ဖိလစ်ပိုင်တွင် အမေရိကန်က လေ့ကျင့်ပေးထားသော ကွန်မန်ဒိုများက စစ်သွေးကြွ ၁၀ ဦးကိုသတ်ဖြတ်

ဖိလစ်ပိုင်တွင် အမေရိကန်က လေ့ကျင့်ပေးထားသော ကွန်မန်ဒိုများက စစ်သွေးကြွ ၁၀ ဦးကိုသတ်ဖြတ်

မနီလာ၊ ဒီဇင်ဘာ ၃၁ ။            ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံခြားသားဓါးစာခံများကို ရှာဖွေမှုအရှိန်မြင့်နေစဉ် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိကျွန်းတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတစ်ခု၌ အမေရိကန်က လေ့ကျင့်ပေးထားသည့် စစ်တပ်ကွန်မန်ဒိုများက အယ်လ်ခိုင်ဒါနှင့် ဆက်နွယ်သည့် စစ်သွေးကြွ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု စစ်တပ်ပြောခွင့်ရ အမျိုးသားတစ်ဦးက ဒီဇင်ဘာ ၃၁ တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၃၀ရက်နေ့ နောက်ပိုင်းက ဂျိုလိုကျွန်းပေါ်တွင် အဘူဆေယက်စစ်သွေးကြွအုပ်စုမှ အဖွဲ့ဝင် ၃၀၀ခန့်နှင့် ဖြစ်ပွားသော တိုက်ပွဲတစ်ခုတွင် သေဆုံးသို့မဟုတ် ဒဏ်ရာရ ဖိလစ်ပိုင်စစ်သား ရှစ်ဦးတွင် ဗိုလ်တစ်ဦးပါဝင်သည်ဟု ပြောခွင့်ရအမျိုးသား ဗိုလ်မှူး ဖီလေမွန်တန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ "အဖွဲ့ငယ်လေးတွေအဖြစ်ကွဲသွားပြီး ကျွန်းရဲ့အတွင်းပိုင်းကို ဆုတ်သွားတဲ့ အဘူဆေယက်တွေရဲ့နောက်ကို ကျွန်တော်တို့တပ်ဖွဲဝင်တွေက လိုက်နေပါတယ်"ဟု တန်ကပြောသည်။ ထို့အပြင် တိုက်ပွဲတွင် စစ်သွေးကြွ ၁၅ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

"ဒါကတော့ အဘူဆေယက်တွေ ဖမ်းထားတဲ့ နိုင်ငံခြားသားဓါးစာခံတွေ လွတ်မြောက်ဖို့ ကျွန်တော်တို့စူးစိုက်လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်"ဟု တန်ကဆိုသည်။ အဘူဆေယက်အဖွဲ့သည် နယ်သာလန်နိုင်ငံသားတစ်ဦး၊ နော်ဝေနိုင်ငံသားတစ်ဦး၊ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားနှစ်ဦးတို့ကို ဖမ်းဆီးထားသည်ဟု တန်ကပြောသည်။

လွန်ခဲ့သည့်လက အဘူဆေယက်တို့က ဖမ်ဆီးထားသည့် မလေးရှားတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ရာ ယင်းသူပုန်များအပေါ် စစ်ဆင်ရေးအရှိန်မြင့်ရန် သမ္မတဘီနစ်နိုအကွီနိုက အမိန့်ပေးခဲ့သည်။
အမေရိကန်က လေ့ကျင့်ပေးထားသော ဖိလစ်ပိုင်စစ်တပ်မှ ကွန်မန်ဒိုများသည် သူပုန်များပုန်းအောင်းရာနေရာတစ်ခုကို တိုက်ခိုက်ချေမှုန်းခဲ့ရာ သုံးနာရီကြာတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု တန်က ပြောသည်။

နောက်ပိုင်းတွင် ထွက်ပြေးနေသော သူပုန်များကို တပ်ဖွဲ့ဝင်များက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းနေရာတွင် ဓါးစာခံများရှိနေသည့် လက္ခဏာများမတွေ့ရဟု ၎င်းကဆိုသည်။ ခရစ်ယာန် အများစုရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် တောင်ပိုင်းရှိ မွတ်စလင်များတွင် အဘူဆေယက်အဖွဲ့သည် သေးငယ်သော်လည်း သဘောထားအတင်းမာဆုံး မွတ်စလင်သူပုန်အဖွဲ့ တစ်ခုဖြစ်ပြီး ပြန်ပေး ဆွဲခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းနှင့် ဗုံးခွဲခြင်းတို့ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly