ရှမ်းပြည်တောင်ပိုင်းတွင် အစိုးရတပ်နှင့် ၀တပ် အခြေအနေ တင်းမာနေမှုကို ဆွေးနွေးမည်

ရှမ်းပြည်တောင်ပိုင်းတွင် အစိုးရတပ်နှင့် ၀တပ် အခြေအနေ တင်းမာနေမှုကို ဆွေးနွေးမည်

ချင်းမိုင်၊ ဇွန် ၂၃ ။        ။ ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်းအစိုးရတပ်မတော်နှင့် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား  လက်ရှိ တင်းမာနေမှုနှင့်များနှင့်  ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် UWSA မှတာဝန်ရှိသူများျနေပြည်တော် တွင်တွေ့ဆုံဆွေးနွေး မည်ဟု  UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။  

ဇွန် ၂၂ ရက်က  အစိုးရဘက်မှ တောင်ပိုင်း ဝ တပ်ဖွဲ့သို့ တွေ့ဆုံရန် အကြောင်းကြားလာသဖြင့် နေပြည် တော်တွင် သွားရောက် တွေ့ဆုံမည်ဟု ပြောဆိုသော်လည်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်းလည်း ဦးအောင်မြင့် က ပြောသည်။

၎င်းက “သွားမယ်လို့ ပြောတာဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ်သွားပြီလား မရှင်းဘူးခင်ဗျ။ သူတို့ တောင်ဘက်က ကိစ္စကို ကျွန်တော် ကောင်းကောင်းမရှင်းဘူး။ ဆွေးနွေးမှာက အခုအခြေအနေတင်းမာတဲ့ ကိစ္စလေး တွေပါဘဲ”ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ စစ်တပ်နှင့် UWSA တပ်တို့ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း စစ်အင်အား အလုံးအရင်းနှင့် ဖြည့်တင်းမှုများ ရှိနေသည်မှာ ရက်သတ္တပတ်ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းကိစ္စကို အဓိကထား ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်းလည်း ၎င်းက  ပြောသည်။

တောင်ပိုင်း ဝ တပ်ဖွဲ့ တပ်ရင်း ၁၇၁ ပင်မဆက်ဆံရေးတာဝန်ခံ ဦးကျော်နိန်သည် ယနေ့ ဇွန်လ ၂၃ ရက်တွင် နေပြည်တော်သို့ ခရီးထွက်ခွာသွားပြီ ဖြစ်ကြောင်း UWSA ၏ ပြည်ပ ဆက်ဆံရေးပထမဌာနကြီးမှူး ဦးအိုက်လူက ဒီဗွီဘီတွင် ပြောဆိုထားသည်။

ဇွန်လ ဆန်းပိုင်းကလည်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ဝင် ၆ ဦးနှင့် သာမန်အရပ်သား ၁၀ ဦးတို့ကို ဖမ်းဆီးခဲ့သဖြင့် တြိဂံတိုင်းမှူးနှင့်  UWSA တို့  ပြန်လည် ညှိနှိုင်းဆွေးနွေး၍ လွတ်ပေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ အင်အားအကြီးဆုံးဖြစ်သော UWSA သည် ၁၉၈၉ ခုနှစ်က ယခင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သလို၊ ယခု ဦးသိန်းစိန်အစိုးရနှင့်လည်း ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှ ၆ ရက်ထိ UWSA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ခေါင်းဆောင်များ အား ခေါ်ယူ၍ မျက်နှာဆုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags