တရုတ်သတ္တုတွင်းပြိုကျမှု ၅ရက်အကြာတွင် အသက်ရှင်လျှက်ပိတ်မိနေသူ ၈ ဦး တွေ့ရှိ

တရုတ်သတ္တုတွင်းပြိုကျမှု ၅ရက်အကြာတွင် အသက်ရှင်လျှက်ပိတ်မိနေသူ ၈ ဦး တွေ့ရှိ

ပေကျင်း၊ ဒီဇင်ဘာ - ၃၀ ။             ။ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကယ်ဆယ်ရေးသမားများက အနီအောက်ရောင်ခြည်ကင်မရာများ အသုံးပြု၍ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ သတ္တုတွင်း ပျက်ကြီးအတွင်းသို့ ရှာဖွေကြရာ ငလျင်နီးပါး ပြင်းထန်သည့် ပြိုကျမှုတွင် ၅ ရက်တိုင်တိုင် ပိတ်မိနေခဲ့သည့် သတ္တုတွင်းအလုပ်သမား ၈ယောက်တို့ကို အသက်ရှင်လျှက်သားနှင့် တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

ရှန်တုန်ပြည်နယ်အတွင်းရှိ ဂေါဒန်ကျောက် သတ္တုတွင်းတွင် ဖြစ်ပွားခဲ့သည့် ခရစ္စမတ်နေ့ ကပ်ဘေးတွင် အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ရသည်။ အခြား ၉ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ၁၁ဦးကိုမူ အစောပိုင်းရက်များကတည်းက ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီ၏ ပြောကြားချက်အရ အနီအောက်ရောင်ခြည်ကင်မရာများတွင် အသက်ရှင်ကျန်နေသည့် သတ္တုတွင်းအလုပ်သမားများက လက်ဝှေ့ယမ်းပြနေသည်ကို မြင်ကြရသောကြောင့် ၎င်းတို့အား ဘေးလွတ်ရာသို့ ဆွဲထုတ်ကယ်ဆယ်နိုင်ရန် အစီအစဉ်ဆွဲလျှက်ရှိသည်ဟု ဆိုသည်။

ယခုလက်ရှိတွင် ကယ်ဆယ်ရေးသမားများက ပိတ်လှောင်ခံနေရသည့် အလုပ်သမားများထံသို့ အစာရေစာများ ချပေးလျှက်ရှိသည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

အလုပ်သမားများမှာ ငတ်မွတ်မှုကြောင့် အားနည်းနေသည်မှအပ ကျန်းမာရေး ကောင်းမွန်နေသေးပြီး မပျက်စီးသေးသည့် မြေအောက်လမ်းကြောင်းထဲတွင် ရှိနေသည်ဟု ကယ်ဆယ်ရေး သမားများကို ပြောကြားကြကြောင်း စီစီတီဗွီသတင်းတွင် ဖော်ပြထားသည်။

သတ္တုတွင်းပြိုကျပြီး နှစ်ရက်အကြာတွင် သတ္တုတွင်းပိုင်ရှင် မာ ကွန်ပိုမှာ ရေတွင်းထဲခုန်ဆင်းပြီး နစ်မြှုပ်သွားခဲ့ရာ ကိုယ့်ကိုယ်ကို သတ်သေသည်ဟု ယူဆရသည်။ သတ္တုတွင်းတည်ရှိရာ ဖျင်းရီခရိုင်မှာ ထိပ်တန်းအရာရှိ ၄ယောက်တို့မှာလည်း အလုပ်ထုတ်ခံခဲ့ရသည်။

ဂေါဒန်ကျောက် သတ္တုတွင်းပြိုကျမှုမှာ ပြင်းထန်လှသောကြောင့် သတ္တုတွင်းနေရာတစ်ဝိုက်တွင် အင်အား ၄.ဝရှိ တုန်လှုပ်မှုဖြစ်ပေါ်သွားခဲ့ကြောင့် ငလျင်ဗျူရိုက တိုင်းတာသိရှိရသည်ဟု ဆိုသည်။

တရုတ်သတ္တုတွင်းများမှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံးအဖြစ် နာမည်ကြီးနေခဲ့သော်လည်း လုံခြုံရေးများ တိုးတက်လာသောကြောင့် မကြာမသေးမီနှစ်များအတွင်း အသေအပျောက် လျော့နည်းလာခဲ့သည်။

ယမန်နှစ်က တရုတ်နိုင်ငံတွင် သတ္တုတွင်းမတော်တဆမှုများကြောင့် လူပေါင်း ၉၃၁ယောက် သေဆုံးခဲ့ရာ၊ အလုပ်သမား ၇၀၀၀ခန့် သေဆုံးခဲ့ရသည့် ၂၀၀၂ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly