တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်သို့ ဖိလစ်ပိုင်ဝင်မည်

တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်သို့ ဖိလစ်ပိုင်ဝင်မည်

မနီလာ၊ ဒီဇင်ဘာ ၃၀ ။            ။ ဖိလစ်ပိုင်သည် တရုတ်ကျောထောက်နောက်ခံ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြုပ်နှံမှုဘဏ်(AIIB)သို့ ဝင်ရန်စီစဉ်ထားပြီး ယင်းဘဏ်က နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြင့်ပေးနိုင်သည့် အလားအလာရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟုလည်း ဖိလစ်ပိုင်က ပြောသည်။

တရုတ်၏ အကြီးမားဆုံးနိုင်ငံခြားရေးပေါ်လစီအောင်မြင်မှုတစ်ခုဖြစ်လာသော AIIB ကို တရားဝင်ဖွဲ့စည်းခဲ့ပြီး လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းလည်ပတ်မည်ဟု မျှော်လင့်ရသည်။ ဝါရှင်တန်က ဆန့်ကျင်နေသည့်တိုင် ၎င်း၏အဓိကမဟာမိတ်များဖြစ်သော သြစတြေးလျ၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် တောင်ကိုရီးယားတို့လည်း ယင်းဘဏ်သို့ ဝင်ထားသည်။ AIIB ဘဏ်ကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အလားအလာရှိသော ပြိုင်ဘက်အဖြစ် ရှုမြင်ကြသည်။

သို့သော်လည်း ဖိလစ်ပိုင်အတွက် စီးပွားရေးတိုးတက်မှုကို အရှိန်မြင့်ရာတွင် AIIB သည် လက်ရှိတည်ရှိနေသော ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများကို မြင့်မားတိုးတက်စေလိမ့်မည်ဟု ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီး ဆီဇာပူရီဆီမာက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ "AIIB ဟာ ရင်းနှီးမြုပ်နှံမှုလိုအပ်ချက်တွေကို ကိုင်တွယ်ရာမှာ အလားအလားရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်"ဟု ပူရီဆီမာကဆိုသည်။ ထို့အပြင် ယင်းဘဏ်က ပွင့်လင်းမြင်သာမှုရှိခြင်း၊ လွတ်လပ်ပွင့်လင်းခြင်းနှင့် တာဝန်ယူနိုင်ခြင်းတို့အတွက် ကတိပြုထားသည်ဟု ဖိလစ်ပိုင်က ယုံကြည်သည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးဖိလစ်ပိုင်သည် ၎င်း၏အခြေခံအဆောက်အအုံ လိုအပ်ချက်အား ငွေကြေးထောက်ပံ့ရန် ၂၀၁၀မှ ၂၀၂၀အတွင်း အမေရိကန်ဒေါ်လာ ၁၂၇ဘီလျံလိုအပ်နေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားသည်။ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံများသည် AIIB ၏ ခွင့်ပြုအရင်းအနှီးအမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀အနက် ၂၀ရာခိုင်နှုန်း ကနဦးပေးရမည်ဖြစ်သည်။ ဖိလစ်ပိုင်အတွက် ထည့်ဝင်ရမည့် အရင်းနှီးမှာ ဒေါ်လာ ၁၉၆သန်းဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ပြောသည်။

မနီလာသည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းအချို့နှင့်ပတ်သက်၍ ပေကျင်းနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။ ယင်းပြသနာအား သည်ဟိဂ်ရှိ ခုံရုံးတွင် ရင်ဆိုင်ရန် ဖိလစ်ပိုင်က ပေကျင်းကို စိန်ခေါ်ထားသည်။ သို့သော်ယင်းတရားရုံးကို ပေကျင်းက အသိအမှတ်မပြုပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly