၀ါရှင်တန်တွင် ရုရှရေးရာကျွမ်းကျင်သူ ချို့တဲ့ပြတ်လပ်နေမှုက အမေရိကန်လုံခြံုရေးကို ခြိမ်းခြောက်လာနိုင်ဟုဆို

၀ါရှင်တန်တွင် ရုရှရေးရာကျွမ်းကျင်သူ ချို့တဲ့ပြတ်လပ်နေမှုက အမေရိကန်လုံခြံုရေးကို ခြိမ်းခြောက်လာနိုင်ဟုဆို

ဝါရှင်တန်၊ ဒီဇင်ဘာ - ၃၁ ။             ။ ဝါရှင်တန်တွင် ကမ္ဘာရန်ပြိုင်ဘက် ရုရှအရေးကျွမ်းကျင်သူ ရှားပါးပြတ်လပ်နေခြင်းက မော်စကို၏ လှုပ်ရှားမှုများကို မခန့်မှန်းနိုင် ဖြစ်စေသောကြောင့် အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သည်ဟု အမေရိကန်ထောက်လှမ်းရေးအရာရှိများက သတိပေးပြောကြားလိုက်သည်။

မော်စကိုထံမှ ခြိမ်းခြောက်မှုများကို နားလည်တုန့်ပြန်နိုင်စွမ်းသော ဥရောပအခြေစိုက် ကျွမ်းကျင်သူတပ်ဖွဲ့များ အရေအတွက်တွင် အကြီးအကျယ် ယုတ်လျော့နည်းပါးလာနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာကြီးက ကျွမ်းကျင်သူများ၊ လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိဟောင်းများကို ကိုးကားဖော်ပြသွားခဲ့သည်။

သဲလွန်စအရိပ်အယောင်များကို တွေ့မြင်နေရသော်လည်း မော်စကို၏ သဘောသဘာဝကို နားမလည်သောကြောင့် ယူကရိန်းနှင့် ဆီးရီးယားလို နေရာများတွင် ရုရှ၏ လှုပ်ရှားမှုကို ခန့်မှန်းရခက်ခဲလိမ့်မည် ဟုလည်း ဝါရှင်တန်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဆီးနိတ်လက်နက်ကိုင်တပ်ဖွဲ့ ကော်မတီဥက္ကဌ ဂျွန် မက္ကိန်းကမူ ‘ကျနော်တို့ဟာ အချိုးအကွေ့တိုင်းကို အံ့သြနေရတယ်။ ရုရှတွေ ကရိုင်းမီးယားကို ဝင်တော့လည်း အံ့သြနေရတယ်။ နောက်တစ်ခါ ရုရှတွေ ဆီးရီးယားကို ဝင်တော့လည်း အံ့သြနေရတာပါပဲ’’ဟု ပြောကြားခဲ့သည်။

ရုရှနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်းလည်းဖြစ်၊ သမ္မတ အိုဘားမား၏ ရုရှနှင့် ယူရေးရှားရေးရာ ဝါရင့်အကြံပေးဟောင်းတစ်ဦးလည်းဖြစ်သည့် မိုက်ကယ် မက်ဖောက ယူရေးရှားအပေါ် အမြင်မှာ တိမ်လွန်းသည်ဟု ပြောကြားကြောင်း ဝါရှင်တန်ပို့စ် သတင်းစာတွင် ကိုးကားဖော်ပြထားသည်။

၉-၁၁တိုက်ခိုက်မှုနောက်ပိုင်းတွင် အမေရိကန်က အရှေ့အလယ်ပိုင်းအပေါ်တွင်သာ အာရုံစိုက်လာခဲ့သောကြောင့် ထိုကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာရသည်ဟုလည်း မက္ကဖောက ပြောကြား ခဲ့သည်။

‘ရုရှရဲ့ နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ပုံအမှုအကျင့်ကို ခန့်မှန်းနိုင်ဖို့ဆိုရင် အတော်ပဲ နက်နက်ရှိုင်းခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပြီး၊ အဲဒီအတွက်လည်း အသိပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်’’ဟု မက္ကဖောက ပြောကြားခဲ့သည်။

လွန်ခဲ့တဲ့နှစ် ၂၀လောက်က အမှားတော်ပုံတစ်ခုကတော့ ရုရှကို အင်အား ဆုတ်ယုတ်ချိနဲ့နေတဲ့ နိုင်ငံတစ်ခုအဖြစ် ယူဆခဲ့တာပါပဲဟုလည်း မက္ကဖောက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly