သူရဦးအောင်ကိုရဲ့ လွတ်မြောက်လမ်း

သူရဦးအောင်ကိုရဲ့ လွတ်မြောက်လမ်း

မေ ၂၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပုသိမ်မြို့နယ် မဲဆန္ဒနယ်က လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု  အက်ဥပဒေကို ဖျက်သိမ်းပေးဖို့ အဆိုတင်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီဥပဒေတွေဟာ လုံခြုံရေးနဲ့ ပြည်တွင်း တည်ငြိမ်ရေးကို အဓိကထားတဲ့ ဥပဒေတွေမို့ မဖျက်သိမ်း သင့်ကြောင်း ပြန်လည်ဆွေးနွေးပါတယ်။ လွှတ်တော်ထဲ မဲခွဲလိုက်တော့ အဲဒီအဆို မဲရံှုးသွားပါတယ်။ အရင်တုန်းကလည်း ဒီဥပဒေကို ပြင်ဖို့ ကြိုးစားခဲ့ကြဖူးပေမယ့် အခုလိုပဲ မဲခွဲရင် ရံှုးသွားတာပါပဲ။ (ခုတစ်ခါ ရံှုးတဲ့မဲက ထောက်ခံ ၂၆၅ မဲနဲ့ ကန့်ကွက်မဲ ၅၀ တဲ့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းဖို့ မဆိုထားနဲ့၊ ၂၀၀၈ မတိုင်မီ ရှိနှင့်တဲ့ ဖိနှိပ်ရေး ဥပဒေ အထွေထွေတွေ ကိုတောင် ဖယ်ရှားနိုင်တာ မရှိသေးပါဘူး။ ပြည်သူကို ဖိနှိပ်တဲ့ ဥပဒေ ဆိုလို့ကတော့ ကိုလိုနီ စရိုက်ဆိုးကို ဖျောက်ဆိုပြီး ကိုယ့်ဘာသာကိုယ် ပြောနေတဲ့ကြားထဲကကိုပဲ အင်္ဂလိပ် ဖိနှိပ်ရေးဥပဒေတွေကို ကိုယ့်ဘာသာကိုယ် ဆက်လက်ထိန်းသိမ်း ထားပါတယ်။ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက်ပါပဲ။ အရေးပေါ်စီမံမှု အက်ဥပဒေ ဆိုတာလည်း ဖဆပလ အစိုးရ အမွေပါ။ ဥပဒေ ထုတ်ခဲ့သူတွေ မရှိတော့သော်လည်း ဥပဒေကြီးက အတောင့်လိုက်ကြီး ကျန်နေခဲ့ကာ လူထုကို ဒုက္ခပေးတုန်းပါ။ သားစဉ်မြေးဆက် အသက်ဝင်နေတုန်းပဲ၊ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင် မဖျက်သိမ်းနိုင် သမျှတော့ မောင်မှန်တို့ တတွေလည်း သားစဉ်မြေးဆက် ခံကြရဦးမှာ။

ဒါနဲ့ ပတ်သက်လို့ ကြားရတဲ့ အသံတွေကလည်း အားရစရာချည်းပဲ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် သူရဦးအောင်ကို ပြောတာက “နိုင်ငံသားတွေ စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒီတာဝန်သည် လွှတ်တော်တာဝန်သာ ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုင်ရာ အခန်း ၁၂ ပုဒ်မ ၄၃၆ ဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်ရန် သဘောတူ ကြောင်း အုပ်ချုပ်ရေးမဏ္ဍိုင်က မကြာခဏ ပြောနေတာ ကြားရမှာပါ။ အဲဒီ ပြဋ္ဌာန်းချက်အရဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၉၉ ရာခိုင်နှုန်း မဖြစ်နိုင်ဘူးဆိုတာ ပြည်သူအားလုံး သိနေတယ်။ လုံးဝ မပြင်ချင်ဘူးဆိုတဲ့ အဓိပ္ပာယ် သဘောမျိုး သက်ရောက်တယ်” တဲ့။

ဒါ့အပြင် လက်ရှိ ပြဋ္ဌာန်းချက် အတိုင်းဆိုပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ကို လက်ရှိ အစိုးရ လက်ထက်မှာ ပြင်ဆင်ရန် မဖြစ်နိုင်ကြောင်း၊ နောက်အစိုးရ လက်ထက် တွင်ပါ မဖြစ်နိုင်ဘဲ မဖြစ်မနေ ပြင်ဆင်ရန် ဆောင်ရွက် မည် ဆိုပါက ပြည်သူများက အင်တိုက် အားတိုက် ပါဝင်ရန် လိုအပ်မှာဖြစ်ကြောင်းလည်း သူရဦးအောင်ကိုက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ရေးက ဒီအစိုးရ လက်ထက်မှာတော့ ဆောရီးမှာ ပြသွားပြီဆိုတဲ့ သဘောပါ။ ပိုပြီး ထူးတာက နောက်အစိုးရ လက်ထက်မှာပါ မဖြစ်နိုင်ဘူးလို့ သူရဦးအောင်ကိုက ကောဏ္ဍည ပုဏ္ဏားလို လက်ညှိုးတစ်ချောင်းတည်း ထောင်ပြီး အပြတ်ပြောပစ်လိုက်တာပါ။ ဒါလည်း ကောင်းပါတယ်။ ရှင်းရှင်း လင်းလင်း ဖြစ်သွားတာပေါ့၊ နို့မို့ဆို ပြည်သူတွေက ခုပြင်လို့ ရနိုးနိုး၊ တော်ကြာပြင်လို့ ရနိုးနိုး ထင်နေ ကြမယ်။ ၄၈ ပွင့်ဆိုင် ပြီးရင် အိုကေမှာလိုလို၊ ၆ ပွင့်ဆိုင်ပြီးရင် စိုပြည်မှာ လိုလို မျှော်နေကြဦးမယ်။ ခုလို ပြောလိုက်တော့ ရှင်းရော၊ ခု အစိုးရ လက်ထက်သာမက နောက်အစိုးရလက်ထက်မှာပါ ဝမ်းနည်းပါ သည်တဲ့။ ဒီဘဝတင်မက နောက်ဘဝလည်း မမျှော်နဲ့လို့ မပြောတာ တော်သေးရဲ့။

သူရဦးအောင်ကို ပြောသလိုပဲ လာမယ့် ရွေးကောက်ပွဲမှာ NLD က အပြည့်အဝ လုံးဝဥဿုံ အနိုင်ရတယ်ပဲထားဦး၊ (ဒါက
တော်တော်ဖြစ်တောင့်ဖြစ်ခဲပါ။) လွှတ်တော်ထဲမှာ ၇၅ ရာခိုင်နှုန်းပဲရမယ်။ ၂၅ ရာခိုင်နှုန်းက ရွေးချယ်တင်မြှောက်ခံစရာ မလိုတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ၊ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ ဥပဒေပုဒ်မတွေ ပြင်ဖို့က ၇၅ ရာခိုင်နှုန်း + (တစ်) လေ၊ ဒါလည်း အားလုံးသိပြီးသားပါ။ တပ်ဘက်က တစ်လက်မမှ မရွေ့ဘဲ ဘာမှ လုပ်လို့ မရဘူးဆိုတာ၊ တပ်က လွှတ်တော်ကိုယ်စားလှယ် ဆိုတာတွေကလည်း အရေအတွက်အားဖြင့်သာ လွှတ်တော်ထဲများနေတာ၊ တကယ်က တစ်ယောက် တည်း၊ ရှင်းရှင်းပြောရရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်း၊ ကာ/ချုပ် သဘော မပါဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်နဲ့တောင် ပြစ်မှားလို့ မရဘူး။ ကာ/ချုပ်ကလည်း အခွင့်အခါသင့် တိုင်း ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက် သွားမယ်ချည်း ပြောနေတာဆိုတော့ နောက်ထပ်ဘယ် အစိုးရ တက်တက် အဆိုတော် အငဲရဲ့ သီချင်းလို အိုး… ဝေးပြီ ဘေဘီ…အဝေးဆုံး ဖြစ်ရပြီပေါ့။

သူရ ဦးအောင်ကိုက ထွက်ပေါက်ပိတ်နေတဲ့ နေရာအထိပြောပြီး ဒီအတိုင်း ရပ်နေတာ မဟုတ်ဘူး။ လွတ်မြောက်ရာ ထွက်ပေါက်လမ်းကိုလည်း ပြပါတယ်။ (ဆိုရှယ်လစ် သရုပ်မှန်စာပေ သဘောတရားအရ ဆိုရင် သူရဦးအောင်ကို ပြောတာ ကွက်တိပါပဲ။ လွတ်မြောက်ရာလမ်းအထိ ပြဖို့ စာပေမှာ တာဝန်ရှိပါတယ်။) ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဆင်ရန် ဆောင်ရွက်မယ် ဆိုရင် ပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ဖို့ လိုသတဲ့။ လူထုအားကို အများကြီး လိုသည်ပေါ့။ ပြည်သူသည်သာ အခရာ အရာရာကို ဆုံးဖြတ်နိုင်၏ပေါ့။ နောက်ဆုံးမှာ ပြည်သူသာလျှင် လွတ်မြောက်ရေးထွက်ပေါက် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ပြန်ကြီး သူရဦးအောင်ကိုက လမ်းညွှန်ပြောပြ သွားပါတယ် ခင်ဗျာ။

တကယ်က ဒီစကားတွေ ပြောသင့်တာ၊ ပြောရမှာက NLD လို့ မောင်မှန်ထင်တာပဲ။ ဒီတစ်ခေါက် လွှတ်တော် ပြန်မစခင် အရင် ခြောက်ပွင့်ဆိုင်မှာလိုလို၊ စခါစမှာပဲ ဆိုင်မှာလိုလိုနဲ့ မဆိုင်ဖြစ်သေးပါဘူး။ (ဒီလိုဆိုလိုက်လို့ အပွင့်ဆိုင်တွေကို မောင်မှန် မျှော်နေတယ် မထင်ပါနဲ့၊ ဒါတွေ မျှော်တဲ့အထဲ မောင်မှန် မပါပါဘူး။ ဖြစ်စဉ်ကိုသာ တင်ပြလိုရင်းပါ။) ခြောက်ပွင့်မဆိုင်ဘဲ သမ္မတကြီးက ပါတီ ၇၀ ဆိုင် ပစ်လိုက်တယ်။ အဲဒီပွဲမှာ သမ္မတကြီးက “ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးအင်အားစုတွေအကြား နိုင်ငံရေးခေါင်းဆောင်တွေအကြားမှာ ကျယ်ပြန့်တဲ့ ကျွန်တော်တို့ နိုင်ငံရေး သဘောတူညီချက်တွေ မရရှိသေးတဲ့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ အခက်အခဲ ဖြစ်ခဲ့ကြရတာတွေကို သင်ခန်းစာယူပြီး မိမိတို့ သဘောထားတွေကို လွတ်လပ်စွာ ကျွန်တော်တို့ ပြောဆိုနိုင်အောင် အဲဒီကမှ တစ်ဆင့် တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် နားလည်ပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီမှု တွေကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ရှာဖွေနိုင်အောင် ကြိုးပမ်းဆောင်ရွက်ချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ၂၀၀၈ ခွင်ထဲက ပါတီတွေနဲ့ပဲ ၂၀၀၈ ခွင်ထဲက မထွက်ဘဲ ရည်ရွယ်ကြိုးစားသွားချင်တာ ပြည်ခိုင်ဖြိုး အစိုးရအဖွဲ့ရဲ့ စစ်မှန်တဲ့ သဘောထားပါ။ ဒီလိုတွေ့ဆုံပွဲတွေဟာ ဘာရလဒ်မှ ဟုတ်တိပတ်တိ ထွက်ပေါ်မလာပေမယ့် ခြောက်ပွင့်ထက်တော့ ပိုကျယ်ပြန့်တဲ့ သဘောကို ဆောင်ပါတယ်။(လူကလည်း ၁၃၀ လောက်တောင်ကိုး) ဒီလိုတွေ့ဆုံပွဲတွေဟာ ခြောက်ပွင့်ဆိုင်ကို ဝေဝါးအောင် လုပ်နေတာ ထင်တယ်လို့ RFA ရေဒီယို (၂၁.၅.၂၀၁၅) နံနက်ပိုင်း အစီအစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ပါတယ်။ နောက်ပြီး ဖွဲ့စည်းပုံပြင်ရေးနဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးအတွက် သမ္မတ ဦးသိန်းစိန်ဘက်က တက်တက်ကြွကြွ ဆောင်ရွက်တာ မတွေ့ရဘူးလို့လည်း ပြောသွားပါသေးတယ်။ ဟုတ်ပါတယ်။ သမ္မတကြီးတို့ဘက်က မပြင်ချင်တာ၊ မဆိုင်ချင်တာ အမှန်ပါ။ ဘာမှ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါကို နွားပိန်တွယ်တွယ်ပြီး ဟိုလိုလေး လှည့်ပြောလိုက်၊ ဒီလိုလေး ချော့မြှူလိုက်လုပ်နေတာ ဘာဖြစ်ချင်မှန်း မသိတာပါ။

ခြောက်ပွင့်ဆိုင်ဆိုတာကလည်း ချစ်ရေးဆိုထားတဲ့ သူဆီက အဖြေမျှော်သလိုပဲ။ (ရင်တဖိုဖိုနဲ့ လက်ဖျား ခြေဖျားတွေ အေးပြီး စိတ်တွေ လှုပ်ရှားလို့ပေါ့။) လူရွှင်တော်တွေ  ပြက်နေကျ ပြက်လုံး တစ်ခုလို မင်းဘက်က မဟလို့၊ မင်းဘက်က ဟတာနဲ့ ကောင်မလေးက ပါပြီ ဆိုတာမျိုးများ ဖြစ်နေ သလားမသိဘူး။( ဘာဟလို့ ဘာပါတယ်ဆိုတာတော့ မသိဘူး) အခုဟာကျ ကိုယ့်ဘက်က ဟပါတယ်။ သူ့ဘက်က ပါကို မပါတာပါ။ ဒီတော့ ဘာဆက်လုပ်မှာလဲ၊ ဘယ်လမ်းရွေးမှာလဲ၊ အစီအစဉ်တွေ ရှိပါတယ်ဆိုတာမျိုးတော့ မလုပ်နဲ့နော်၊ ရိုးလှပြီ၊ နှစ်အစိတ် ကျော်သွားပြီ၊ မောင်မှန် ကတော့ သူရဦးအောင်ကို ပြောတဲ့ လမ်းကို ထောက်ခံပြီး ပြည်ခိုင်ဖြိုးပါတီထဲ ပြေးဝင်လိုက်တော့မှာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags