ဝင်း နှင့် ဇော်အရေး မန္တလေးတွင် ဆန္ဒပြ

ဝင်း နှင့် ဇော်အရေး မန္တလေးတွင် ဆန္ဒပြ
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေး၊ ဒီဇင်ဘာ ၃၀ ။      ။ ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်း လူသတ်မှုတွင် ကော့စမွီတရားရုံးက မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ် အမိန့်ချမှတ်ခဲ့သည့်အပေါ် မန္တလေးနိုင်ငံရေး အင်အားစုများမှဦးဆောင်၍ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီတွင် မန္တလေးမြို့ ၆၂လမ်းနှင့် ၃၅လမ်းထောင့်မှစတင်၍ ချီတက် ဆန္ဒပြလျက်ရှိသည်။

"ကျွန်တော်တို့နိုင်ငံသားတွေကို ဖိနှိပ်နေတာကို မခံနိုင်ဘူး။ ကျွန်တော်တို့နိုင်ငံသားတွေကို ကျွန်လိုသဘောထားတာလည်း လက်မခံဘူး။ ဒီအရေးက နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်။" ဟု တောင်သူလယ်သမားရေး၊ အလုပ်သမားရေး ကူညီဆောင်ရွက်သူများအဖွဲ့ မှ ဦးတိုးကြီးက ပြောသည်။

ဆန္ဒပြရာတွင် ပါဝင်သူ အထက်တန်းရှေ့နေ ကိုဆန်းထွန်းအောင်က "ဒီဖြစ်စဉ်ကို အမှန်တရားဖော်ထုတ်ဖို့က နှစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ နှစ်နိုင်ငံလုံးရေရှည်မှာ တရားဥပဒေစိုးမိုးမှုကို ရစေချင်တယ်။ တရားဥပဒေစိုးမိုးမှုဆိုရာမှာလည်း နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အချင်းချင်းကြားဖြစ်စေ၊ ပြစ်မှုကြောင်း အရသော်လည်းကောင်း၊ တရားမကြောင်း အရသော်လည်းကောင်း၊ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ရေရှည်ချစ်ကြည်ရင်းနှီးစွာ လက်တွဲသွားစေလိုကြောင်း ရည်ရွယ်ပါတယ်။"ဟု ပြောသည်။

ဆန္ဒပြသူများသည် "လိပ်ကျွန်းလူသတ်မှု တရားခံအစစ်အမှန်ပေါ်ပေါက်ရေး၊ ပြန်စစ်ပေး၊ ပြန်စစ်ပေး။ တရားမျှတမှု စံချိန်စံညွှန်းတူညီရေး၊ လူ့အခွင့်ရေး၊ လူ့အခွင့်ရေး။ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု၊ တစ်ခုတည်းရှိသည်။ တစ်ခုတည်းရှိသည်။ ရွှေ့ပြောင်းအလုပ်သမားဘဝလုံခြုံရေး၊ အာဆီယံအရေး၊ အာဆီယံအရေး။ ထိုင်းမြန်မာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေး၊ လေးစားပါ၊ လေးစားပါ။"ဟု ကြွေးကြော်ချီတက်ကြသည်။

ဆန္ဒပြသူများသည် ၆၂လမ်းနှင့်၃၅လမ်းထောင့်မှ လမ်း၃၀ထိုမှ ၆၂ လမ်းအတိုင်းပြန်လည်ချီတက်ပြီး မဟာအဘယာရာမ ကျောင်းတိုက်အရောက်တွင် အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly