မလေးရှားနိုင်ငံ မလက္ကာပြည်နယ်တွင် ပလတ်စတစ်အိတ် သုံးစွဲမှုပိတ်ပင်မည်

မလေးရှားနိုင်ငံ မလက္ကာပြည်နယ်တွင် ပလတ်စတစ်အိတ် သုံးစွဲမှုပိတ်ပင်မည်

မလက္ကာ၊ ဒီဇင်ဘာ ၃၀ ။             ။ မလေးရှားနိုင်ငံ မလက္ကာပြည်နယ်အစိုးရက စူပါမားကက်များနှင့် ရှော့ပင်းမောအားလုံး ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စကာ ရေနံ၏ဘေးထွက်ပစ္စည်းများမှ ထုတ်လုပ်သော ပလတ်စတစ်အိတ်များသုံးစွဲမှုကို လုံးဝပိတ်ပင်ကြောင်း ဒီဇင်ဘာ ၂၉တွင် ကြေညာလိုက်ရာ ပြည်နယ်ရှိ ဈေးဝယ်သူများအနေဖြင့် ကိုယ်ပိုင်ဈေးဝယ်အိတ်များ တပါတည်းဆောင်သွား ရဖွယ်ရှိနေသည်။

ယခင်က မလက္ကာရှိ ဈေးပရဝုဏ်များတွင် သောကြာနေ့များနှင့် စနေနေ့များတွင် 'ပလတ်စတစ်အိတ်မသုံးရနေ့'ဟူ၍ ရှိခဲ့ဖူးသည်။ အမိန့်သည် ရှော့ပင်းမောအားလုံးနှင့် စူပါမားကက် အားလုံးအပေါ် သက်ရောက်မည်ဟု ပြည်နယ်ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အစိမ်းရောနည်းပညာနှင့် တီထွင်မှု ဥက္ကဋ္ဌ ဒါတွတ် အဲမ်ဒ်ယူနော့စ်ဟူဆင်က ပြောသည်။

"ဇန်နဝါရီလ ၁ ရက်နေ့က စပြီး ဈေးဝယ်သူတွေဟာ ကိုယ်ပိုင်အိတ်တွေယူသွားရပါလိမ့်မယ်။ ဒါမှမဟုတ် ငွေလက်ခံကောင်တာတွေက ကြာရင်ဆွေးမြေ့ပျက်စီးနိုင်တဲ့ အပင်အခြေပြုပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အိတ်တွေနဲ့ ထည့်ပေးပါလိမ့်မယ်"ဟု ၎င်းက ဒီဇင်ဘာ ၂၉က ပြောသည်။ သဘာဝပြုန်းတီးပျက်စီးမှုကို လျှော့ချရန်နှင့် အစိမ်းရောင်နည်းပညာပြည်နယ်တစ်ခုအဖြစ် မလက္ကာ၏ အဆင့်အတန်းနှင့်အညီ ပြည်နယ်အစိုးရ၏ အစီအစဉ်တစ်ခုအရ ပိတ်ပင်မှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အကောင်အထည်မဖော်မီ ရှော့ပင်းမောနှင့် စူပါမားကက်အားလုံးမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီး လွန်ခဲ့သည့်နှစ်နှစ်က အစီအစဉ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

တစ်ချိန်တည်းမှာပင် ပြည်နယ်ရှိ စက်ရုံများကိုလည်း ပလတ်စတစ်ဖြင့်လုပ်သည့် ထုတ်ပိုးပစ္စည်းများ ထုတ်လုပ်မှု လျှော့ချရန် တိုက်တွန်းသွားမည်ဆိုသည်။ ပိတ်ပင်မှုက ခေါင်းရွက်ဗျက်ထိုးဈေးသည်များနှင့် စားသောက်ဆိုင်များအတွက်ပါ အကျုံးဝင်မည်ဟု ၎င်းကပြောသည်။

ထိုစဉ် မလက္ကာ ဇီဝနည်းပညာကော်ပိုရေးရှင်း၏ စီအီးအိုက ဆွေးမြေ့ပျက်စီးနိုင်သော ပလတ်စတစ်အိတ်များနှင့် အစားအသောက်ထည့်စရာများကို ဈေးဝယ်နေရာများနှင့် စားသောက်ဆိုင်များသို့ ရောင်းချဖြည့်ဆည်းပေးမည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly