လူစင်စစ်ကို သရဲအဖြစ် ဖန်တီးပေးတဲ့ ဖြူဖြူသွယ်သွယ်ကောင်မလေး ဟန်နားယူရီ

30 December 2015
လူစင်စစ်ကို သရဲအဖြစ် ဖန်တီးပေးတဲ့ ဖြူဖြူသွယ်သွယ်ကောင်မလေး ဟန်နားယူရီ
 

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဒဏ်ရာဒဏ်ချက်တွေ အမာရွတ်တွေ ကြောက်စရာကောင်းတဲ့ မျက်နှာတွေ စတဲ့ ပုံစံ အမျိုးမျိုးကို မြင်ဖူးကြမှာပါ။ အဲဒီလို မျက်နှာအနေအထား အမျိုးမျိုးကို အထူးပြုလုပ်ချက်ပညာနဲ့ ပုံဖေါ်လိမ်းချယ်ပေးရတာကို မိတ်ကပ်ပညာလို့ ခေါ်ပါတယ်။ တကယ်တော့လည်း မိတ်ကပ် အထူးပြုလုပ်ချက်ပညာရပ်ကို ဝါသနာပါပြီး လိမ်းချယ်ပေးရတာလဲ မလွယ်လှပါဘူး။ ဒါပေမယ့် “ဟန်နားယူရီ” ဆိုတဲ့ မိန်းကလေးကတော့ ဒီလို မိတ်ကပ် အထူးပြုလုပ်ရတာကို ဝါသနာ ကြီးလွန်းသူပါ။ 

လတ်တလော အနုပညာလောကထဲမှာ လူအများ စိတ်ဝင်စားခြင်း ခံနေရတဲ့ ကောင်မလေး တစ်ယောက်ရှိပါတယ်။ နာမည်ဆန်းဆန်းလေးနဲ့ ဖြူဖြူသွယ်သွယ် ကောင်မလေး တစ်ယောက်ဟာ သူမရဲ့ ရုပ်ရည်နဲ့ မလိုက်ဖက်တဲ့ အလုပ်တစ်ခုကို ရွေးချယ်လုပ်ကိုင်နေတဲ့ အခါမှာ အားလုံးက အံသြမိကြပါတယ်။ သူမကတော့ အနိဌာရုံ ရုပ်ပျက်ဆင်းပျက် ပုံစံတွေကို ဖန်တီးပုံဖော်ရတာ ဝါသနာ ထုံတဲ့ “ဟန်နားယူရီ”ဆိုတဲ့ မိတ်ကပ်ပညာရှင် မိန်းမချောလေးပါပဲ။

ညီမနာမည်အရင်းကတော့ ရူပါထွန်းတင်ပေါ့နော်။ ညီမက တော်တော်များများ ညီမ အနုပညာလုပ်တာလေးတွေကို ဟန်နားယူရီဆိုတဲ့ နာမည်ပေါ့နော်။ ဂျပန်ကာတွန်း ဇာတ်ကောင်လေးပေါ့နော်။ အဲတာလေးနဲ့ ညီမ ဒီနာမည်လေးကို ရွေးချယ်ပြီးတော့ လုပ် ဖြစ်တာရှင့်။ တော်တော်များများကတော့ ညီမကို ဟန်နားယူရီလို့ သိတယ်ရှင့်။ ညီမက မိုးကုတ်မြို့ ပတ္တမြားမြေမှာ မွေးတယ်ရှင့်။ ညီမ ကိုးတန်းလောက်အထိ မိုးကုတ်မှာပဲပေါ့။ ဒီဆယ်တန်း တို့ဘာတို့ဆိုရင် ညီမ ပညာရေး အတွက်ပေ့ါနော်။ ညီမတို့ မြို့မှာ တက္ကသိုလ် မရှိဘူးရှင့်။  အဲတာကြောင့် ညီမ တောင်ကြီးမြို့ အဖိုးအဘွားတွေ ရှိတဲ့ နေရာကို ပြောင်းလာတယ်ပေါ့နော်။ တောင်ကြီးမှာ ညီမ ဆယ်တန်းပြီးတယ်။ ပြီးတော့ တောင်ကြီး တက္ကသိုလ်မှာ ညီမ အီးမေဂျာနဲ့ ဘွဲ့ရပြီးတော့ ဒီကျောင်းလေးကို တက်ဖြစ်တာရှင့်။

အလှအပ အရမ်းကြိုက်တဲ့ ရှမ်းတရုတ်ဗမာကပြားမလေး ဟန်နားယူရီဟာ သူမရဲ့ ငယ်ဘဝ အိမ်မက်တွေ အကြောင်းကို အသံဝဲဝဲလေးနဲ့ ပြောပြပါတယ်။

ညီမ ငယ်ငယ်တုန်းက ဖြစ်ချင်တာက မင်းသမီး ဖြစ်ချင်တယ်။ ငယ်ငယ်တုန်းကတည်းက အလှအပ အရမ်းကြိုက်တယ်။ ညီမကြီးလာရင် မင်းသမီးလုပ်မယ်ပေါ့နော်။ ညီမ ဓာတ်ပုံရိုက်ရတာလဲ အရမ်းပျော်တော့လေ။ ဓာတ်ပုံရိုက်ရမယ်။ သရုပ်ဆောင်ရမယ်။ အဲတာတွေ အရမ်းကြိုက်တော့ ညီမ အဲလိုမျိုး ထင်ခဲ့တာရှင့်။ ညီမ ဆယ်တန်းပြီးတဲ့ နောက်ပိုင်း ညီမစိတ်က Artist တစ်ယောက်အနေနဲ့ ကိုယ့်ပညာလေး တစ်ခုအနေနဲ့ အောင်မြင်ချင်တယ်။ ပြီးတော့ ညီမအရွယ်ရောက်လာတဲ့ အချိန်မှာ သရဲကားတို့ အဲလိုမျိုး Creation  တွေလုပ်ရတာမျိုး ပုံဆွဲရတာမျိုး ဝါသနာပါတယ်။ ဒီမိတ်ကပ်တွေ ဘာတွေနဲ့ စက္ကူတွေ ခြယ်တာမျိုး ညီမဝါသနာ စဖြစ်လာတယ်ပေါ့နော်။

ငယ်ငယ်က မင်းသမီး ဖြစ်ချင်တဲ့ သူမဟာ ခုချိန်မှာလဲ Photo Model  တစ်ယောက်အနေနဲ့ ဓာတ်ပုံတွေကို ရိုက်နေသလို တစ်ချို့ Mtv  တွေမှာလည်း ပါဝင်သရုပ်ဆောင် ထားတာကြောင့် လူငယ် ပရိတ်သတ်တွေ အနေနဲ့ကတော့ သူမနဲ့ မစိမ်းတော့ပါဘူး။ ဒါပေမယ့်အဲဒီအနုပညာ လှုပ်ရှားမှုတွေထက် အခုလူတွေ သူမကို ပိုပြီး သတိထားမိလာတာက ဝိညာဉ်စိမ်း ဇာတ်ကားထဲက ထိတ်လန့် ကြောက်လန့်စရာ ကောင်းတဲ့ သရဲ တစ္ဆေအရုပ်တွေကို ပုံဖော် အသက်သွင်းပေးမယ့် မိတ်ကပ်ဆရာမလေး တစ်ယောက် အဖြစ်ပါပဲ။

အဲဒီဇာတ်ကောင်ကဆိုရင် ကိုရန်လေးဆိုရင် သူက သေတာ မကြာသေးတဲ့ ပုံစံမျိုးပေါ့နော်။ သူက ရက်တောင်မလည်သေးပဲ ပြန်ခေါ်လာတဲ့ ပုံစံမျိုး သရဲ ဇာတ်ကောင်ပုံစံပေါ့နော်။ အဲလိုလုပ်ရတာဆိုတော့ သူ့ကိုဆို ညီမတို့  လုံးဝ မျက်နှာ က ဖြူဖြူဖွေးဖွေးနဲ့ သွေးမရှိတဲ့ ပုံစံမျိုးပေါ့နော်။ ညီမတို့ အဲလို ပြင်ရတယ်။ ဦးကျော်သူဆို သေတာ အရမ်းကြာနေပြီ။ ပုပ်ပွနေတဲ့ မြေကြီးထဲက အလောင်းပေါ့နော်။ အဲတော့ လူကြီးကို သဲတွေ ရွံ့တွေနဲ့သွားရှာပြီးတော့ လုပ်လို့ မရတော့ဘူး။ မြန်မာသနပ်ခါးကို ဘယ်လို အရောင်ပြောင်းပြီးတော့ အသေးစိတ် အဲလို လုပ်ရတာတွေ သူ့မျက်နှာကို ပိုပြီး ကြောက်ဖို့ကောင်းအောင် ဘယ်လို လုပ်ရမလဲ။ ကြာပြီဆိုတော့ ဒီမျက်နှာကို အနာတွေလုပ်မယ် ပြီးရင် သွေးတွေ နဲ့ အဲဒီမှာ လောက်တွေပေါ့နော်။ ဥပမာ လောက်ဆိုရင်လည်း ဆန်တို့ ကောက်ညှင်းဆန်တို့ အဲလို ဆန်လုံးရှည်ရှည်လေးတွေ သုံးမယ်ဆိုရင် အဲတာကို အဖြူကြီး ပေါ်နေမှာဆိုးလို့ အရောင်တွေဘာတွေ တစ်ဆင့်ပြန်ဆိုးရတယ်။ ရုပ်ဆိုးပန်းဆိုး ဘယ်လိုပြောမလဲ ရွံ့ဖို့ကောင်းအောင်ပေါ့နော်။ ဆန့်ကျင်ဖက် ဆိုးဆိုးဝါးဝါး အဲလို ဖြစ်နေအောင် အချိန်ယူရတယ်ရှင့်။

ထိုင်းနိုင်ငံမှာ မိတ်ကပ် Brand  တစ်ခုကို စီးပွားရေး တစ်ခု အနေနဲ့  မြန်မာပြည် ကိုယ်စားလှယ်ယူဖို့ ကြိုစားရာကနေ သူမစိတ်ဝင်စားတဲ့ မိတ်ကပ်ပညာကိုလဲ လေ့လာဖြစ်ဖို့ပါ အကြောင်းဖန်လာခဲ့ပါတယ်။

အရင်ဦးဆုံးပေါ့နော်။ ညီမ အလုပ် လုပ်ရင်းနဲ့ ဒီ product  တွေကို ယိုးဒယားနဲ့ မြန်မာနဲ့ Skin Product  တစ်ခုကို ကိုယ်စားလှယ် ယူပြီး ဖြန့်နေတာ ရှင့်။ အဲတာနဲ့ အလုပ်ကိစ္စနဲ့ ခဏခဏ ဘန်ကောက်ရောက်ဖြစ်တော့ အဲတာလေးကို ညီမ scandinavian makeup studio ဆိုတဲ့ ဟာလေးရှင့် ညီမ အဲတာလေးကို တွေ့တော့ အဲမှာပေါ့နော်။ ဈေးနှုန်းတွေ ညီမ ဘယ်လို ဘယ်အရာ လိုအပ်မလဲပေါ့နော်။ ရေရှည်လာနေရမှာဆိုတော့ ညီမ ဘာတွေ ပြင်ဆင်ရမလဲ ပေါ့နော်။ အဲတာလေးတွေ အချက်လက်လေးတွေ စုဆောင်းပြီးတော့ ညီမ မြန်မာပြည်မှာ အလုပ် ပြန်လုပ်တယ်ရှင့်။ အလုပ်ပြန်လုပ်ပြီး အချိန်ယူပြီးတော့မှ ညီမ အဲဒီကျောင်းကိုသွားတက်တာရှင့်။

ဒီလိုပဲ ကျောင်းတက်ရင်း အလုပ် လုပ်ရင်းနဲ့ တစ်နှစ်ခွဲလောက် အကြာမှာ သူမ မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟန်နားယူရီ ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပါတော့တယ်။

အဓိက ရည်ရွယ်ချက်က ပထမဆုံး ဒီပညာ တတ်လာပြီပေါ့နော်။ ဒါဆိုရင် ဒီပညာနဲ့ ဒီမြန်မာပြည်မှာ ပြန်ပြီး အလုပ် လုပ်လို့ရမယ်။ ဒီမှာ အလုပ်တွေ လုပ်ပြီးတော့ ဟိုမှာ ကျောင်းသွားတက်မယ် ဆိုရင်လဲ ပြီးရင် မြန်မာပြည်ကိုပဲ ပြန်လာရမှာပေါ့နော်။ အဲဒီလိုဆို အဆက်မပြတ် ကိုယ့်အလုပ်လေးကို အရင်ဆုံး ကြိုးစားထားပြီးတော့  အဲလိုမျိုး အစိမ်းသက်သက် ဝင်တာထက် ဒီလုပ်ငန်းတွေမှာ အရင်ဆုံး အလုပ်ကလေးတွေ ကြိုးစားထားမယ်။ ပြီးတော့မှ ကျောင်းဆက်တက်မယ်ဆိုလဲ ခဏ ပြီးရင်လည်း ဟိုမှာ ကျောင်းဆက်တက်ပြီး ဒီမှာပဲ ပြန်လာ အလုပ်လုပ်ရမှာလေ  ကိုယ့်နိုင်ငံမှာ အဲတာကြောင့် အဲလို အဆက်မပြတ် ဖြစ်အောင်လို့ပေါ့။

အခုဆိုရင် သူမ ဖန်တီးထာတဲ့ သရဲတစ္တေ ရုပ်ပုံေတွေကိုပရိတ်သတ်တွေက ရင်ခုန်စွာစောင့်မျှော်နေကြရပါပြီ။ သူမရဲ့ Special effect  မိတ်ကပ် ဖန်တီးပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ သူမက ပြောပြပါသေးတယ်။

ဒီဦးရေပြားဆိုရင် တော်ရုံတန်ရုံ ပလတ်စအိပ်လေးတွေ စွပ်လိုက်တာ များတယ်အရင်တုန်းကပေါ့နော်။ ရင်းတို့က ကျတော့ ဒီပုံစံခွက်ပေါ့နော်။ လူခေါင်းပုံစံ ပုံစံခွက်လေးကို ပြီးတော့ သားရေဘယ်လို လုပ်မလဲ။ ကော်ပေါ့နော်။ ကော်အဖြူတွေ ဘာတွေနဲ့ တစ်ထပ်ချင်း တစ်ထပ်ချင်း Layer 8 layer  ပေါ့နော်။ လုံးဝ လူရဲ့ ဦးရေပြားအတိုင်းပဲ မညီမညာ ဖြစ်နေတာပေါ့နော်။ အလွှာလေးကို အဲလိုလုပ်ရတယ်။ ပြီးရင် အခြောက်ခံရတယ်။ ပြီးရင် ဆံပင်ကို သိမ်းထားတဲ့ လူပေါ်မှာ စွပ်လိုက်တယ်။ ပြီးရင် လူသားရေနဲ့ ညီအောင် မိတ်ကပ်ကို ခြယ်ရတယ်။ ကတုံး တုံးထားတယ်ဆို လုံးဝ အဲလို ဖြစ်နေအောင်ပေါ့နော်။ ဥပမာ ဖောင်းပြီးတော့ ဆံပင်အတုကြီး စွပ်ထားသလိုမျိုး မသိသာရအောင် လုံးဝ လူဦးရေနဲ့ တစ်ထပ်တည်း ဖြစ်အောင် လုပ်ရတယ်ရှင့်။ ဒါဆိုရင် ညီမလုပ်နေတာ ခုစုစုပေါင်း ခြောက်လွှာ ရှိသွားပြီ။ ညီမ လုပ်ရမှာက ရှစ်လွှာ လုပ်ရမှာ ရှင့်။ ဒီအရာလေးကို ညီမတို့ ခဏနေကျ ခွာပြီးရင် အထဲမှာ မစီးကပ်အောင် လုပ်မယ်။ ညီမ ဒါခွာပြီးသွားရင် သူက အဖြူလေးပဲ ဖြစ်နေမှာရှင့်။ အဖြူလွှာလေး ဖြစ်နေမှာ အဲတာကို လူခေါင်းမှာ ကပ်လိုက်မယ်။ ကပ်ပြီးတော့ ကော်တွေ ဘာတွေနဲ့ ညီမတို့ ဖိမယ်။ အင်္ဂတေတွေ ဘာတွေ ကိုင်သလိုပေါ့နော်။ လုံးဝ အသားနဲ့ တစ်ထပ်တည်း ဖြစ်အောင် တစ်ဆင့်ခြင်း လုပ်မယ်။ ပြီးရင် ညီမတို့ ဒီအရာကို အဲလူရဲ့ မျက်နှာ အတိုင်း ဖြစ်အေင် ခြယ်မယ် ရှင့်။

ဒီအလုပ်ကို ငယ်ငယ်ရွယ်ရွယ် မိန်းမချောလေး တစ်ယောက်က လုပ်မယ်လို့ လူတွေက ထင်ထားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမရဲ့ မိသားစုတွေကတော့ သူမကို သွေးထွက်သံယို ရုပ်ပျက်ဆင်းပျက် ပုံသဏ္ဍာန်တွေနဲ့  မြင်နေကျ ဖြစ်နေပါပြီတဲ့။

အိမ်က လူကြီးတွေက လန့်တာပေါ့နော်။ အဲလို နိမိတ်မရှိ နမာမရှိတွေ။ လုပ်ပြန်ပြီ။ ဘာပဲဖြစ်ဖြစ် ဘုရားနဲ့ တရားနဲ့ နေတာကို အဘွားတွေက အဲလိုမျိုးတွေပေါ့နော်။   နောက်ပိုင်းကျတော့   ကြောက်လာတယ် အရင်ကဆို ပြင်ပြင်ပြီးသွားရင် ရုတ်တရက် သွားမေးတာတို့ အဲလိုကြောက်လာ သူတို့ လန့်သွားတယ်။ ဒါပေမယ့် တစ်ဖြေးဖြေး သူတို့ ယဉ်ပါးလာတယ်ရှင့်။ သူတို့ မကြောက်တော့ဘူး။ ခဏနေကျ မိတ်ကပ်လှလှလေးနဲ့ ထိုင်နေ၊ ခဏနေကြ ရုပ်ပျက်ဆင်းပျက်နဲ့ ထိုင်နေပြန်ပြီဆို နောက်ပိုင်းတော့ လူကြီးတွေက သိတယ်။ ဝါသနာ အရမ်းပါတယ်ဆိုတော့ လူကြီးတွေက အကုန်လုံး ထောက်ပံ့ပေးတယ် အကြံပေးတယ်ပေါ့နော်။

ပုံမှန် အလှပြင်တာထက် သွေးထွက် သံယို ရုပ်တွေကို ပုံဖော်ရတာကို ပိုပြီး ကြိုက်နေတဲ့ သူမကို သရဲပုံတွေကို ပုံဖော်ရအောင် သရဲတွေကိုရော မြင်ဘူးလားလို့  မေးကြည့်လိုက်တဲ့ အခါမှာ သူမရဲ့ အဖြေတွေကလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

တော်တော်များများဆိုရင် ငယ်ငယ်က ဘဝတစ်လျောက်မှာ သရဲကို ကိုယ်တိုင်တွေ့တာတို့ အဲလိုမျိုးလေးတွေ ရှိဖူးတယ်ရှင့်။ ပြီးရင် သရဲကိုလည်း အရမ်းကြောက်တယ်။ သရဲကိုလည်း ခဏခဏ တွေ့တယ်။ သရဲကားကို လည်း ခဏခဏ ကြည့်တယ်။

အခုဆိုရင် တစ်ဖက်မှာလဲ Special effect  မိတ်ကပ်ပညာနဲ့ ဝါသနာပါရာ အိမ်မက်တွေကို သူမ အကောင်ထည်ဖော်နေသလို တစ်ဖက်မှာလဲ မျိုးဆက်သစ် ဝါသနာရှင်တွေ အတွက်လည်းသင်တန်းတစ်ခုကို ဖွင့်လှစ်ပြီးတော့ မိတ်ကပ်ပညာတွေကို မျှဝေပေးလျှက်ရှိနေပါတယ်။

ဒီသင်တန်းကျောင်းက professional မိတ်ကပ် Atist  တစ်ယောက်အနေနဲ့ပေါ့နော်။ ဒါပေမယ့် ကြေငြာထားတာက အခြေခံ မိတ်ကပ်လို့ပဲ ကြေငြာထားတာပေါ့နော်။ အခြေခံ မိတ်ကပ်ဆိုတာက ဒီ professional တွေရဲ့ Body ပိန်းတွေ  Special  effect  တွေ မပါဘူး။ အလှပ မိတ်ကပ်ကို အစဆုံး ဆိုင်လဲ ပြန်ဖွင့်လို့ ရအောင် ကိုယ်တိုင်လည်း လှလှလေး ပြင်တတ်အောင်ပေါ့။ အဲလိုမျိုး နှစ်ပတ်သင်တန်းရှင့်။

ဒါအပြင် တစ်ချိန်က သူမ မျှော်လင့်ခဲ့ဖူးတဲ့ Make-up and Skin care Barand  တစ်ခုကို မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ တင်သွင်းချင်တဲ့ ဆန္ဒဟာလည်း အခုချိန်မှာ စတင်ပြီး အကောင်ထည်ပေါ်လာနေပါပြီ။

စီးပွားရေး လုပ်မယ်ဆိုတာလဲ အလုပ်တစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူး။ ပြီးတော့ ညီမက ခုဖြစ်ချင်တာက စီးပွားရေး ဖြစ်ဖို့ဆိုတာ အလုပ်ပေ့ါနော်။ အခု ဒီအရာကျတော့ ညီမ ဖြစ်ချင်တဲ့ရည်မှန်းချက်၊ Artist တစ်ယောက်အနေနဲ့ပေါ့နော်။ အခုဆိုရင်လည်း စီးပွားရေးက ညီမ စကတည်းက Online Shop  ကနေ စခဲ့တာပေါ့နော်။ ခုဆိုရင် မြန်မာနိုင်ငံအတွက် Official  ကုမ္ပဏီလေးကိုလည်း တည်ထောင်လိုက်ပြီ။ ခုဒီProduct  လေးတွေ စပြီးရောင်းနေပြီ။။အဲတော့ကျတော့ အဲဒီအလုပ်ကနေ တစ်ဖက်လည်း ညီမရဲ့ အလုပ်ကို အထောက်ပံ့ပြုတယ်။ ဥပမာ-စတူဒီယိုလေးတွေ ဖွင့်ဖို့ပေါ့နော်။ ညီမ အလုပ်ကိုင် မိတ်ကပ်အလုပ်တွေနဲ့ ဝင်ငွေမရသေးပေမယ့် ဒီအရာလေးတွေနဲ့ပေါ့နော်။ အလုပ်နှစ်ခုကတော့ အဲလို တွဲနေတာရှင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly