တစ်နေ့ လေးသောင်းဘိုး ဆေးသောက်ရမယ်ဆိုရင် မပျောက်လည်း နေပါစေ

တစ်နေ့ လေးသောင်းဘိုး ဆေးသောက်ရမယ်ဆိုရင် မပျောက်လည်း နေပါစေ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်မှာနေတဲ့ ကိုစိုးမြင့်သိန်းက မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်တောင် ပေးပို့ခဲ့ပါတယ်။ စာထဲမှာ သူရေးလိုက်တဲ့ အကြောင်းအရာ ကတော့ ကျန်းမာရေးနဲ့ ပတ်သက်နေပြီး သူ့လိုပဲ အခြားသူတွေ မကြုံတွေ့ရအောင် စေတနာထားလို့ ရေးပို့ခဲ့တဲ့စာ ဖြစ်ပါတယ်။ စာရေးခဲ့သူဟာ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်ပြီး အရိုးကျီး ပေါင်းဝေဒနာ ခံစားရသူ တစ်သီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အလုပ်က ကုမ္ပဏီ ဖြစ်နေတဲ့အတွက် ခွင့်လည်း မကြာခဏ ယူလို့မရတာကြောင့် အပြင် ဆေးခန်းမှာပဲ ပြဖြစ်တာ များပါတယ်။ အရိုးကျီးပေါင်းက လည်ဆစ်ရိုးမှာ ဖြစ်နေတော့ အမြဲမူးဝေပြီး အလုပ်ထဲမှာ အာရုံမစိုက်နိုင်အောင် ဖြစ်တဲ့အတွက် ဒီရောဂါကို အမြန်ပျောက်ကင်းလိုခဲ့ပါတယ်လို့ ရေးပါတယ်။

တစ်နေ့မှာ မြို့ထဲသွားရင်း ပလက်ဖောင်းပေါ်မှာရပ်ပြီး ဝေနေတဲ့ စာအုပ်ဆန်ဆန် လက်ကမ်းကြော်ငြာကို ရလို့ ဖတ်ကြည့်လိုက်တဲ့အခါ သူခံစားနေရတဲ့ ဝေဒနာအကြောင်းကို ပျောက်ကင်းအောင် ဘယ်လို ကုသပေးတယ်။ ဘယ်သူတွေကတော့ ပျောက်သွားတယ်ဆိုတဲ့အ ကြောင်း ဝေဝေဆာဆာ ရေးထားတာ ဖတ်ရတော့ သူ ဝမ်းသာသွားမိတယ်လို့ ပြောပါတယ်။ နောက်နေ့မှာပဲ အဲဒီ့ဆေးခန်းကို သူရောက် သွားတဲ့အခါမှာ မြန်မာလိုရေးထားတဲ့ ရိုးရိုးဆရာဝန် ဆိုင်းဘုတ် ချိတ်ထားတာတွေ့လို့ သူ့စိတ်ထဲမှာ အထူးကုမဟုတ်ဘဲ သူဘယ်လို ပျောက်အောင် ကုမှာလဲလို့ ထင်မိပါတယ်လို့ ရေးပါတယ်။

ဒါပေမယ့် သူနာပြုလိုလို၊ စာရေးမလိုလို အမျိုးသမီးတစ်ဦးက ဘာသာပြန်ပေးရတဲ့ ဆေးကုတဲ့ သူကတော့ မြန်မာစကား မတက်ဘူးလို့ ထင်ရတဲ့ တရုပ်လူမျိုးတစ်ဦး ဖြစ်နေပြီး ဆေးလိုးကုန် ကျမယ့်ငွေ ကိုပြောတော့ သူလန့်သွားမိတယ်လို့ ဆိုပါတယ်။ သောက်ဆေးတစ်လစာက တစ်နေ့ လေးသောင်းနဲ့ ၁၂ သိန်းကျမှာဖြစ်ပြီး အခြားဆေးထိုးတာနဲ့ ကုသစရိတ်နဲ့ဆို သိန်း ၂၀ နီးပါး ကုန်မယ် ဆိုတာကြောင့် သူလည်း မရှက်နိုင်တော့ဘဲ ဒီလောက်ကုန်မယ်ဆိုရင် မကုနိုင်ဘဲ ပြန်မယ်ဆိုတော့ ပြခ ၃ သောင်း အတင်းတောင်းလို့တောင် တောင်းပန်ပန်နဲ့ ၂ သောင်းပဲပါတယ်ဆိုပြီး ပေးခဲ့ရတယ်လို့ ပြောပါတယ်။

တကယ်တော့ သူက မမေးမြန်း မစုံစမ်းဘဲ သွားခဲ့မိလို့ပါ။ သူတို့ရုံးမှာ ဒီအကြောင်းပြန်ပြော ပြတော့ ရုံးက မန်နေဂျာရဲ့ အမေလည်း သူ့လိုမျိုးဖြစ်လို့ သွားပြတာ သူတို့တောင်းတဲ့အတိုင်း ပေးခဲ့ ရပေမယ့် မပျောက်ဘူးလို့ ပြောပါတယ်။ သူလည်း အစိုးရဆေးရုံကို သွားပြတော့မှ အခုဆိုရင် သူခံစား ရတဲ့ ဝေဒနာလည်း သက်သာပျောက်ကင်းသွားပြီး ကုသတဲ့စရိတ် မကုန်ခဲ့တာကို အခြားသူတွေ သိအောင် ဝေမျှပေးချင်လို့ ဒီစာကို ရေးခဲ့တာပါလို့ ဆိုပါတယ်။

သူနားမလည်တာက ဒီလိုမျိုး တရားဝင် ဆေးကုသခွင့်မရှိတဲ့ နိုင်ငံခြားကပဲလာလာ ပြည်တွင်းက တရုပ်ပဲဖြစ်ဖြစ်၊ ပျောက်ချင်တဲ့စိတ်နဲ့ ကြော်ငြာဖတ်ပြီးလာတဲ့ လူနာတွေ ဒီလောက်များနေတာကို တာဝန်ရှိသူတွေက မသိလို့ အရေးမ ယူတာလား၊ သိရက်နဲ့ မသိချင်ယောင် ဆောင်နေတာလားဆိုတာကို နားမလည်မိဘူးလို့ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစစအရာရာမှာ အသိပညာ မဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အုပ်ချုပ် သူတွေက ကျန်းမာရေးနဲ့ ပတ်သက်လာရင်လည်း ကာကွယ်ပေးစေချင်လို့ ဒီစာကို ရေးပို့ခဲပါတယ်လို့ ဆိုလာတဲ့စာကို ဖော်ပြလိုက်ရပါတယ်။