တစ်ကိုယ်တော် အခွေကို ဂျင် ဟု အမည်ပေး ထားသည့် အဆိုတော် G-Fatt

တစ်ကိုယ်တော် အခွေကို ဂျင် ဟု အမည်ပေး ထားသည့် အဆိုတော် G-Fatt

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ။           ။ အွန်လိုင်းတွင် လူငယ် ပရိသတ်များကြား အောင်မြင်နေသည့် လူငယ် အဆိုတော် G-Fatt သည် ၎င်း၏ ဂျင်ဟု အမည် ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် အသစ်ကို ၂၀၁၆ ခုနှစ် ဧပြီလ မတိုင်ခင် ထွက်ရှိရန် စီစဉ်လျက် ရှိသည်။

"ဒီနိုင်ငံက နင်ထွက်သွားတော့မယ်ဆို အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးလဲ ငိုလို့" ဆိုတဲ့ သီချင်း စာသားကို လူငယ် ပရိသတ် အနေနဲ့ သိရှိပြီးသား ဖြစ်သလို လက်ရှိ အွန်လိုင်းတွင် ပေါက်နေသည့် ပြည်ပ သို့ပေးစာ ဆိုတဲ့ သီချင်းတစ်ပုဒ် ဖြစ်သည်။

ထို သီချင်း ပိုင်ရှင်ကတော့ လူငယ်အဆိုတော် G-Fatt ဖြစ်ပြီး ၎င်း၏ သီချင်း တော်တော်များများသည် လူငယ် ပရိသတ်များကြား ခေတ်စားနေသည့် သီချင်းတစ်ပုဒ် ဖြစ်သလို Shwe FM ၆နှစ်ပြည့် နှစ်ပတ်လည် တေးအယ်ဘမ်တွင် ပါဝင်သည့် ၎င်းနှင့် အဆိုတော် အိမ့်ချစ်တို့ သီဆိုထားသည့် မင်းသမီး နှင့် ကျွန်တော် သီချင်းကတော့ အားပေးမှုများစွာ ရရှိထားသည့် တေးသီချင်း တစ်ပုဒ် ဖြစ်သည်။

ထို အယ်ဘမ် တစ်ခုလုံးကို အဆိုတော် G-Fatt မှ ကိုယ်တိုင် ရေးသားထားသည့် တေးသီချင်း ၁၂ပုဒ် ပါဝင်မည် ဖြစ်ပြီး Hip Hop ပုံစံများ အပြင် ယခင်က အွန်လိုင်းတွင် ပေါက်နေသည့် သီချင်းများဖြင့် မတူညီသည့် တေးသီချင်း ပုံစံများလည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် G-Fatt က "ကျွန်တော် ၄လပိုင်း မတိုင်ခင်တော့ ထွက်ဖြစ်အောင် ကြိုးစားနေပါတယ်။ အခွေနာမည်ကို ဂျင်လို့ ပေးဖြစ်တာကတော့ တစ်လောကလုံးမှာ ရှိတဲ့ လူတွေက ဂျင်လို့ပဲ တစ်အားလည်ကြတယ်။ ဒါပေမယ့် သူတို့ မသိတာက ကျွန်တော်ကတော့ ဂျင်ပေါ်က ထုံးပေါ့ အဲလို အဓိပ္ပါယ် နဲ့ ပေးဖြစ်သွားတာပါ" ဟု ပြောသည်။

Featuring အဆိုတော်များ အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ ပြုံးမြသွယ်၊ Snare နှင့် G-Family မှ အဖွဲ့ဝင် များလည်း ပါဝင်မည် ဖြစ်ပြီး လက်ရှိ အွန်လိုင်းတွင် ပြည်ပသို့ပေးစာ၊ လူသားသစ္စာ စသည့် တေးသီချင်း နှစ်ပုဒ်ကိုလည်း version ပြောင်းကာ ၎င်း၏ တစ်ကိုယ်တော် တေးအယ်ဘမ် ထဲတွင် ပြန်လည် ထည့်သွင်းထားသည်။

တစ်ကိုယ်တော် အခွေ ထွက်ရှိရန် စီစဉ်နေသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ပြီး လက်ရှိတွင် ရှိုးပွဲများ သီဆိုလျက် ရှိသလို မကြာခင် ထွက်ရှိတော့မည့် ပတ္တမြား FM ၏ Padamyar FM Radio To Live 2 Audio CD တွင်လည်း အဆိုတော် ဖြူဖြူကျော်သိန်း နှင့် တွဲဖက်ပြီး ယခင်က အောင်မြင်ခဲ့သည့် တေးသီချင်းတစ်ပုဒ်ကို ပုံစံပြောင်းပြီး သီဆိုထားသည်။

အဆိုတော် G-Fatt သည် ဒီဇင်ဘာ ၃၁ရက်တွင် ကျရောက်မည့် ၎င်း၏ မွေးနေ့တွင် G-Fatt Fan များ နှင့်အတူ မွေးနေ့ပွဲ ကျင်းပရန်လည်း စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags