ဘရာဇီး ကွင်းလယ်တိုက်စစ် ကစားသမား ဖာမီနိုကို ခေါ်ယူရန် လီဗာပူးလ် သဘောတူညီမှုရရှိ

ဘရာဇီး ကွင်းလယ်တိုက်စစ် ကစားသမား ဖာမီနိုကို ခေါ်ယူရန် လီဗာပူးလ် သဘောတူညီမှုရရှိ

(အင်္ဂလန်)။ ။ လီဗာပူးလ်အသင်းသည် ဟော့ဖင်ဟိန်းအသင်းမှ ဘရာဇီး ကွင်းလယ်တိုက်စစ် ကစားသမား
ရော်ဘတ်တိုဖာမီနိုကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု ဘီဘီစီသတင်းဌာနက
ဖော်ပြခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဖာမီနိုသည် ယခုအချိန်တွင် ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၅ ကိုပါ အမေရိက ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားလျက် ရှိသည်။

လီဗာပူးလ်အသင်း၏ အမှုဆောင်အရာရှိချုပ် အီယန်အေရီသည် ချီလီနိုင်ငံသို့သွားရောက်ပြီး ဖာမီနိုကို ငါးနှစ်စာချုပ်ဖြင့်
ခေါ်ယူနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ဖာမီနိုသည် အသင်း၏ သမိုင်းတစ်လျှောက် အန်ဒီကာရိုးလ်(ပေါင် ၃၅ သန်း)ပြီးနောက် ဒုတိယ ဈေးအကြီးဆုံး ကစားသမားဖြစ်လာမည်
ဖြစ်သည်။

ဖာမီနိုသည် ဟော့ဖင်ဟိန်းအသင်းအတွက် ၁၅၃ ပွဲ ကစားခဲ့ရာတွင် ၄၉ ဂိုးသွင်းယူထားနိုင်သူ ဖြစ်သည်။ ကိုပါအမေရိက ဖလားပြိုင်ပွဲတွင်လည်း ဘရာဇီးအသင်းက ဗင်နီဇွဲလားအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုအပြောင်းအရွှေ့ကာလတွင် ဘန်လေတိုက်စစ်မှူး ဒန်နီအင့်စ်၊ မန်စီးတီးကွင်းလယ်လူ မီလ်နာ၊ ချာလ်တန်နောက်ခံလူ ဂျိုးဂိုမက်ဇ်နှင့် ဂိုးသမား အဒန်ဘော့ဒန်တို့ကို ခေါ်ယူထားပြီး ဖြစ်သည်။

ရည်ညွှန်း - ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly