အထည်ချုပ် လုပ်ငန်းများ အနေဖြင့် တစ်နေ့ အနည်းဆုံးလုပ်ခ ၂၅၀၀ ပေးမည်ဟု အဆိုတင်သွင်း

အထည်ချုပ် လုပ်ငန်းများ အနေဖြင့် တစ်နေ့ အနည်းဆုံးလုပ်ခ ၂၅၀၀ ပေးမည်ဟု အဆိုတင်သွင်း

ရန်ကုန် ၊ ဇွန် ၂၃ ။       ။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် အထည်ချုပ်စက်ရုံမှ အလုပ်သမားတစ်ဦး၏ တစ်နေ့ လုပ်အားခကို ကျပ် ၂၅၀၀  ပေးမည်ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ  ဦးမြင့်စိုးက ဇွန် ၂၃ ရက်တွင် အဆို တင်သွင်းလိုက်သည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန် ဇွန်လ ၂၂ နှင့် ၂၃ ရက်တွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား နှင့် စောင့်ကြည့်လေ့လာသူများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့ရာ အဆိုပါ ပွဲတွင် ၎င်းက အဆို တင်သွင်းလိုက်ခြင်းဖြစ်သည်။

ယင်းပွဲမှရရှိမည့် ရလဒ်အပေါ် မူတည်၍  ဇွန်လ ၂၄ ရက်တွင် ပြုလုပ်မည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင်  နှုန်းထားကို အတည်ပြုဆုံးဖြတ် မည်ဖြစ်သည်။

စက်ရုံ အလုပ်ရုံ အလုပ်သမား အများစုက  အနည်းဆုံး လုပ်အားခကို တစ်နေ့ ကျပ် ၅၆၀၀ သတ်မှတ်ပေးရန် အတွက် ပြီးခဲ့သည့် လများက ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး  ဇွန် ၂၂ နှင့် ၂၃ ရက် အလုပ်ရုံဆွေးနွေးပွဲတွင်  လျော့ချ တောင်းဆိုခဲ့ကာ ကျပ် ၄,၀၀၀ ပေးရန် တောင်းဆိုခဲ့သည်။

အနည်းဆုံး လုပ်ခ လစာနှင့် ပတ်သက်ပြီး ဆာကူရာ အထည်ချုပ်စက်ရုံ  အခြေခံ အလုပ်သမား အဖွဲ့စည်း ဥက္ကဌ မတင်မိုးခိုင်က  " အမတို့ကတော့  (ကျပ် ၂၅၀၀ ) လုံး၀ မဖြစ်နိုင်ဘူး။  အခုကုန်ဈေးနှုန်းနဲ့က အားလုံးသိတယ်အတိုင်းပဲ အနည်းဆုံး အခကြေးငွေ ကိုစောင့်ဆိုင်း ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ လေးထောင် ဆိုတာတောင် အဆင်မပြေဘူး  "ဟု  ပြောသည်။

အလုပ်ရုံနှင့် စက်ရုံအလုပ်သမားများ၏ အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကလည်း " ဟိုတစ်နေ့ ကလွှတ်တော်မှ အလုပ်သမားတွေ တစ်နေ့ လုပ်အားခ ၁၅၀၀ ကို ကန့်ကွတ်တယ်။ ၄၀၀၀ထောင်ကို ထောက်ခံတယ် လို့ပြောခဲ့တယ်"ဟု  ပြောသည်။

နှုန်းထားတစ်ခု  ရွေးချယ် သတ်မှတ်ပြီးပါက ရက်ပေါင်း ခြောက်ဆယ်အတွင်း ကန့်ကွက်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly