တောင်ကိုရီးယား ဒုတိယကမ္ဘာစစ်လိင်ကျွန်များက ဂျပန်သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြ

တောင်ကိုရီးယား ဒုတိယကမ္ဘာစစ်လိင်ကျွန်များက ဂျပန်သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြ

ဆိုးလ်၊ ဒီဇင်ဘာ-၃၀ ။               ။ ပြည်သူလူထု ယုံကြည်လာစေရန် ရုန်းကန်နေရသည့်အချိန်တွင် စစ်အတွင်း လိင်ကျွန်များအရေး တောင်ကိုရီးယား၏ ဂျပန်နှင့် သဘောတူညီချက်ကို ဇိမ်မယ်ဟောင်းများနှင့် ၎င်းတို့ကို ထောက်ခံသူ ရာပေါင်းများစွာက ဒီဇင်ဘာ ၃၀ရက်နေ့တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ဆန့်ကျင်ဆန္ဒပြသူ ၂၅၀ခန့်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ဇိမ်ခန်းများတွင် ဇိမ်မယ်အဖြစ် အဓမ္မသွတ်သွင်းခံခဲ့ရသည့် ကိုရီးယားအမျိုးသမီးများကို သင်္ကေတပြု ထုလုပ်ထားသော ဂျပန်သံရုံးအပြင်ဘက်မှ ရုပ်တုနံဘေးတွင် စုရုံးခဲ့ကြသည်။

ဆန့်ကျင်သူများက ပိုစတာများကို ဝှေ့ယမ်း၊ ကြွေးကြော်သံများ အော်ဟစ်ကာ သဘောတူညီချက်ကို ရှက်စရာကောင်းသည့်အရာတစ်ခုဖြစ် ဆန့်ကျင်ပယ်ချခဲ့ကြသညါ်။

နှစ်နိုင်ငံစလုံးက နောက်ဆုံးနှင့် အပြီးသတ်ဟု ဖော်ပြခဲ့သည့် သဘောတူညီချက်အရ ဂျပန်က တနင်္လာနေ့တွင် ဝန်ချတောင်းပန်ပြီး၊ အသက်ရှင်ကျန်ရစ်နေသေးသည့် တောင်ကိုရီးယား ဇိမ်မယ်ဟောင်း ၄၆ယောက်တို့ကို ယန်းငွေ ၁ဘီလျံ(ကန်ဒေါ်လာ ၈.၃သန်း)ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ဂျပန်မှာ ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀မှ ၁၉၄၅ခုနှစ်အထိ ကိုလိုနီပြု အုပ်ချုပ်သွားခဲ့ပြီး၊ ဇိမ်မယ်ဟုခေါ်သည့် တောင်ကိုရီးယားအမျိုးသမီးများ၏ သောကမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဆယ်စုနှစ်ပေါင်းများစွာ တားဆီးနေခဲ့သော စိတ်ခံစားမှု ပြဿနာတစ်ရပ်ပင် ဖြစ်သည်။  

ယခု သမိုင်းဝင်သဘောတူညီချက်က လိင်ကျွန်များကို ဥပဒေကြောင်းအရ တရားဝင်လက်ခံရန် တိုကျို၏ ငြင်းပယ်မှုကို မကျေနပ်ကြသည့် ဇိမ်မယ်ဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများ၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

ယန်းငွေ တစ်ဘီလျံပေးကမ်းမှုမှာ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်သည်ဟု ဂျပန်က ပြောကြားခဲ့သော်လည်း တရားဝင်နစ်နာကြေးပေးခြင်းတော့မဟုတ်ပေ။

‘တိုက်ပွဲက မပြီးသေးပါဘူး။ ဆက်တိုက်ရဦးမှာပါ’’ဟု စုရုံးပွဲသို့ တက်ရောက်လာခဲ့သည့် အသက်ရှင်ကျန်ရစ်နေသည့် ဇိမ်မယ်ဟောင်း လီယောင်စူးက ပြောကြားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင်ပင် ရုပ်တုနံဘေးတွင် စုရုံးဆန္ဒပြပွဲများကို အပတ်စဉ် ကျင်းပလာခဲ့ကြပြီး ဂျပန်က တရားဝင်တောင်းပန်ရန်နှင့် တရားဝင်နစ်နာကြေးပေးရန် တောင်းဆိုလာခဲ့ကြသည်ဟု ဆိုသည်။

‘ကွယ်လွန်သွားပြီဖြစ်တဲ့ ဇိမ်မယ်ဟောင်းတွေအတွက် တရားမျှတအောင် ဂျပန်က တရားဝင်တာဝန်ယူပြီး တောင်းပန်လာဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်’ဟု အသက် ၈၈နှစ်အရွယ် လီက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly