Amazing Cities ပရိုဂရမ်ကို ဗီယက်နမ်တွင် သွားရောက် ရိုက်ကူးမည်

Amazing Cities ပရိုဂရမ်ကို ဗီယက်နမ်တွင် သွားရောက် ရိုက်ကူးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ ။ မြန်မာနိုင်ငံ၏ နေရာဒေသ အများအပြားသို့ သွားရောက် ရိုက်ကူးလျက် ရှိသည့် Amazing Cities ပရိုဂရမ်ကို ပရိသတ်များ အတွက် အစီအစဉ်သစ် တစ်ခု အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ (သို့မဟုတ်) ဖေဖော်ဝါရီတွင် ဗီယက်နမ် နိုင်ငံ၌ သွားရောက် ရိုက်ကူးမည် ဖြစ်သည်။

Myanmar Media 7 မှ Amazing Cities ပရိုဂရမ် ရိုက်ကူးပြီး ထုတ်လွှင့် ပြသခဲ့သည်မှာ တစ်နှစ်ခွဲ ရှိပြီ ဖြစ်ပြီး အစီအစဉ် တစ်ခုနဲ့တစ်ခုကို မတူညီအောင် ရိုက်ကူး ပုံဖော်ထားကာ ယခုအခါ ဗီယက်နမ်နိုင်ငံကို Amazing Cities (Season 3) အတွက် သွားရောက် ရိုက်ကူးမည် ဖြစ်သည်။

"မြန်မာပြည်မှာ ရိုက်တာလည်း နည်းနည်း များသွားပြီ ဆိုတော့ ဒီ တစ်ခေါက်တော့ ဗီယက်နမ်ကို ရွေးချယ်လိုက်တာပါ။ ယဉ်ကျေးမှု အနှစ်သာရတွေကို ထိန်းသိမ်းထားသင့်တဲ့ အရာလေးတွေကို ဖော်ကျူးပြတာ ဖြစ်တဲ့အတွက် ဗီယက်နမ်နိုင်ငံ ဆိုတာလည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတဲ့ နေရာတခု ဖြစ်တဲ့အတွက် သွားရောက် ရိုက်ကူးဖြစ်တာပါ" ဟု ဒါရိုက်တာ အောင်မြတ်က ပြောသည်။

Amazing City ပရိုဂရမ်သည် မြန်မာနိုင်ငံ၏ တိမ်မြုပ် နေသည့် နေရာတွေ ပျောက်ကွယ်နေတဲ့ ယဉ်ကျေးမှု မြန်မာနိုင်ငံ၏ လှပတဲ့ နေရာတွေကို ရိုက်ကူး ပြသမည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်မှ ရိုက်ကူး ပုံဖော်ကာ အလှမယ် မိုးစက်ဝိုင် မှ အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ထားသည်။

Amazing Cities (Season 3) အတွက် ဗီယက်နမ် နိုင်ငံ၏ ထင်းရှားသည့် ယဉ်ကျေးမှု အမွေအနှစ်များ ရှိသည့် နေရာများ၊ နာမည်ကြီး အထင်ကရ နေရာ အများအပြားသို့ သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်မှ တမူ ထူခြားသည့် ပုံစံမျိုးဖြင့် ရိုက်ကူးသွားမည် ဖြစ်သည်။

ဒါရိုက်တာ အောင်မြတ်က "ရှေ့က seanson 1 နဲ့ 2 မှာ မြန်မာနိုင်ငံ အနှံ့အပြား ရိုက်ကူးပြီးသွားပြီ။ အခု season 3 မှာကျ ဆန်းတဲ့ ပုံစံမျိုးလေး လုပ်ချင်တယ်။ season 3 မှာတော့ အရင်က နဲ့ မတူတဲ့ နေရာဒေသတွေ သွားရောက် ရိုက်ကူး မှာပါ" ဟု ပြောသည်။

ထို ပရိုဂရမ် ကို မန္တလေး၌ ပထမဆုံး စတင် ရိုက်ကူး ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်း၊ ပုဂံ မြို့ကြီးများ အပြင် တနင်္သာရီ၊ အင်းလေး၊ လာရှိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် အစရှိသည့် မြို့တွေကိုလည်း သွားရောက် ရိုက်ကူး ပြီးစီးခဲ့ပြီ ဖြစ်သည်။

အလှမယ် မိုးစက်ဝိုင် အနေ ဖြင့် ရိုက်ကူးသည့် နေရာဒေသနှင့် လိုက်ဖက်သည့် ဒေသ အဝတ်အစားများကို ဝတ်ဆင် ရိုက်ကူးပြီး အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင် ရိုက်ကူးထားသလို ယခု ဗီယက်နမ်နိုင်ငံတွင် သွားရောက်ရိုက်ကူးမည့် အစီအစဉ်တွင်လည်း ၎င်းနိုင်ငံ၏ ရိုးရားဝတ်စုံများ ဝတ်ဆင်ကာ ရိုက်ကူး သွားရန်လည်း စီစဉ်ထားသည်။

Amazing Cities ပရိုဂရမ်သည် လက်ရှိတွင် မြဝတီရုပ်မြင်သံကြား၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၆ နာရီ သတင်း ပြီးချိန်တွင် ထုတ်လွှင့် ပြသလျက် ရှိသည့် အစီအစဉ် တစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly