ရက္ခိုင်တပ်မတော် နှင့် တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်နေ

ရက္ခိုင်တပ်မတော် နှင့် တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်နေ

ချင်းမိုင်၊ ဒီဇင်ဘာ ၂၉ ။ ။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင်တပ်မတော်(AA)နှင့် အစိုးရ တပ်မတော်တို့ အကြား ဒီဇင်ဘာလ ၂၇ ရက်မှ ယနေ့ ၂၉ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု AA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

အစိုးရ တပ်မတော်ဘက်မှAA တပ်များ အခြေချထားသော ကျောက်တော်မြို့နယ် မဟာမုနိဘုရားအရှေ့မြောက်ဘက်မှ ၅ မိုင်ကျော် အကွာအဝေးရှိ ရမ်းချောင်းတောင်သို့ ထိုးစစ်ဆင်လာသဖြင့် ရင်ဆိုင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ဒီနေ့လည်းပဲ တိုက်ပွဲတွေ ဖြစ်သေးတယ်။ ဒီနေ့ မနက် ၇ နာရီ ၂၄ လောက်ကတည်းကနေ ကြိုကြားကြိုကြား ပစ်လိုက် နားလိုက် ဖြစ်နေတယ်။ ခုန ၁၂ နာရီ လောက်မှာတော့ ကြားဖြတ် ထိုးလာတာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ ကျနော်တို့ နေတဲ့ဘက် မတက်နိုင်သေးဘူး။၊ ကျနော်တို့ အခေါ်က ရမ်းချောင်းတာင်တန်းရဲ့ တဝိုက်မှာ ဖြစ်တာ”ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလကလည်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ ယင်းနောက် ပြီးခဲ့သည့် အောက်တိုဘာလ ရွေးကောက်ပွဲ မတိုင်မီ တိုက်ပွဲ ဖြစ်ပွားမည့် အခြေအနေ ရှိခဲ့သော်လည်း ရက္ခိုင်တပ်မတော် အနေဖြင့် ရွေးကောက်ပွဲ ထိခိုက်မည်ကို စိုးရိမ်သဖြင့် တိုက်ပွဲ မဖြစ်ရန် တိမ်းရှောင်ခဲ့သည်ဟု သူက ပြောသည်။

“ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ တိုက်ပွဲဖြစ်ဖို့ အခြေအနေပေးခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲ ထိခိုက်သွားမှာ စိုးရိမ်တဲ့အတွက် အများကြီးတိမ်းရှောင်ခဲ့တယ်။ အခုလည်း ရှောင်ခဲ့ပေမဲ့ တိုက်ပွဲ ဖြစ်လာတယ်၊ ၂၇ ရက်မှာ သူတို့ဘက်က အထိအခိုက် ကျတာ များသွားတော့ သူတို့အင်အားတွေနဲ့မနေ့က ထပ်တက်လာတယ်။ မနက် ၈ နာရီကနေ ည ၉ နာရီထိ တောက်ရှောက် တိုက်ပွဲ ၁၀ ကြိမ်လောက် ၄၊ ၅ နေရာလောက်ဖြစ်တယ်”ဟု သူက ပြောသည်။

တိုက်ပွဲအတွင်း အစိုးရ တပ်မတော်ဘက်မှ ၂၀ ခန့် ထိခိုက် ကျဆုံးမှု ရှိမည်ဟု သိရပြီး AA ဘက်မှလည်း ၃ ဦးခန့် အသေးစာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

လက်ရှိ အစိုးရ တပ်မတော်၏ စကခ ၉ လက်အောက်ခံ တပ်ရင်း ၃၇၈၊ ၃၇၅ တပ်ဖွဲ့များနှင့် AA တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေကာ ကျောက်တော်မြို့နယ်အတွင်း တပ်မတော် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေဆဲ ဖြစ်၍ အစိုးရ တပ်မတော်ဘက်မှ ဆက်လက် အင်အား တိုးမြင့်နေသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

အစိုးရ တပ်မတော်ဘက်မှ ရွေးကောက်ပွဲတွင် ရခိုင်အမျုးိသားပါတီ အနိုင်ရရှိသဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖန်တီးခြင်း ဖြစ်နိုင်သလို၊ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိစေလိုသည့် ရွယ်ရွယ်ချက်ကြောင့် AA တပ်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“သူတို့ အစိုးရကတော့ ကျနော်တို့ကို မရှိစေချင်တာကြာပြီ။ ဘာလို့လည်း ဆိုတော့ ရခိုင်မှာက အများစုက ရခိုင် အမျိုးသားပါတီက အနိုင်ရမယ် ဆိုတာ သေချာတယ်။ ကျနော်တို့ ရခိုင်မှာ ရခိုင်ပါတီ အနိုင်မရဖို့အတွက် သူတို့ ကြိုးစားချင်တဲ့ ရည်ရွယ်ချက် ရှိလောက်တယ်။ ပြီးရင် နောက်တချက်က ရခိုင်တပ်မတော်ကို သူတို့ ပြောနေတဲ့ ရခိုင်ပြည်နယ်မှာ ဘယ်လက်နက်ကိုင်မှ မရှိရဘူး။ ကျနေ်ာတို့ကလည်း ပြန်ပြောတာက ရခိုင်ပြည်နယ်မှာလည်း ကျူးကျော်သူ ဘယ်သူမှ မရှိရဘူးပေါ့။ နိုင်ငံရေးအရ ဖြေရှင်းရမဲ့ ပြဿနာတွေ ရှိတယ်။ အခုလည်း အင်အားတွေအများကြီး သုံးလာရင်တော့ တိုက်ပွဲတော့ ဖြစ်မှာပဲ” ဟု သူက ဆက်လက် ပြောဆိုသည်။

လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် လွှတ်တော်၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်မှ အခြား လက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားထားသော်လည်း AA အဖွဲ့ကိုမူ ဖိတ်ကြားခြင်း မရှိသဖြင့် နိုင်ငံရေးအရ အဖက်မလုပ်ခြင်းကြောင့် အစိုးရဘက်မှ စစ်မှန်သည့် ငြိမ်းချမ်းရေး မလိုလားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ညိုထွန်းအောင်က ပြောသည်။

AA သည် လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA)တွင် ပါဝင်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း အစိုးရဘက်မှ တစ်စုံတစ်ရာ ဆွေးနွေးခြင်း မရှိသည့် အဖွဲ့ဖြစ်သည်။

AA ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အခြေစိုက်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags