အနုပညာရေးကိစ္စမှာ ခြင်္သေ့တို့ထုံး နှလုံးမူပြီးလုပ်ခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် ဒါရိုက်တာ ထူးသာ

31 December 2015
အနုပညာရေးကိစ္စမှာ ခြင်္သေ့တို့ထုံး နှလုံးမူပြီးလုပ်ခဲ့တယ်ဆိုတဲ့ သရုပ်ဆောင် ဒါရိုက်တာ ထူးသာ

ဒီတစ်ပါတ် Meet the Successful အစီစဉ်မှာ ကျွန်တော် တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ အနုပညာလောကမှ မွေးဖွားလာပြီး ငယ်စဉ်ကတည်းကစလို့ သရုပ်ဆောင် လုပ်ခဲ့ရာကနေ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို ရရှိလာခဲ့တဲ့ သရုပ်ဆောင် ဒါရိုက်တာ ထူးသာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ကတော့ တစ်ချိန်က မြန်မာရုပ်ရှင် သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် ဂျော်လီဆွေပဲ ဖြစ်ပါတယ်။ ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရင်း ငယ်စဉ်ကတည်းက စလို့  သူဝါသနာပါတဲ့ အနုပညာလုပ်ငန်းကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့တဲ့ ဦးထူးသာရဲ့ ဘဝဖြတ်သန်းပုံကို သိရှိနိုင်စေဖို့ ဒီတစ်ပါတ်မှာလည်း အောင်မြင်သူနဲ့အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

ပထမဆုံးအနေနဲ့ ဦးရဲ့ အနုပညာ ဖြတ်သန်းမှု အနုပညာလောကကို ဘယ်အရွယ်ကတည်းက ဘယ်နှစ်ခုနှစ်လောက်က စလုပ်ဖြစ်တာလဲ။

ရုပ်ရှင်အနေနဲ့ အတိကျပြောရမယ်ဆိုရင်တော့ ၈၃ အောက်တိုဘာမှာ ဦးတို့ ရိုက်ထားတဲ့ကားက စပြီး ရုံတင်တာပေါ့နော်။ အဲဒီကစပြီး မှတ်တမ်းတင် တွက်မယ်ဆိုရင်တော့ ခုဆိုရင် နှစ် သုံးဆယ် ကျော်သွားပြီပေါ့။ ရုပ်ရှင်ဇာတ်လမ်း နှစ်သုံးဆယ်ကျော်ပြီ။ ဒါပေမယ့် အဖေက သူရုပ်ရှင်မှာ နာမည်ကြီးတဲ့ချိန်ကျော်မှ အမေနဲ့ညားတာဆိုတော့ ဦးတို့က ဒီလောကမှာ မွေးတာဆိုတော့ ကိုယ့်တစ်သက်လုံးက ရုပ်ရှင်လောကမှာ ကျင်လည်ခဲ့ရတာပေါ့နော်။

ဒါပေမယ့် အနုပညာလို့ သတ်သတ်မှတ်မှတ် သိလာတဲ့ အတိုင်းတာကတော့ ၁၁နှစ်သား ၁၂ နှစ်သားကနေ အဖေက စပြီး မြေတောင် မြှောက်ပေးတဲ့ သဘောမျိုးနဲ့ ရပ်ကွက်ထဲက ပြဇာတ်လေးတွေ သီတင်းကျွတ်၊ တန်ဆောင်တိုင် နောက်တစ်ခါ အထင်ကရ ပွဲလေးတွေမှာ ကလေးတွေ ပြဇာတ်သဘောမျိုး ဖွဲ့ပြီးတော့ ပြဇာတ်တွေ လိုက်ကတယ်။ အဲဒီကစပြီးတော့ ပိုးတွေ ပါလာတာပေါ့။ နဂိုကတည်းက ဝါသနာပါပြီးသားဆိုတော့ အဖေမြေတောင်မြှောက်တာနဲ့ပဲ တစ်ဖြေးဖြေးနဲ့  ဒီလောကကြီးကို ရောက်မှန်းမသိ ရောက်သွားတာပေါ့။

ကျွန်တော်တို့ သိရသလောက် ပရိသတ်တွေလည်း သိမှာပါ။ ဦးတို့ က ညီအစ်ကို သုံးယောက်ရှိတယ်ပြောတယ်။ အဲဒီအထဲကမှ ဦးရယ်၊ ဦးညီဂျော်ရယ် ပရိသတ်တွေကြားမှာ တော်တော်များများ  သရုပ်ဆောင်တော့ သိရတယ်။

အလတ်ကတော့ ဒီလောကကတော့ မလုပ်ဘူး။ အဖေနာမည် နာမည်နဲ့ ပတ်သက်ပြီး ဂျော်လီဆွေနှင့် သားများဆိုပြီး ရုပ်ရှင် ကုမ္ပဏီ ထောင်တော့လည်း သူပဲ ဦးဆောင်ပြီး လုပ်တယ်။ သူကလည်း ဝါသနာတော့ပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကြောင့် သူကိုယ်တိုင်တော့ ဝင်မလုပ်ခဲ့ဘူး။ အဝေးကနေ ပံ့ပိုးပေးတယ်။

ဒါဆိုရင် ဦးဘဝမှာ ၈၃ခုနှစ်ကနေစပြီး ရုပ်ရှင်လောကထဲ စရောက်ပြီ ဆိုတော့ အဲဒီနောက်ပိုင်းမှာကော ဦးအနေနဲ့ ဘယ်လိုမျိုး ရုပ်ရှင်လောကမှာ ဇာတ်လမ်းတွေကို ရိုက်ဖြစ်ခဲ့လဲ။

၈၃ ရိုက်တယ်ဆိုတော့ အဲဒီတုန်းက ရုပ်ရှင်ပဲ ရှိတာ။ ရုပ်ရှင်ကားကြီးကလဲ အဲဒီတုန်းက ဖလင်အားကိုး ရိုက်ရတာ ဖလင်အားကိုး ရိုက်တော့ ကားထုတ်အရေတွက်ကလည်း နည်းတယ်။ နည်းတော့ ဖလင်အရင်လျှေက်ရတယ်။ ဖလင်အရင်ဝယ်ရတယ်။ အဆင့်ဆင့် ဒီလိုပဲ မှာယူတင်သွင်းပြီး ရိုက်တဲ့အခါကျတော့ ရုပ်ရှင်ကား အရေအတွက်နည်းတော့ တစ်နှစ်မှ နှစ်ကားရိုက်ရတဲ့ အခါမျိုးလည်းရှိတယ်။ သုံးကားလောက် ရိုက်ရတာမျိုးလည်းရှိတယ်။ အဲတော့ အဲဒီအချိန်မှာ လုပ်နေတဲ့ ကျုရှင် လုပ်ငန်းကိုလဲ ရပ်လို့ မရဘူး။ ရပ်လို့မရတော့ ကျုရှင်ကို တစ်ဖက်ပြ ကလေးတွေကို စာသင်နေရင်းနဲ့ ရုပ်ရှင်ဝင်လာပြီဆိုရင် ရုပ်ရှင်သွားရိုက်လိုက် ကလေးတွေကို ခဏ အနားပေး။ သူတို့ စာမေးပွဲအချိန်ဆို အရမ်းပင်ပန်းတယ်။ အရမ်းကို သူတို့ကို ပြန်သင်ပေးရတယ်။

ဒါဆိုရင် အဲဒီရက်ပိုင်းတွေကတော့ ဦးအတွက် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်နေရတာပေါ့နော်။

အမြဲတမ်းလဲ ရုပ်ရှင်က မရိုက်ရဘူး ကျဲကျဲ ဆိုတော့ အဲမှာ အားတဲ့အချိန်မှာတော့ ကလေးတွေကို ဖိသင် ဖိသင်ပြီးတော့ စာမေးပွဲ သူတို့ ရက်ဆိုရင် အဆိုးဆုံးက စာမေးပွဲရက်နဲ့ သူတို့ သီတင်းကျွတ်စာမေးပွဲရက်၊ ဒီဇင်ဘာ စာမေးပွဲရက်၊ နောက်ဆုံး စာမေးပွဲရက် ရုပ်ရှင်ဝင်လာပြီဆိုရင် ရုပ်ရှင်လဲ ပြေးရိုက်လိုက်ရ။ အဲတာကျတော့ ဦးညီဂျော်တို့၊ ဦးတို့နဲ့ တွဲသင်တဲ့ ကိုခင်ဌေးတို့ ဆရာတွေပါ အစားထိုး၊ နောက်ပြီး ဦးတို့ က ပြန်သင်ပေး။ အဲဒီတုန်းက အဓိက မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဦးတို့က chemistry ပေါ့နော်။ ၉တန်း၊ဆယ်တန်းထိ chemistry သင်ပေးတယ်။ အဲလိုနဲ့နေပြီးတော့ ၈၈ ထိသင်ရတယ်။ ၈၈ ပြီးရော နောက်ပိုင်းကျတော့ ရုပ်ရှင်ကော၊ ကျုရှင်ကော၊ ရှင်နှစ်ရှင်ကြားမှာ သေတော့မှာပဲ ဆိုပြီးတော့ ကျုရှင်ကို နားလိုက်တယ်။ ရပ်ကွက်ထဲမှာတော့ ကိုယ့်ကို ဆရာတစ်ယောက်အနေနဲ့ လေးစားကြတယ်။ ချစ်ကြတယ်။ ကိုယ့်ကလည်း လူငယ်တွေကိုကလေးတွေကို ဆရာတစ်ယောက်အနေနဲ့ ပေါင်းတာ မဟုတ်ဘူး။ သူငယ်ချင်းပေါင်း ပေါင်းပြီး ကလေးတွေကို ချော့သင်ပေးတာပေါ့လေ။

 ၉၀ ကျရော ဗွီဒီယိုတွေ ပေါ်လာတယ်။ ဗွီဒီယို ပေါ်လာတော့ ဗွီဒီယို အားတွေလည်း ကောင်းလာပြီ၊ ကောင်းလာတော့ ဗွီဒီယို သီးသန့် ရိုက်တာပေါ့။ ရိုက်တော့လည်း သရုပ်ဆောင် စစ်စစ်နဲ့ပေါ့။ သရုပ်ဆောင်ပိုင်းအနေနဲ့ သိပ်အခက်အခဲတော့ မရှိပါဘူး။ တော်တော်များများကလည်း တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မျှပါတယ်။ ၉၀ နောက်ပိုင်းတော့ ဗွီဒီယိုပဲ ဆက်လက် ချီတက်ခဲ့တယ်ပေါ့။ ဗွီဒီယို ဆက်လက်ချီတက်ခဲ့တော့ ဗွီဒီယို မှာလဲ အလုပ်တွေ လုပ်ရတယ်။ အဲဒီမှာ ရုပ်ရှင်နဲ့ ဗွီဒီယို မျှနေတာပေါ့နော်။ သရုပ်ဆောင် စစ်စစ်ကိုပဲ ရပ်တည်ခဲ့တယ်။

အနုပညာလောကမှာ ကြိုစားနေစဉ်အတွင်း ကြားကာလ နာမည်ရလာခါစမှာ ကြုံတွေခဲ့ရတဲ့ အမှတ်တရ အဖြစ်ပျက်လေးကိုလည်း ပြောပြခဲ့ပါတယ်။

ဦးခုနပြောသလိုပဲ ပင်ပန်းတယ်။ ပင်ပန်းတာက ဘယ်ချိန်မှာ ပင်ပန်းလဲ ဆိုတော့ နာမည်လေး နည်းနည်း ရလာပြီ ရုပ်ရှင်ထဲမှာ ထူးသာရယ်လို့ သိလာတဲ့အတိုင်းအတာ ရှိသလို၊ ဂျော်လီဆွေရဲ့ သားရယ်လို့ သိလာသည် ဖြစ်စေ၊ ညီဂျော်ရယ်လို့ သိလာသည် ဖြစ်စေ၊ ရုပ်ရှင် သမားလို့ သိလာတဲ့ အချိန်မှာ နောက်ဆုံး အဆိုးဆုံးက ကြားကာလက တစ်ခါတလေ ဘဝက ဘတ်စ်ကား စီးလို့ မရတဲ့ ဘဝရောက်သွားတယ်။ ကားပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ကြတယ်။ ရုပ်ရှင်ထဲက ထူးသာ ထူးသာ နောက်တစ်ရောက်က ဘာလို့ကြည့်နေတာလဲ ကွာ။ သူလဲ ငါတို့လိုပဲ ဘတ်စ်ကား စီးတာပဲ ဆိုတဲ့ အဲဒီလို ဒဏ်တွေ တော်တော် ခံရတယ်။ ခံရတယ်ဆိုတာက နာမည်ရလာစ အချိန် တွန်းလှန်ရတဲ့ ဒဏ်ပဲ။ ကားလဲ ဝယ်မစီးနိုင်သေးဘူး။ အဲလိုကြားကာလပေါ့။ အဲလိုကြားကာလမှာ နာမည်ကတော့ရနေပြီ။ အကုန်လုံး သာမန် လူတွေ သွားနေတဲ့ အတိုင်းအတာပါ။ အဲဒီရဲ့ ဒဏ်တွေကို တော်တော် ခံရတယ်။

အောင်မြင်မှုကို ရရှိဖို့ ကြိုးစားနေတဲ့ အချိန် သးီခံရမယ်ဆိုတဲ့ စကားအတိုင်းပဲ သူငယ်စဉ် သရုပ်ဆောင် လုပ်ခဲ့ စဉ်က ဇာတ်ရုပ် အမျိုးမျိုးကို ကြိုးစားပြီး သရုပ်ဆောင်ခဲ့ရတယ်လို့ ပြောပြပါတယ်။

ငွေရေးကြေးရေး အဓိက မထားပဲနဲ့ ကိုယ့်အနုပညာ အောင်မြင်ရေး အတွက်ပဲ ဇာတ်ရုပ်က အစုံ လုပ်ခဲ့ရတယ်။ ဟာသဆိုတဲ့ အတိုင်းအတာမှာလဲ ဒီနေရာမှာ ညီဂျော်နေရာ ညီဂျော်မအားဘူး ထူးသာလာခဲ့။ ထူးသာမအားဘူး ညီဂျော် အဲလို ဟာသလဲ လာခဲ့။ ဒုတိယ မင်းသားလို နေရာမျိုးလဲ လာခဲ့ မင်းသမီးနဲ့ အပြိုင် မင်းသားကိုပိုးရမယ်။ နောက်ဆုံးကိုယ်ကျန်ခဲ့တာမျိုးပဲ ဖြစ်ပါစေ။ ကိုယ်နဲ့ ညားသွားတာဖြစ်စေ အဲတော့ ဦးတို့တန်းမှာ တော်တော်များများတွဲခဲ့ရတယ်ပေါ့နော်။  မစိုးတို့၊ မဆင့်တို့၊ ဆိုတာ မောင်နှမတွေလို အတိုင်းအတာ ဖြစ်နေပြီ။

အဲဒီလို ဇာတ်ပို့တွေလည်း အများကြီး နောက်တစ်ခါ လိုအပ်လို့ဗီလိန် ဆိုရင်လည်း လာခဲ့ပဲ။ ဆိုတော့ အဲလိုဇာတ်ရုပ်တွေ တော်တော်များများကို တစ်ခန်းရသည်ဖြစ်စေ။ တစ်ကားလုံးပါသည် ဖြစ်စေ ဦးတို့ ဝီရိယ မလျော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာ ဗဟုသုတနဲ့ ပြောရမယ်ဆိုရင် ဦးတို့ ထုံးက ခြေင်္သထုံး နှလုံးမူထားတယ်ပေါ့နော်။

 ဦးတို့ကြားဖူးတဲ့ ခြေင်္သေထုံးကတော့ ခြေင်္သေတို့ မည်သည်တဲ့ သားကောင်ကြီးသည် ငယ်သည် မဟုတ်ဘူး လုံးလဝီရီယ စိုက်ထုတ်ထာတော့ ပမာဏချင်းအတူတူပါပဲ။ သားကောင်သေးလို့ဆိုပြီး ဝီရီယ မလျော့ပါဘူး။ သားကောင် ကြီးလို့ဆိုပြီး ဝီရီယ ပို မထည့်ပါဘူးတဲ့။ ဗွီဒီယိုမှ မဟုတ်ပါဘူး။ ကားကြီးမှ မဟုတ်ပါဘူး။ ကိုယ်ပါတဲ့အခန်း နည်းသည် ဖြစ်စေ များသည် ဖြစ်စေ ထည့်ရတဲ့ စွမ်းအင်ကို အပြည့်အဝ ထည့်တယ်။ တစ်ချိန်မှာ ဒီလိုကားမျိုးတွေကို မြန်မာ့အသံ မြဝတီက နေပြီးတော့ Free  ပြအုံးတောင်မှ အော်ဒီကားလေးတုန်းက ထူးသာတို့ ဘယ်လို လုပ်ခဲ့တာ အမှတ်တရလေးပေါ့။ ပေါ့ပေါ့လေးပေါ့ ထူးသာတို့ တစ်ကားမှ မလုပ်ခဲ့ပါဘူး။ နောက်လာမယ့် လူငယ်တွေ တော်တော်များများလည်း အဲတာမျိုးပေါ့။ တစ်ခုခုပေါ့ ရည်မှန်းချက်ကို အကြီးကြီးထား ထားပြီးရင်  နည်းသည် များသည် မဟုတ်ပဲ လုပ်ကြပါ။

အခုလိုမျိုး ဇာတ်ရုပ်မျိုးစုံကို ကြိုးစားပြီး သရုပ်ဆောင်ခဲ့တာကြောင့် ပရိတ်သတ်တွေ ချစ်ခင်အားပေးမှု ရလာခဲ့တဲ့ ဦးထူးသာရဲ့ ဘဝမှာ အခက်ခဲတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါ စိတ်ကို အမြဲကြည်လင် စေဖို့ အတွက်ကလည်း အရေးကြီးတယ်လို့ ပြောပါတယ်။ သူ့ဘဝမှာ ခွန်အားတွေ ရရှိဖို့ဆို ဗုဒ္ဓစွမ်းအားတွေနဲ့  ဓမ္မစာပေတွေကို အားကိုးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးထူး ပြောသွားတဲ့အထဲမှာ ကျွန်တော်စိတ်အဝင်စားဆုံးအချက်တွေက ဦးငယ်ဘဝတုန်းက သရုပ်ဆောင်လောကကို ထဲထဲဝင်ဝင် ရောက်တယ်ဆိုတော့ ဦးရဲ့ ညီအစ်ကိုချင်းတူတူတောင်မှ တစ်ယောက်က သရုပ်ဆောင်လောကထဲမရောက်ပဲနဲ့ စီးပွားရေး လိုင်းဘက်ကို အားသန်သွားတယ်လို့  ထင်တယ်ပေါ့နော်။ ဦးထူး အနေနဲ့ကော အဲဒီလူငယ်ဘဝ ၂၆/၂၅ အရွယ်မှာ သရုပ်ဆောင်ကို ဇောက်ချ မလုပ်ပဲ တစ်ခြား ကျုရှင် ဆက်သင်ဖို့တွေ စီးပွားရေးလုပ်ဖို့တွေ အဲဒီလိုမျိုး လူငယ်စိတ်နဲ့ပေါ့နော်။ ရွေးချယ်ခဲ့တာတွေ ရှိလား။

ဒွီဟဖြစ်ခဲ့တာ ဦးကျန်တဲ့သူတွေလည်း သိသွားအောင် ဦးဘဝနဲ့ ယှဉ်ပြီး အမေကလည်း ကျန်းမာရေး မကောင်းဘူး အိပ်ရာထဲ လဲနေတဲ့အချိန် ကျန်တဲ့ ညီအစ်ကိုတွေကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်သွား အိမ်ထောင်ကျတဲ့သူကျ ဦးထူး တစ်ယောက်တည်းအိမ်မှာ နှစ်ယောက်သား အိမ်မှာ စားစရာမရှိတော့ ဘာလုပ်လဲ ဆိုရင် ဦးထူး တစ်သက်လုံးမမယ်ဆိုတဲ့ ဝိတ်ပြားတွေကို ပေါင်နှစ်ရာလောက်ကို ငွေနှစ်ရာလောက်နဲ့ သွားရောင်းရတယ်။

အဲတုန်းက တစ်ပေါင်ကို တစ်ကျပ်ပဲ ရတယ်။ အဲလိုတွေ ပေးဆပ်ခဲ့ရတယ်။ ဘာလုပ်မလဲဆိုတော့ အဓိက ဦးထူးတို့ရဲ့ ဂိုက်လိုင်းပေါ့နော်။ လူငယ်တွေကို ပြောချင်တာက ဂိုက်လိုင်းက ဘယ်သူလဲဆိုတော့ စာပေတွေမှာ သွားတွေ့တယ်။ ဦးထူးတို့ နိမ့်ကျနေတဲ့ စိတ် အားငယ်နေတဲ့ စိတ်တွေကို ဘယ်သူက ဦးထူးကို ဆွဲခေါ်သွားလဲ ဆိုရင် ဆရာကြီး ပီမိုးနင်းလို စာအုပ်တွေ တက်ကျမ်းလို စာအုပ်တွေ ဆရာ အောင်ဝင်း စိတ်ပညာရဲ့ အော်တို စာဂျက်ရှင်း ဆိုတဲ့ စာအုပ်။ ဆရာမင်းဆန္ဒရဲ့  စာအုပ်တွေပေါ့နော်။ အဲစာအုပ်တွေဟာ ဆိုက်ကို စာအုပ်တွေ အဲဆိုက်ကို စာအုပ်တွေက မိမိဘဝကို မြှင့်တင့်ဖို့ဟာ မိမိသာလျှင် ပဲ့ကိုင်ဆိုတဲ့ တော့ပ်ကို ရသွားတယ်။ ငါလုပ်ရင် ငါတကယ်ရတယ်ဆိုတာလဲ မြင်သွားတယ်။ ငါတကယ်ကြိုးစားရင် တကယ်ရတယ်။ အဲတာနဲ့ မဆုတ်မနစ်လုပ်ရင်လည်း တဖြေးဖြေးနဲ့  ကြံခိုင်ရင်း ကြံခိုင်ရင်းနဲ့ တစ်ဖြေးဖြေး သူများတွေ စိတ်ဓာတ်ကျလို့ ထွက်သွားတဲ့ အချိန်မှာ မကျပဲနဲ့ တလျှောက် ချီတက်နိုင်ကြောင်း  ဆွဲမြဲစွာ လုပ်ကိုင်ခြင်းကြောင့် ဒီနေရာကို ရောက်လာတာပေါ့။

ဒီနေ့ ဒီချိန်မှာ ဒီလိုရပ်တည်လို့ရတဲ့ အချက်မျိုး ဒါပေမယ့် ချမ်းသာလားဆိုတော့ မချမ်းသာပါဘူး။ ဆင်းရဲလားဆိုတော့ ဆင်းရဲတဲ့ အထဲမှာ မပါဘူး။ လူလတ်တန်းစား ထဲမှာပဲ။ သို့သော် ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်တာခြင်း တူပေမယ့် ကိုယ့်ကို ချောလို့ ကြည့်တာ မဟုတ်ဘူး။ ချစ်လို့ကြည့်ကြတာ။ ပြည်သူရဲ့ မေတ္တာကို ရတာ။ အဲတော့ အသက်ကြီးတဲ့သူကလဲ ကိုယ့်ကို ရွယ်တူတန်းတူကလဲ ချစ်သလို အောက်ငယ်ရွယ်သူတွေကလည်း ဦးထူးသာကြီး ဆိုပြီး ချစ်တယ်။ အဲတော့ ဇာတ်ရုပ်မျိုးစုံ လုပ်တဲ့အတွက်ကြောင့်မိုလို့လဲ ဒီလူသည် ရုပ်ရှင်ထဲက လူကြီးဆိုပြီး လေးစားမှုနဲ့ ချစ်တယ်။

စိတ်ပညာရှင်တို့ရဲ့ အကြီးဆုံးက ဘယ်သူလဲဆိုတော့ စိတ်ပညာရှင်ကြီးက တို့ဗုဒ္ဓဘုရား သခင် မြတ်စွာဘုရား ဖြစ်နေတယ်။ မြတ်စွာဘုရားသခင်ရဲ့ စာပေတွေ ဒီဘက်ကို ရောက်သွားတဲ့ အခါကျတော့ စိတ်ကို ထားတတ်သွားတယ်။ ထားတတ်သွားပြီးတော့ သူရဲ့လမ်းစဉ်နဲ့ပဲ ကျင့်ကြံ အားထုတ်ဖို့ အချိန်ရောက်လာတယ်ပေါ့။ အသက်ပိုင်းအရကော ကိုယ့်ရဲ့ ကျင့်ကြံဖို့ အချိန်ရောက်လာပြီဆိုတဲ့ တိုင်းတာအရ အဲဘက်ကို ဘယ်က လူငယ်တွေရတာလဲ ပြောချင်တာ။ စာက ရတာပါ။

ခုတော်တော်များများက မြန်မာပြည်မှာ သန်းငါးဆယ်ကျော်ရှိတယ်။ စာအုပ်တစ်ထောင် ရိုက်လို့ မကုန်ဘူး။ ဖေ့ဘုတ်တွေ ကြည့်ကြတယ်။ ဒီအရာကလဲ မရဘူးလား ရပါတယ်။ သို့သော် အရနည်းတာပေါ့နော်။ အရင်ဆုံး မဖတ်ရင် ဝတ္ထုလေးတော့ ဖတ်ကြည့် ဝတ္ထုမှာ တစ်အုပ်လုံး ပြီးရင် တစ်ကြောင်းနှစ်ကြောင်းတော့ ထွက်လာမယ်။ အဲဝထ္ထုကနေ ရသကနေ သုတရသလေး သွားကြည့်လိုက်။ သုတရသကနေ သုတလေး သွားကြည့်လိုက်။ သုတကနေ စိတ်ပညာ စိတ်ပညာကနေ နောက်ဆုံး မြတ်စွာဘုရား သခင်ရဲ့ ဟောကြားတဲ့ စာတွေ ရေးသားနေတဲ့ ဆရာတော်ဘုရားတွေပေါ့။

အောင်ဆန်းဆရာတော်ဘုရားကြီးတို့ ၊ဆရာတော်အရှင်ဆေကိန္ဒတို့ မေတ္တာရှင် ရွှေပြည်သာ ဆရာတော်တို့ ဆိုရင် သူတို့ရဲ့ တရားတွေဟာ တို့ဘဝလမ်းကြောင်းအတွက် ဒီလိုနေရမှာပါလား။ လူလောကမှာ နေဖို့အတွက်ကော လောကုတ္တရာအတွက်ကော တို့ဘယ်လိုနေကြရမယ်ဆိုတာ အများကြီး ပြုပြင်ပြောင်းလဲ ပေးတယ်ပေါ့နော်။ စာသည် တော်တော်များများအရေးပါတဲ့ အထဲမှာပါလာတယ်။ အဲတာကိုလည်း နောက်ပိုင်းလူတွေ တော်တော်များများပေါ့လာတာ တွေ့တယ်။ အဲတာကိုလဲ လုပ်ကြပါပေါ့နော်။ အဲတာကိုလည်း အကြံပေးချင်တယ်။

အခုဆိုရင် အနုပညာလောကဆိုတာ ကိုယ့်ရဲ့ နာမည်တစ်လုံးကို ထားခဲ့ဖို့ဆိုတာ မလွယ်ဘူးလေ။ ပရိသတ်တွေလည်း သိကြမှာပါ။ တော်တော်များများပြောတဲ့ စကား။ မအောင်မြင်ခင်မှာ အရမ်းကြမ်းတမ်းတယ်။ ပေးဆပ်ရတာတွေ များတယ်ပေါ့နော်။ ခုနက ဦးပြောတဲ့ အထဲမှာလည်း ပါတယ်။ ဦးဘဝမှာကော အောင်မြင်မှုကို ရဖို့ ကြိုးစားနေချိန်မှာ ပေးဆပ်ရတာတွေ များပြီးတော့ စိတ်ဓာတ်ကျသွားတာ မျိုးကော ရှိလား။

အနုပညာနဲ့ ပတ်သက်လို့ စိတ်ဓာတ်ကျတာတော့ မရှိဘူး။ အနုပညာနဲ့ ပတ်သက်လို့ စိတ်ဓာတ်ကျတာတော့ မရှိဆိုတာ တော်တော်များများက ကိုယ်သည် ဒီလောကမှာ ကြီးပြင်းလာတဲ့ သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တော်တော်များများ သိသင့်သိထိုက်တာတွေကို သိထားတယ်။ သိပ်ဖောင်းကြီး အတိုင်းတာမှာ မရှိခဲ့ဘူး။ အနှိမ်ခံရတဲ့ အတိုင်းတာမှာ မပါဘူး။  ချီးကျုးခံရတဲ့ အထဲမှာတော့ မပါဘူး။ အော်တော်တာပေါ့ ဒီလောကသားတွေပဲ ကိုဂျော်လီ သားတွေပဲ။ သို့သော် လူတော်ထဲမှာမပါပေမယ့် လူကောင်းဖြစ်အောင်တော့ နေတယ်။

အလုပ်ကို ကိုးနာရီ စမယ်ဆိုရင် ကိုးနာရီရောက်တယ်။ ကိုထူးသာ ဘယ်နှစ်နာရီလောက် စနိုင်မလဲ လို့ မန်နေဂျာက မေးရင် ကိုးနာရီခွဲလောက် စနိုင်မယ်ဆိုရင် ကိုးနာရီခွဲလောက် ရောက်အောင်သွားတယ်။ အဲတော့ အလုပ်နဲ့ ပတ်သက်ရင် လူမှန်ပေါ့။ အဲလို အလုပ်ပေါ်မှာ စည်းကမ်း ရှိတဲ့အတွက်ကြောင့်မို့လို့ ခုနကလို စိတ်ဓာတ်ကျစရာ အကြောင်းတော့ ဖြစ်မလာဘူး။ သူတို့ရဲ့ နှိပ်ခြင်း ပြုခြင်းလဲ မရှိဘူး။ သို့သော် ဘာတွေဖြစ်လဲဆိုတော့ တစ်ခါတလေကျရင် စားဝတ်နေရေး မပြေလည်တာတွေ ရှိတယ်။ ဆိုတော့ ဒီတစ်ခုတည်းနဲ့ စရုန်းကန်စမှာ ဒီဝင်ငွေ တိုင်းတာနဲ့ မရပ်တည်နိုင်ဘူး။ သူက ရခါစအချိန်မှာ အဲတာကိုတော့ တော်တော် တောင့်ခံရတယ်။ အနုပညာလောက ဝင်တဲ့သူတိုင်း တော်တော်တွေ့ရတယ်။ ရုပ်ရှင်မှ မဟုတ်ပါဘူး ပန်းချီဆရာလည်း ပန်းချီဆရာ အလျောက် သူနာမည် မကြီးခင်မှာ ရင်းခဲ့ရတာတွေ အများကြီး တို့တိုင်းပြည်အနေနဲ့ လက်ရှိအနေထားပြောရမယ်ဆိုလို့ ရှိရင် အရမ်းကို အနုပညာကြောင့် ချမ်းသာတဲ့သူတွေ နည်းပါတယ်။ တစ်ဖြေးဖြေး ကြာလာတော့မှ အနုပညာနဲ့ ပတ်သက်ပြီး နေရာ ရလာတာ။ နေရာမရခင် စပ်ကြားတော့ တော်တော်များများ ပင်ပန်းတယ်။

အဖေ့စကားတစ်ခုကိုလည်း ပြောရမယ်၊။ သူကဘာပြောလဲဆိုတော့ ကျွန်းတစ်ခု ဖြစ်လာဖို့ဟာ ပင်လယ်ရေအောက်မှာ မြေဆီမြေနှစ်တွေ ကနုကမာကောင်လေးတွေနဲ့ အားလုံး မြေသြဇာတွေ ပို့ချပြီး ဖြေးဖြေး မြင့်သထက်မြင့်မြင့်လာပြီး နောက်ဆုံး ရေပေါ်ကို ပေါ်လာတော့မှ ကျွန်းပါလာဟေ့ဆိုပြီး လူတွေက သတ်မှတ်ပြီး ဝိုင်းအုံပြီး လာနားကြတယ်။ နားခိုစရာ နေရာလေး ရကြတယ်။ ကျွန်းမဖြစ်ခင်မှာ အောက်မှာ နှစ်ပေါင်းများစွာ ဘယ်လောက်ထိကြာကြာ စုဆောင်းပြီး ကျွန်းဖြစ်လာဖို့အတွက် အဆီနှစ်တွေ စုဆောင်းနေရတာ ဘယ်လောက်ကြာတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး။ မမြင်လိုက်ဘူး။ တို့ အဲဒီလိုလောကကြီးတော့ တော်တော် ဖြတ်သန်းခဲ့ရတာပေါ့။

တစ်ချို့တွေကလဲ လွယ်လင့်တကူနဲ့ ပေါ်လာတာ ရှိသလို နှစ်ပေါင်းများစွာနဲ့ ရေပေါ်မှာ မပေါ်ပဲ အောက်မှာပဲ ပြန်နစ်မြှုပ်သွားတဲ့ သူလဲ ရှိပါတယ်။ ဆိုတော့ ဒါက လောကီရဲ့ အကျိုးအကြောင်းပေါ့နော်။ လောကီမှာတော့ နာမည်တစ်လုံးရဖို့က တော်တော်လေး ခဲယဉ်းတယ်။ ဦးလဲ နာမည်ရတယ်လို့တော့ မဆိုလိုပါဘူး။ သို့သော်လည်းပဲ ထိုက်သင့်သလောက် လူသိတဲ့ အဆင့်မှာတော့ ရှိတယ်။ လူသိတဲ့အတိုင်းတာ ဖြစ်လာဖို့လဲ ဦးတို့ အဲလို ရုန်းကန်ခဲ့ရပါတယ်။ ရုန်းကန်ခဲ့တယ်ဆိုတဲ့ အတိုင်းတာတော့ အနည်းနှင့်အများ ပေးဆပ်ခဲ့ရတာပါပဲ။

သူရဲ့ဘဝမှာ ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ နောက်ကွယ်ကနေ လမ်းညွှန်ပေးခဲ့ သူကတော့ သူရဲ့ဖခင်ဖြစ်သူ သရုပ်ဆောင်ဂျော်လီဆွေပဲ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။

တစ်ဖက်မှာ ပြန်ကြည့်ရင်ကော ဦးထူးက အနုပညာ မိသားစုက ပေါက်ဖွားလာတဲ့ သူဆိုတော့ အဲဒီလိုမျိုး အခက်အခဲတွေ ကြုံတွေခဲ့ရတဲ့ အချိန်မှာ ဦးထူးရဲ့ ဖခင်ပေါ့နော် ဦးဂျော်လီဆွေက ဘယ်လိုမျိုး ဦးထူးကို အနုပညာ အားတွေ ပေးခဲ့လဲ။

ဒီနေ့အချိန်ထိ ရပ်တည်တာ အဖေကျေးဇူးပဲ သူရဲ့ ၉၀% က သူရဲ့ သူက စာအရမ်းဖတ်တယ်။ ဦးထူးထက် စာဖတ်တယ်။ ဦးထူးက သူလောက်မဖတ်ဘူး။ သူဖတ်ပြီးသားကိုအလိုက်သင့် ခူးစားနေတာ။ သူပြောခဲ့တဲ့ အရာတွေချည်းပဲ။ ဒီစာလေးက ဒီလိုကောင်းတယ်ကွ။ ဒီပုဒ်လေးက ဒီလိုကောင်းတယ်ကွ။ သူပြောခဲ့တဲ့ အရာတွေပဲ တို့တွေ ပြန်ရပ်တည် ကြတာပေါ့နော်။ ရပ်တည်တော့ သူက အခက်ခဲလို့ မရှိဘူး။ ဒယ်ဒီရေ ကျွန်တော့်ကို ရူတင်မှာတော့ ဝိုင်းနှိမ်ကျတာ တစ်ခါမှတော့ မဖြစ်ခဲ့ဖူးပါဘူး။ ဖြစ်လာမယ့် အတိုင်းတာကိုလည်း သူက ကြိုမြင်ပြီးသား သူက ပြောခဲ့ပြီးသား စကားက လူတွေကို ကိုယ့်ကစပြီး ပြုံးပါ။ သူတို့ ပြုံးမှ မလုပ်ပါနဲ့တဲ့။ ဒါသူရဲ့စကား။

နောက်တစ်ခါ ဒီရုပ်ရှင်လောကမှာ ရပ်တည်ဖို့အတွက် ဒီကားတစ်ကားကို နာမည်ရရင်ရ နာမည်မရရင် ငွေရတဲ့။ နာမည်ကော ငွေကော မရဘူးဆိုရင် မကင်းတရား ရှိတယ်ကွ။ မကင်းတရားဆိုတာ မကင်းရာ မကင်းကြောင်း ဆိုတော့ ဒီသုံးချက်နဲ့ ရပ်တည်နိုင်တယ်။ ရုပ်ရှင်လောကမှာ နာမည်ရရင်ရ မရရင် ငွေရ နာမည်လဲမရဘူး ငွေလည်းမရဘူးဆိုရင် မကင်းတရား ပတ်သက်ကြောင်းလုပ်ဆိုလဲ လုပ်လိုက်ပါ။ အဲတာတွေ တစ်ချိန်မှာ အကျိုးရှိပါလိမ့်မယ်။ နာမည်ရတာနဲ့ ငွေရတာ ပြဿနာ မရှိဘူး။  မကင်းတရားကို သူက ထည့်ပြောတယ်။ ဒီလူကို ကူညီလိုက်ခြင်းအားဖြင့် ဒီလူသည် တစ်ချိန်မှာကိုယ့်အတွက် အကျိုးကျေးဇူး ရှိပါလိမ့်မယ်တဲ့။ မရှိလည်း အကြောင်းမဟုတ်ဘူး ကိုယ်သည် မေတ္တာ ထားလိုက်ရုံပဲ စေတနာ ထားလိုက်ရုံပဲ။ မေတ္တာဆိုတာ triangle ပဲလာတယ်။ သားပေါ်ထားလိုက်တဲ့ မေတ္တာသည် သားဆီက ပြန်လာချင်မှ လာမယ်။ မမျှော်လင့်ပါနဲ့ နောက်လူက လာလိမ့်မယ်။ အဲဒီလိုသွားတာပါ။

ဆိုတော့ ဒီအရာတွေက သူရဲ့ ဖော်မြူလာတွေပေါ့နော်။ သူရဲ့ အိုက်တင်လည်း အသေးစိပ် သင်ပေးတယ်။ ဦးတို့ကိုတော့ သူက သဘောတရား ပြောလိုက်ရင် ဦးတို့က သိတယ်။ ဦးညီဂျော်က ကွက်တိ လက်ဟန်ခြေဟန်ကစ သင်ပေးတာ။ သူလိုပဲ ဟာသသမား ဖြစ်အောင်လို့။ ဦးညီက ဟာသ ပိုသန်တာကိုး။ ဦးတို့က အမြဲတမ်း ဆရာကြီးလုပ်တာပဲ။ နဂိုကတည်းက ဆရာကြီး လုပ်တာပဲဆိုတော့ မင်းတို့ကတော့ ငါပြောရင် ဘယ်တော့ အကောင်း မထင်ဘူး။ သူပြောတဲ့ စကားလေးတွေ အများကြီးပဲ အမှတ်တရ လေးတွေ ရှိတယ်။ ဒါက လောကမှာ လျောက်တဲ့ အချိန်ပေါ့နော်။ သူပြောခဲ့တဲ့ လမ်းစဉ်နဲ့ပဲ လျောက်နေတာပေါ့။

ဆိုတော့ ကျွန်တော်တို့ အနုပညာလောကမှာပေါ့နော်။ အခြားလုပ်ငန်းတွေ ဘာတွေလဲ ရှိပါတယ်။ အဲလိုမျိုးအောင်မြင်မှု တစ်ခုရဖို့ ကြိုးစားရတာ ခက်သလို အောင်မြင်မှု ရပြီးသွားရင်လည်း ကြာကြာထိန်းထားဖို့ ခက်ပါတယ်။ အဲဒီလိုမျိုး ဦးထူးသာအနေနဲ့ကော အနှစ်သုံးဆယ် ကာလ ဝန်းကျင်မှာ ကိုယ့်ရဲ့ နာမည်တစ်ခုကို ကြာကြာရပ်တည်နိုင်ဖို့အတွက် ဦးအနေနဲ့ အနုပညာပေါ်မှာ ဘယ်လို စိတ်နဲ့ ကြိုးစားခဲ့ရလဲ ။

စိတ်ဓာတ်ကျတဲ့ အကြိမ်ပေါင်းများစွာကတော့ မသေးတော့ ဘူးပေါ့နော်။ ခုနက ပြောတဲ့ ငယ်ဘဝကလည်း နာမည် မရခင်ပေါ့။ ရပြီးတဲ့ အချိန်မှာ ဒါအဖေသင်ခဲ့တဲ့ စကားလုံးပါပဲ။ အနုပညာ သမားတစ်ယောက်ဟာ နာမည်တစ်လုံး ရဖို့ ခဲယဉ်းသလို ရလာတဲ့ နာမည်ကို ထိန်းသိမ်းဖို့ က ပိုခက်ပါတယ်တဲ့။ နာမည်လေး ရလာချိန်မှာ အဲဒီအပေါ်မှာ ဦးခုနက ပြောခဲ့သလိုပေါ့။ ဦးတို့က လူတော်တော့ မဟုတ်ဘူး။ လူကောင်းပေါ့။ လူကောင်းဆိုတာ ဘာကို ကောင်းတာလဲ ဆိုရင် ဟိတ္တပေါ့။ စာရိတ္တ ပေါ့နော်။ အဲတာတွေက ကောင်းခြင်းပဲ။ စည်းကမ်းရှိတာတွေ အလုပ်ကို ရိုသေတာတွေ လေးစားတာတွေ အချိန်လေးစားတာတွေ အဲတာတွေက ဦးတို့ကို အလုပ်ကိုရစေတယ်။ အဲတော့ ကောင်းသော နာမည် ဖြစ်လာဖို့ အတွက် အဲတာတွေ ထိန်းရမယ်။ အဲဒီထိန်းတော့မှ ဒီကောင်တွေ တော်ချင်မှ တော်မယ်။ ခေါ်ခိုင်းလိုက်ရင် စိတ်ချမ်းသာတယ်ကွာ။ နားအေးတယ်။

ဒီအလုပ်တစ်ခုဟာ ၃၀၀၀ နဲ့ ကိုယ့်ကို အပ်တယ်။ နောက်ပိုက်ဆံသည် ၅၀၀၀ ရမယ်။ ဒါပေမယ့် ၃၀၀၀ သမားသည် အရင် ရက်စောတယ်။ ဒီသုံးရက်နေ့ ရိုက်မယ်ဆိုပြီး ၃၀၀၀ ပေးတယ်။ အဲဒီသုံးရက်နေ့ပဲ နောက်က ၅၀၀၀ သမားလာပေးရင် ဦးတို့ လက်ခံလို့ မရဘူး။ ၅၀၀၀ ကို မက်ပြီး ၃၀၀၀ ကိုဖျက်လို့ မရဘူး။ ဒါဟာ စည်းကမ်းပဲ။ စရံရရ မရရ တို့ဟာ ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာ။ ရုပ်ရှင်မှာ စရံကြိုပေးတာ ရှိချင်မှ ရှိမယ်။ မရှိချင် မရှိဘူး။ ထိပ်ဆုံးနေ့ ရိုက်တော့မှ စရံပေးချင်ပေးတယ်။ နောက်ဆုံးပိတ်ကျမှ ကိုယ့်ရမယ့် လုပ်အားခ အကြေရတယ်။ အဲလိုသွားနေတဲ့ အတိုင်းတာမှာ နှုတ်ကတိကို အရေးကြီးဆုံးပဲ။ အဲတော့ ကတိတည်ပြီဆိုရင် အလုပ်မှာ ကောင်းတယ်ဆိုတဲ့ အတွက်ကြောင့်မိုလို့  နာမည်ပျက် မရှိဘူး။ အဲတာ ရေရှည် ရပ်တည်ဖို့အတွက် ဘာတွေလုပ်ရသလဲဆိုတော့ နောက်ဆုံးပြောရရင် ဘာသာရေးပဲ ပြောရမယ်။

 ဦးထူး ကလေးတွေကို ထုတ်တဲ့ ဖော်မြူလာပေါ့။ သူတို့ကို ထုတ်တဲ့ ဖော်မြူလာက ရုပ်ချောတိုင်း မဖြစ်ဘူး။ သရုပ်ပညာ တော်တိုင်းလည်း မဖြစ်ဘူး။ ငွေရှိတိုင်းလည်း မဖြစ်ဘူး။ အာဏာတွေလဲ မပြနဲ့ မဖြစ်ဘူးနော်။ ကျုပ်ငွေပုံပေးမယ်။ သိန်းသောင်းနဲ့ချီ ထုတ်ပေးမယ်။ ကျုပ်သားကို ဖြစ်အောင် လုပ်ပေးဆိုလဲ မဖြစ်ဘူး။ အဲတော့ နောက်ဆုံးက နံပါတ်လေးက ဆက်ဆံရေး၊ ဆက်ဆံရေးဆိုတာက ကိုယ့်အချင်းချင် ညီအစ်ကို မောင်နှမ သဖွယ် တကယ့် ပုလင်းတူ ဘူးဆို့ ချစ်ခင်ရင်းနှီးစွာဖြင့်သွားနိုင်ရမယ်။ ငါတော့ မင်းသားပဲ မင်းသမီးပဲ။ မီးထိုးပဲ တစ်နေ့ ငါးထောင် ခြောက်ထောင်လောက်ရတာ။ ငါတို့ကတော့ ငါးသောင်း ခြောက်သောင်းရတာ။ ကွာနေလို့ မရဘူး။ အဲတာ တွေအကုန်လုံးကို ညီတူ ပေါင်းနဲ့ ဆက်ဆံရင် ငွေရေး ကြေးရေး အခေါ်ပြောလဲ ပါတယ်။ သုံးသိန်းတန်တဲ့ သူက လေးသိန်း တောင်းလိုက်လို့ ရုပ်ရှင်လောကနဲ့ ဝေးကွာသွားတာ ရှိတယ်။

ရုပ်ရှင်လောကမှာ ရေရှည်လျောက်ချင်တယ်ဆိုရင် ဦးထူးပြောတဲ့ ငါးချက်ပေါ့။  သရုပ်ဆောင်ပညာ တော်တိုင်းလည်း မရပါဘူး။ ရုပ်ချောတိုင်းလဲ မရပါဘူး။ ငွေရှိတိုင်းလည်း အာဏာရှိတိုင်းလည်း မရပါဘူး။  ဆက်ဆံရေး ကောင်းရပါမယ်။ လေးနဲ့ငါးက ဆောင်ရမယ်။ ငွေရေးကြေးရေး အခေါ်ပြောက အစ များသွားလို့ မရပါဘူး။ သင့်တင့်လျောက်ပတ်စွာ လှုပ်ရှားရမယ်။ ခုနက ပြောသလို ငွေလား နာမည်လား မကင်းဇယားလား အဲပေါ်မှာ မူတည်ပြီး ကစားပေးရမယ်။ ငွေချည်း ပဲ မက်လို့မရဘူး။ နာမည်ချည်းပဲ မက်လို့ မရဘူး။ ကူညီသင့်တဲ့ သူကို ကူကို ကူညီရမယ်။

Mizzima Weekly