တရားသဘောနည်းနဲ့သာ လုံခြံုရာကို ရှာကြပါ

24 June 2015
တရားသဘောနည်းနဲ့သာ လုံခြံုရာကို ရှာကြပါ

ဗုဒ္ဓတ ရားတော်အရ ဆိုလျှင်တော့ မိမိရဲ့လုံခြုံရာဆိုသည်မှာ မိမိရဲ့ ကိုယ်စိတ်နှစ်ပါး သီလမြဲအောင် ကျင့်ကြံနေထိုင်ခြင်းမှ တစ်ပါး အခြားမရှိလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ခြောက်ဆယ်နီးပါး ကာလ အတွင်း လူတချို့ဟာ မှားယွင်းတဲ့ လုံခြုံရာရှာနည်းကို အားပြုခဲ့ကြပါတယ်။

သူတို့ဟာ ဥစ္စာဓနတွေ မဆန့်ရင်ကာ ရှာဖွေစုဆောင်းတဲ့နည်း၊ အခွင့်အာဏာတွေ လွန်ကဲစွာ ကိုင်စွဲထားတဲ့နည်းနဲ့ ကိုယ့်ကို ဆန့်ကျင်တယ်လို့ ထင်ရသူအားလုံးအပေါ် အမုန်းစိတ်၊ လက်စားချေလိုစိတ်၊ အမြစ်ပြတ် ချေမှုန်းလိုစိတ်တွေအပေါ် ရပ်တည်ဆောင်ရွက်တဲ့ နည်းတွေနဲ့ ကျင်လည်ရပ်တည်ခဲ့ကြပါတယ်။ တကယ်တော့လည်း ဒီလိုနည်းတွေနဲ့ မိမိတို့ရဲ့လုံခြုံရာကို တကယ်ကော ရှာဖွေလို့ ရနိုင်ကြပါရဲ့လား။ မိမိတို့ဘဝ ဒီနည်းနဲ့ တကယ်ကော လုံခြုံသွားကြပြီလား။ လုံခြုံရာအစစ်ကို အဲသလိုနည်းတွေနဲ့ ရအောင်ရှာလို့ ရနိုင်ခဲ့ကြရဲ့လား။ စဉ်းစားစရာတွေချည်းပါပဲ။

မနေ့တနေ့ပဲ အရင် စစ်အာဏာရှင် လက်ထက်က လက်စွမ်းအထက်ဆုံးလို့ တိုင်းပြည်က သိထားတဲ့ အာဏာရှင်ဟောင်း တစ်ယောက်က ယခင်အဖြစ်အပျက်ဟောင်းတွေကို မရေးဖို့ ခြိမ်းခြောက်သလိုလို စိတ်ဆိုး သလိုလိုစကား မီဒီယာ တစ်ခုနဲ့ ပြောလိုက်ပါတယ်။ ဒါက ဘာကို ပြဆိုသလဲဆိုတော့ တချိန်က တာဝန်ရှိသူ တစ်ဦး သူတာဝန်ရှိစဉ်က သူပြုခဲ့သမျှ သူ့ကိုယ်သူ တာဝန်မယူရဲ တာဝန်မခံရဲလို့ ပြောတဲ့သဘော သက်ရောက်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် သူမှန်တယ်ထင်လို့ လုပ်ခဲ့တဲ့ အလုပ်တွေအပေါ် ဂုဏ်ယူတဲ့စိတ်မွေးဖို့  နေနေသာသာ သူ့လုပ်ရပ်တွေကို လူတွေပြောလာကြမှာ ကိုတောင် တွေးကြောက်နေတဲ့သဘော သက်ရောက်နေတယ်။ ဒါကို သူက မီဒီယာတွေနဲ့ တွေ့တဲ့အခါ ဒီအကြောင်းတွေ ပြန်မရေးနဲ့လို့ ဆိုချင်တဲ့သဘောပါပဲ။ ဒါလည်း လုံခြုံရာရှာရတဲ့ လူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလိုပဲ ဒီလိုနည်းက တကယ်လုံခြုံရာ ရှာလို့ ရနိုင်ပါ့မလား။

ဓမ္မပဒမှာ ပါရှိတာလေးတစ်ခု ရှိပါတယ်။ “မကောင်းမှုပြုသောသူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏။ နောင်ဘဝ၌လည်း စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝတို့၌ စိုးရိမ်ရ၏။ ထိုသူသည် မိမိပြုမိသော မကောင်းမှုကိုမြင်၍ စိုးရိမ်ရ၊ ပင်ပန်းဆင်းရဲရ၏” - တဲ့။

ဒါကို တစ်ချိန်လုံးလိုလို ဘုရားထီးတော်တွေတင်၊ တချိန်လုံး ဘုရားတွေတည်၊ တချိန်လုံး အလှူဒါန တွေ သိန်းရာချီ ထောင်ချီပြီး ကုသိုလ်ပြုခဲ့ကြဖူးတဲ့ စစ်အာဏာရှင်ဟောင်းတွေ မေ့နေလို့ ဖြစ်နိုင်ပါတယ်။ တရားဟာ တရားပါပဲ။ တရားဟာ တရားအတိုင်း သွားမှာဖြစ်လို့ ဒီတရားကိုတော့ ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ဒါကိုသိလို့နဲ့ တူပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၅၅  မှာ ယခင်အစိုးရ အဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း အရေးယူခြင်းမပြုရ ဆိုပြီး ပြဋ္ဌာန်းအတည်ပြုပြီး မှားချင်သလောက်မှား ဘာမှ မဖြစ်စေရဘူးဆိုတဲ့ အာမခံ ချက်မျိုးပေးထားတဲ့ ဥပဒေမျိုးကို ထည့်ဆွဲခဲ့ကြတယ်လို့ အများက ယူဆကြပါတယ်။

ဒါကြောင့်မို့ အခုလို ပြုပြင်ပြောင်းလဲရေးကာလ ရောက်တဲ့အခါ တစ်စုံတစ်ရာ ရေးကြသားကြ၊ ဖွင့်ဟ ကြ လုပ်လာတဲ့ သတင်းမီဒီယာလောကကို သမိုင်းမကောင်းခဲ့ကြတဲ့သူတွေက ထိတ်လန့်လာကြတဲ့ သဘောလို့ ပြောလို့ ရမယ်ထင်ပါတယ်။ ဒါကြောင့်မို့လည်း သတင်းမီဒီယာသမား ၇၀ ကျော်ကို တရားစွဲ အရေးယူပြီး မရေးရဲကြရလေအောင်၊ မဖေါ်ပြရဲကြလေအောင် ဖိနှိပ်ထားကြတာလည်း ဖြစ်နိုင်တယ်လို့ အများ က ယူဆကြပါတယ်။

မှန်ပါတယ်။ ဘယ်နည်းဘယ်ဟန်နဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီလမ်းကြောင်းကတော့ မကြာခင် လမ်းမြင်လာကြရမှာကတော့ မလွဲပါပဲ။ ဒီလမ်းပေါ်မှာ ပေးဆပ်ရတဲ့ အရင်းအနှီးတွေ ပေးဆပ်ရတဲ့ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့အတူ တခြားတရားအရ ပေါ်ပေါက် လာကြမယ့် ဘယ်အကျိုးတရားကိုမဆို မိမိတို့အားလုံး တရားအရသာ ရှုမြင်လက်ခံကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မည်သူမဆို မိမိရဲ့လုံခြုံရေးကို ခြိမ်းခြောက်ဖိနှိပ်မှုများနဲ့ လုံခြုံအောင် ကာမယ့်အစား မွန်မြတ်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ရပ်များနဲ့သာ၊ တရားသဘောအရနဲ့သာ မှန်ကန်စွာ ကာကွယ်နိုင်ကြပါစေ ကြောင်း  တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly