ဂျာမနီသို့ ဒုက္ခသည်များ စီးဝင်လာမှုက အခွင့်အလမ်းဟု မာကယ်ပြော

ဂျာမနီသို့ ဒုက္ခသည်များ စီးဝင်လာမှုက အခွင့်အလမ်းဟု မာကယ်ပြော

ဘာလင်၊ ဒီဇင်ဘာ ၃၁ ။            ။ ဒုက္ခသည်ထောင်ပေါင်းများစွာ နိုင်ငံတွင်းစီးဝင်လာမှုက ဂျာမနီ၏ လူအဖွဲ့အစည်းနှင့် စီးပွားရေးအတွက် အကျိုးရှိနေသည်ဟု ဝန်ကြီးချုပ်အိန်ဂျလာမာကယ်က ဒီဇင်ဘာ ၃၁ တွင်ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက သူမ၏ အကောင်းမြင် မန္တာန် ဒါကိုကျွန်မတို့လုပ်နိုင်ပါတယ် ဆိုသည်ကို ထပ်မံပြောကြားခဲ့သေးသည်။

အများအပြားမှာ အရှေ့အလယ်ပိုင်းရှိ စစ်ပွဲမှ ထွက်ပြေးလာသော မွတ်စလင်များဖြစ်သော ရွှေ့ပြောင်းအခြေချသူများ စုဝေးလာမှုက ဂျာမနီအတွက် အချိန်၊ ခွန်အားနှင့် ငွေကြေးတို့ ကုန်ကျစေမည်ဖြစ် သည်ဟု နိုင်ငံသို့ပြောကြားသော နှစ်သစ်မိန့်ခွန်းတွင် မာကယ်က ဝန်ခံခဲ့သည်။ သို့သော်လည်း နိုင်ငံအနေဖြင့် ကိုင်တွယ်နိုင်သည့် အင်အားရှိကြောင်း ၎င်းကပြောကြားခဲ့ပြီး အလုပ်လက်မဲ့နည်းပါးမှုနှင့် လုပ်ခမြင့်မားမှုတို့ကို ထောက်ပြသည်။

"ဒီလောက်များပြားလှတဲ့လူတွေ စီးဝင်စုရုံးမှုကြောင့် ဖြစ်လာတဲ့ ဒီဖြုံလောက်တဲ့ လုပ်ငန်းကြီးကိုသာ ကျမတို့ ဒီကနေ့ မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရင် ဒါက နက်ဖြန်မှာ ကျမတို့အတွက် အခွင့်အလမ်း တစ်ခုဖြစ်လာမယ်ဆိုတာ ကျမယုံကြည်တယ်"ဟု မာကယ်ကဆိုသည်။ "ကျမတို့ စိန်ခေါ်မှုတွေရှိနေတဲ့ ကာလထဲ ရောက်နေတယ်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ကျမတို့ ဒါကိုလုပ်နိုင်တယ်ဆိုတာလည်း အမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဂျာမနီဟာ အင်အားတောင့်တင်းတဲ့နိုင်ငံတစ်ခုဖြစ်လို့ပဲ"ဟု ၎င်းကဆိုသည်။

ဂျာမနီသည် ဥရောပရှိ အခြားမည်သည့်နိုင်ငံထက်မဆို များစွာသာလွန်သည့် ပမာဏဖြင့် ရွှေ့ပြောင်းအခြေချသူတစ်သန်းကျော်ကို လက်ခံထားရသည်။ မာကယ်သည် ရွှေ့ပြောင်းအခြေချသူများကို ကြိုဆိုသည့် ဥရောပခေါင်းဆောင်အနည်းငယ်ထဲတွင် ပါဝင်ပြီး ပဋိပက္ခနှင့် နှိပ်စက်မှုတို့မှ ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးရန် ဂျာမနီတွင် တာဝန်ရှိသည်ဟု မာကယ်ကဆိုသည်။

ဂျာမနီနယ်စပ်တစ်လျှောက် တားဆီးနှိမ်နင်းရန် ဖိအားပေးမှုများကို ၎င်းကအကြိမ်ကြိမ်ပယ်ချခဲ့ပြီး ကျမတို့လုပ်နိုင်တယ်ဟု ဂျာမန်များကို ပြောသည်။ ထိုရပ်တည်ချက်ကြောင့်ပင် မာကယ်အား ယခုနှစ် တစ်နှစ်တာအတွက် အထင်ကရအဖြစ်ဆုံးပုဂ္ဂိုလ်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ယခုလအစောပိုင်းက ရွေးချယ်ခဲ့သည်။

သို့သော်လည်း ပြည်တွင်းမှာမူ ဒေသခံအသိုင်းအဝိုင်းများက မကျေမနပ်ပြောနေသကဲ့သို့ မာကယ်အပေါ်လူကြိုက်များနှုန်းနှင့် ၎င်း၏ကွန်ဆာဗေးတစ်ပါတီအပေါ်ထောက်ခံမှုမှာလည်း ထိခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly