ပါကစ္စတန် အစိုးရရုံးကို အသေခံဗုံးခွဲ၍ လူ ၂၂ ဦးသေဆုံး

ပါကစ္စတန် အစိုးရရုံးကို အသေခံဗုံးခွဲ၍ လူ ၂၂ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင်ရှိသော အစိုးရရုံးတစ်ရုံးကို အသေခံဗုံးခွဲခဲ့သည့် တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၂ ဦးသေဆုံးကြောင်း ရဲဌာနက ပြောသည်။

မာဒါန်မြို့အတွင်းရှိ အမျိုးသားအချက်အလက်နှင့် မှတ်ပုံတင်ဦးစီးရုံး အပြင်ဖက်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန် တာလီဘန် အုပ်စုခွဲတစ်ခုက ယင်းတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ကြောင်း ကြေညာထားသည်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူဦးရေမှာ ၃၀ ကျော်ထက်မနည်းရှိခဲ့သည်။

ယခုအသေခံဗုံးခွဲတိုက်ခိုက်မှုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားသွားခဲ့သော ပတ်ရှ်ဝါမြို့တွင်း စာသင်ကျောင်းတိုက်ခိုက်မှု၌ ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမပေါင်း ၁၅၀ သေဆုံးခဲ့သည့် လူအစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုကြီးနောက်ပိုင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်။

သတင်းများအရ အသေခံဗုံးခွဲသမားတစ်ဦးက မော်တော်ဆိုင်ကယ် မောင်းနှင်လျက် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ရုံးအပြင်ဖက်၌ လုံခြုံရေးအစောင့်က ရပ်ခိုင်းချိန်တွင် ၎င်းကိုယ်ကို ဗုံးဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုံးသည် မှတ်ပုံရရှိရေး တန်းစီစောင့်ဆိုင်းနေသည့် လူများဖြင့် အမြဲလို လူများ ပြည့်နေတတ်သည့် ရုံးတစ်ရုံးဖြစ်သည်။

ရဲက သေဆုံးသူဦးရေ ၂၂ ဦးကို အတည်ပြုပြီး သေဆုံးဒဏ်ရာရရှိသူ အများစုက အရပ်သားပြည်သူများဖြစ်ကြောင်း ဘီဘီစီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly