အမေရိကန် - အာဆီယံထပ်သီးဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖေဖော်ဝါရီလ၌ ပြုလုပ်ရန် ၀ါရှင်တန် သတ်မှတ်

အမေရိကန် - အာဆီယံထပ်သီးဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖေဖော်ဝါရီလ၌ ပြုလုပ်ရန် ၀ါရှင်တန် သတ်မှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၁ ။            ။ အမေရိကန်သမ္မတဘားရက်အိုဘားမားသည် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များကို ကယ်လီဖိုးနီးယားပြည်နယ် ရန်ချိုမီရတ်ဂျ်တွင် လက်ခံတွေ့ဆုံကာ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၃၀ တွင် ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးမှာ အမေရိကန်သမ္မတတစ်ဦးက အာဆီယံခေါင်းဆောင် ၁၀ ဦးကို ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် အစည်းအဝေးဖြစ်ပြီး သမ္မတသည် အာရှနှင့်ပတ်သက်သည့် အမေရိကန်နိုင်ငံခြားရေးပေါ်လစီအား ပြန်လည်ချိန်ညိမှု ရည်ရွယ်ချက်ကို အားဖြည့်မည်ဖြစ်ကြောင်းလည်း အိုဘားမား၏ ရုံးကထုတ်ပြန်ခဲ့သည်။

၂၀၁၅ နိုဝင်ဘာက ကွာလာလမ်ပူတွင် စတင်ခဲ့သည့် အမေရိကန်-အာဆီယံ မဟာဗျူဟာမြောက်မိတ်ဖက်သစ် သဘောတူညီချက်အရ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေမည့် ဖိုရမ်တစ်ခုကို ယခုထိပ်သီးဆွေးနွေးပွဲတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း ယင်းရုံးက ထုတ်ပြန်သည်။

အိုဘားမားသည် လွန်ခဲ့သည့်လက ကွာလာလမ်ပူတွင် ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်များကို ကြေညာခဲ့သည်။ အစည်းအဝေးရက်စွဲကိုမူ အိမ်ဖြူတော်က သတ်မှတ်ခဲ့သည်။

ဟာဝိုင်အီတွင် မွေးဖွားခဲ့သော အိုဘားမားသည် အမေရိကန်၏ ပင်လယ်ရပ်ခြားဆက်ဆံမှုများကို အာရှနှင့် ပစိဖိတ် ကုန်သွယ်ရေးနှင့် လုံခြုံရေးတို့ဘက်သို့ အာရုံစိုက်ဦးလှည့်ကာ ပစိဖိတ်သမ္မတဖြစ်ရန်မျှော်လင့်လျက် အာဏာရယူခဲ့သည်။

သို့သော်လည်း အာဖဂန်နစ္စတန်၊ ယူကရိန်းနှင့် အာရပ်ကမ္ဘာတို့တွင် အမေရိကန်က စစ်ရေးသို့မဟုတ် သံတမန်ရေးအရ ပတ်သက်နေရသဖြင့် ၎င်းအတွက် စိတ်ရှုပ်စရာဖြစ်နေသည်။

ပါဝါမဟာပြိုင်ဘက် တရုတ်က ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုများတွင် အင်အားပြနေချိန် ဝါရှင်တန်သည် အာရှရှိ မဟာမိတ်များအပေါ် ၎င်း၏ကတိကဝတ်ကို ပြသရန် ကြိုးပမ်းနေစဉ် ယခုထိပ်သီးဆွေးနွေးပွဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly