာလေးတွေ ဥပြီးတော့ ဘောက်ဖတ်ဖလေးတွေဖြစ် ဘောက်ဖတ်လေးတွေကနေပြီးတော့ အပင်အရွက်ကလေးတွေကို စားဆိုတော့ အဲလိုတစ်ခါ ၄၅ ရက် တစ်ခါ အရွက်နုထွက်လိုက် ပိုးကကိုက်လိုက်နဲ့ဆိုရင် မကြီးတော့ဘူးပေ့ါ။ အဲဒါကို အနုထွက်တိုင်း အနုထွက်တိုင်းမှာ ပိုးသတ်ဆေးလေးတွေနဲ့တွဲပြီးတော့ မှန်မှန်ကန်ကန်ပြုစုစောင့်ရှောက်မယ်ဆိုလို့ရှိ ရင် အပင်က ၃ နှစ်သားအရွယ်ဆိုရင် အသီးတန်းစဝင်ပါတယ်။

နောက်တစ်ခုက အပင်က ငယ်ငယ်ရွယ်ရွယ်မှာ အသီးဝင်ဖို့လည်း သိပ်မသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ၅ ပေမှာ အသီးယူလိုက်တာနဲ့ တစ်ပြိုင်တည်း နောက်နေ့ကျရင်သူက ၅ ပေမှာပဲ အသီးအပွင့်ပြန်ထွက်တယ်၊ နောက်တစ်နှစ်လည်းဒီလိုပဲ ၅ ပေမှာပဲ အသီးအပွင့်ပြန်ထွက်တယ်။ နောက်တစ်ခါ ၁၀ ပေမှာ အသီးယူ လိုက်လို့ရှိရင် နောက်နေ့ကျရင်လဲ ၁၀ ပေမှာပဲထွက်တယ်။ နောက်နေ့ကျရင် ၁၀ ပေမှာ အဲဒီတော့ အသီးယူပြီးသွားရင် အပင်ကြီးထွားမှုမရှိတော့ဘူး။ အဲဒါကျတော့ ၅ ပေမှာ အသီးယူလိုက်တဲ့ အခါကျတော့ ဥပမာအလုံးက ၃၀၀ လောက်ပဲသီးပြီးတော့ ၁၀ ပေမှာအသီးယူလို့ရှိရင် ၁၀၀၀ လောက် သီးတာပေ့ါ။ အဲဒီအခါကျတော့ သီးနှံအထွက်နှုန်း ပြည့်ပြည့်၀၀ စံချိန်စံညွှန်းမီထွက်ဖို့အတွက်ကို အပင်ကိုလည်း ကြီးထွားအောင်ပေ့ါနော် သူ့အရွယ်ရောက်အောင် စောင့်ပေးဖို့လိုတယ်။ အသီးစောစောခူးခြင်း အသီးစောစောထားခြင်းဟာ၊ အပင်ကြီးထွားခြင်းကို အနှောက်အယှက် ပေးတယ်။

အပင် အပင်ချင်းကူးစက်တပ်တဲ့ရောဂါကတော့ မှိုရောဂါပဲပေါ့။ မှိုရောဂါရဲ့သဘာဝတွေက သူက ဆေးဖြန်းရင် တော်တော်များများက သိပ်ပြီးတော့ ကုသ ရတာခက်တယ် ။ အဲဒါကျတော့သူက စတဲ့အခါကတည်းကိုက လေဝင်လေထွက်ကောင်းအောင်လုပ် ပေးရမယ်။ နောက်တစ်ခါကျတော့  လေဝင်လေထွက်မကောင်း တဲ့ ကိုင်းရှုပ်တွေ ရှင်းပေးရမယ်။ နောက်ပြီးတော့ သူက မှိုရောဂါကိုကာကွယ်တဲ့ ဆေးတွေလည်း ကြိုပြီးတော့ ဖြန်းတော့ဖြန်းပေးရမှာပေါ့။ သို့သော်လိမ္မော်ပင်က အရင်တုန်းက ဦးလေးတို့သိတာက လိမ္မော်ပင်ဆိုတာ သဲသဲလှုပ်ပဲလေး။ အောက်ပြည်အောက်ရွာမှာလည်း စိုက်လို့မရဘူးဆိုတော့ သဲသဲလှုပ်ဖြစ်နေကြတယ်။ တကယ့်တကယ်ကျတော့ တကယ်စိုက်ကြည့်တဲ့ အခါကျတော့ လိမ္မော်ပင်က အဲလောက်အသဲမငယ်ဘူးသူ။ သံပုရာပင်စိုက်တာနဲ့သာသာလေးပဲ ရှိတယ်။ နောက်တစ်ခုက ရောဂါပိုးမွှားဒဏ်လည်း တော်တော်ခံနိုင်တယ်။ အဲဒီတော့ တစ်ခါတစ်ရံ တော့ ဘာဖြစ်တတ်လဲဆိုတော့ အောက်ကနေပြီးတော့ အခေါက်ပိုးရောဂါလေးတွေ နည်းနည်းဖြစ် တတ်တယ်။ အဲဒီအခါကျရင်တော့ သူနဲ့သက်ဆိုင်တဲ့ ဆေးဝါးလေးတွေ ရှိရမယ်။

ခြံထွက်သီးနှံများကို တင်ပို့ရောင်းချနေသူတစ်ဦးဖြစ်တဲ့ မဖြူကလည်း ပျားလိမ္မော်အစိမ်းနဲ့ပတ်သက်ပြီး ရောင်းရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို အခုလိုပြောပြပါတယ်။

ပထမက ကျွန်မတို့ ဒီကုန်စည်ဒိုင်မှာပေ့ါနော်။ ဆိုင်းခန်းတစ်ခန်းရတဲ့အတွက်ကြောင့်လည်း တော်တော် လေး ကောင်းပါတယ်။ အဲဒီမှာတင်ချပြီးတော့ ရောင်းချပေးရတာပေ့ါနော်။ လုံးကောက်အနေနဲ့။ နောက်ပိုင်းတော့ အခုတော့ ကီလို နဲ့ပဲ ရောင်းတော့တယ်၊ တစ် ကီလို ၁၅၀၀ သွင်းတော့၊ သုံးဆယ် ကီလို တောင်းတစ်တောင်းကို လေးသောင်းခွဲသွင်းရတာရှိတယ်။ အခုကတော့ ရောင်းလို့လဲသွက်ပါတယ်။ တစ်ခါတစ်လေကျတော့ အခက်ခဲ ဒီကအသီးများများထွက်တာနဲ့ ဟိုက  အခွန်ပွတွေ ဝင်တာနဲ့ အခက်ခဲရှိတယ်။ ဒါပေမဲလို့ ကိုယ့်ဆိုင်မှာ ထိုင်ရောင်းတဲ့အတွက်ကြောင့် ဒီဆိုင်ခန်းရှိတဲ့ အတွက်ကြောင့် အဆင်ပြေတယ်။ ကိုယ်တိုင်ပဲ ထိုင်ရောင်းလိုက်တဲ့ အတွက်ကြောင့်တော့လည်း လွယ်ပါတယ်။ ကျွန်မတို့အသီးနှံက စားဖူးတာလူတိုင်းရှိတယ်။ ပြီးတော့ အထားခံတယ်။ အရည်အသွေးပြည့်ဝတယ်။ စားလို့သောက်လို့ ကောင်းတယ်ဆိုတဲ့အခါကျတော့ ရောင်းလို့လည်း သွက်ပါတယ်ရှင့်။

သစ်သီးရောင်းဝယ်သူများကလည်း ပျားလိမ္မော်အစိမ်းနဲ့ပတ်သက်ပြီးတော့ ဈေးကွက်အခြေအနေကို သစ်သီးဈေးသည် မမွှေးကလည်း အခုလိုပြောပြပါတယ်။

သစ်သီးရောင်းနေတာ လေးငါးနှစ်လောက်ရှိသွားပါပြီ၊ အစိမ်းကတော့ သိပ်လည်းမဝင်သေးဘူး။ လူသုံးလည်း မရှိဘူးပေ့ါနော်။ သိပ်လည်းမသုံးကြဘူးပေ့ါ။ အဝါသီးဆိုတာကတော့ သုံးနေကြဆိုတော့ အဲဒါကတော့ ရောင်းရပါတယ်။ အစိမ်းသီးဆိုတာကတော့ သိပ်လည်း ဈေးတွေမှာလည်း မတွေ့သေး တော့ မတင်ဖြစ်သေးဘူး။ သူကအရသာကြတော့လည်း ချဉ်တယ်သူက ရိုးရိုးအသီးနဲ့လည်း မတူဘူး ပေ့ါနော်။ အဝါသီးကတော့ ချိုတယ်။

သစ်သီးရောင်းသူ ကိုလှထွန်းကလည်း အခုလိုပြောပါတယ်။

ကျွန်တော်သစ်သီးရောင်းတာ ၁၈ နှစ်သားကတည်းက ရောင်းတာ။  အစိမ်းသီးက ဒီရာသီမှာမရောက်သေးဘူး။ ကျွန်တော်တို့ ၂ လပိုင်း ၃ လပိုင်းလောက်မှ ရောက်တယ်။ သူ့ရာသီနဲ့သူကတော့ စားလို့ကောင်းပါတယ်။ ချိုတယ် အဲဒီအချိန်မှာကြတော့ ဒီအချိန်မှာတော့ မလာသေးဘူး။ ကျွန်တော်တို့ ဗမာပြည်ရဲ့အသီးက။ အခုကျွန်တော်တို့ အောင်ပန်းလိမ္မော်ဆိုတာ လာတယ်။ ဒါပေမဲ့ မချိုဘူးဗျ။ ရှမ်းပြည်တို့ တောင်ကြီးဘက်က လာတဲ့ လိမ္မော်သီးရယ် အဲလောက်မချို ဘူး။ ဒီရာသီမှာကြတော့ ဒီလိမ္မော်သီးပေါ်တယ်။ နွေပေါက်တဲ့အခါကျတော့ ကျွန်တော်တို့ ဗမာပြည် အသီးက ချိုတယ်။ ဒီကောင်က သိပ်မချိုဘူးဗျ။ ချိုတဲ့ကောင်တွေက ချိုတယ်၊ ချဉ်တဲ့ကောင်တွေက ချဉ်တယ်။ ဒီအသီးကတော့ အစေ့မပါဘူး။ ဈေးကွက်အတွင်းမှာကြတော့ ဗမာသီးနှံဆိုလို့ရှိရင် ဒီရာသီမှာကြတော့ ဘယ်လိုပြောမလဲ မိုးတွင်းဘက်ကြတော့ သိပ်မရောင်းရဘူး။ သိပ်လည်း အချိုကြ တော့ ဟိုကောင်တွေလောက် မလေးဘူးပေ့ါ။ မိုးတွင်းအသီးနဲ့ နွေအသီးနဲ့ ကွာတာပေ့ါအစ်ကိုရယ်။

စိုက်ပျိုးရေးနှင့်ပတ်သက်လို့ တောင်သူတွေရဲ့ အခက်အခဲကိုလည်း တောင်သူ ဦးခင်လှအောင်က အခုလိုပြောလာပါတယ်။

ဦးလေးတို့ ဒီနိုင်ငံရဲ့ စိုက်ပျိုးရေးအနေအထားအရဆိုရင်တော့ မိရိုးဖလာသာသာလေးလောက်ပဲ ရှိနေတယ်။ အဲဒီတော့ ဒီဘက်မှာ နောက်ထပ် ထွက်ကောင်း ထွက်တိုးနိုင်တဲ့ စနစ်တွေရှိနေပါတယ်။ ရှိနေတဲ့ဟာတွေကို ဖော်ထုတ်စေချင်ပါတယ်။ အခုဦးလေးတို့ဆိုရင် သီးနှံအထွက်နှုန်း တိုးတက်ဖို့ မြေချ မြေသြဇာတွေ သုံးနေကြတယ်။ မြေချ မြေသြဇာကနေ သုံးနေတာဆိုတော့ မြေချ မြေသြဇာဆိုတာ ဒီ Supper ကသုံးတာပေ့ါ။ ဒီ Supper ဆိုတာက အသီးအပွင့်ကို အားပေးတဲ့ဘက်က ၄၆% ပဲရှိတယ်။ အဲဒါကိုမြေကြီးထဲချကျွေးရင် အပင်ဟာ တစ်နှစ်လုံးတောင်မှာ ၁၀% ထက်ပိုပြီးတော့ မစားနိုင်ဘူး။ ဒါပေမဲ့ ချကျွေးပါများလို့ရှိရင်လဲ မြေပျက်လာတယ်။ အဲဒီအခါကျတော့ သူက ဒီမြေချ မြေသြဇာတွေအစားကို ရွက်ဖြန်းမြေသြဇာတွေလိုပေ့ါ % များတဲ့အစာတွေကို ရွက်ဖြန်း စနစ်နဲ့ကျင့်သုံးမယ်ဆိုရင် သူက အများကြီးပဲ ထွက်နှုန်းတွေ တိုးစေပါတယ်။

အဲဒီတော့ တောင်သူတွေ က ဒီ Supper တစ်ခုပဲ သူတို့စွဲစွဲလမ်းလမ်းနဲ့သုံးနေတယ်။ ဒီ Supper တွေက အတုတွေလည်း များတယ်။ ဆိုတဲ့အခါကြတော့ အပင်ထဲကို ဝင်တဲ့ speet ကလည်း တော်တော်နည်းတယ်။ တစ်နှစ်လုံးမှာမှ ၁၀% ထက်စာရင် ဒါ ၈၅% ကို နှစ်နာရီအတွင်း ဝင်တဲ့စနစ်တွေက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။ အဲဒီတော့ အဲဒါတွေကိုလည်း ဦးလေးတို့ ဒီမှာ မချွင်းမချန်ပေ့ါနော် ကိုယ်တတ်တဲ့ ပညာတွေကို အားလုံးကို တောင်သူတွေကို သိနိုင်ဖို့အတွက်ကို ဦးလေးတို့မျှဝေပေးနေပါတယ်။ အခမဲ့ ကူညီပေးနေပါတယ်။ အဲဒီအခါကြတော့ ဦးတို့ဆီကို မေးချင်တယ်၊ စုံဆမ်းချင်တယ်။လာပြီးတော့ လေ့လာချင်တယ်ဆိုရင် ခြံကိုအချိန်မရွေးလည်း လာပြီးလေ့လာလို့ရပါတယ်။ ပြီးတော့ ဆက်သွယ်ရေး တယ်လီဖုန်းတွေကနေပြီးတော့လည်း မေးလို့ရပါတယ်။ ဒီမှာလည်း နှစ်စဉ်နှစ်တိုင်းပဲ ဦးတို့က အခါအားလျှော်စွာ စိုက်နည်းပျိုးနည်းသင်တန်းတွေကို ပို့ချပေးနေတာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အဲဒါတွေကို ခြံနဲ့ဆက်သွယ်ပြီးတော့ လာပြီးတော့ တက်မယ်ဆိုလည်း အဆင်ပြေပါတယ်။

Mizzima Weekly