ဆီးရီးယားနိုင်ငံ ဟွမ်စ်မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲ လူ ၃၂ ဦးထက်မနည်းသေဆုံးပြီး လူ ၉၀ ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ ဟွမ်စ်မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲ လူ ၃၂ ဦးထက်မနည်းသေဆုံးပြီး လူ ၉၀ ဒဏ်ရာရ

ဒမတ်စကပ်၊ ဒီဇင်ဘာ ၂၉ ။           ။ ဆီးရီးယားနိုင်ငံ ဟွမ်စ်မြို့တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူ ၃၂ဦးသေဆုံးပြီး လူ ၉၀ ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဒီဇင်ဘာ ၂၉တွင် ထုတ်ပြန်သည်။

ဗုံးနှစ်လုံးပေါက်ကွဲမှုတွင် တစ်လုံးမှာ ဗုံးတင်ထားသည့် ကားတစ်စင်းမှ ဖြစ်ပြီး ကျန်ဗုံးမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်သည်။ ပေါက်ကွဲမှုများမှာ မြို့လယ်ရှိ ဇာဟရာရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု စောင့်ကြည့်အဖွဲ့ကပြောသည်။

ကားဗုံးနှစ်လုံးကွဲကြောင်း ဆီးရီးယားနိုင်ငံပိုင် ဆာနာသတင်းအေဂျင်စီက အစီရင်ခံကာ ခြောက်ဦးသေ၍ ၃၇ ဦးဒဏ်ရာရသည်ဟု ကနဦးစာရင်းကိုသာ ဖော်ပြခဲ့သည်။

အစိုးရက သူပုန်တို့ထိန်းချုပ်ထားသည့် ဟွမ်စ်၏နောက်ဆုံးဧရိယာကို လွှဲပြောင်းယူရန် လမ်းခင်းပေးသည့် ယခုလအစောပိုင်းက အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရပြီးနောက် ယခုတိုက်ခိုက်မှုမှာ ဒုတိယမြောက်ကြီးမားသည့် တိုက်ခိုက်မှုဖြစ်သည်။

ဒီဇင်ဘာ ၁၂ကလည်း ဇာဟရာတွင် ဗုံးနှစ်လုံးပေါက်ကွဲကာ လူ ၁၆ဦးသေဆုံးခဲ့သေးသည်။ ထိုစဉ်က တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်က ပြောကြားခဲ့ပြီး အသေခံကားဗုံးကို ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဆိုသည်။

ဟွမ်းစ်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ သူပုန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၇၀၀နှင့် ၎င်းတို့၏မိသားစုများသည် နောက်ဆုံးထိန်းချုပ်ထားသည့် မြို့ဧရိယာ အယ်လ်ဝါယာမှ ထွက်ခွာခဲ့သည်။ သဘောတူညီချက်အကောင်အထည်ဖော်မှုကို ကုလသမဂ္ဂက ကမကထလုပ်ခဲ့သည်။

ထိုစဉ် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုအကူဖြင့် အီရတ်တပ်ဖွဲ့ဝင်များသည် ရာမာဒီမြို့လယ်မှ အိုင်အက်စ်စစ်သွေးကြွများကို မောင်းထုတ်နိုင်ခဲ့ပြီး ယင်းနေရာရှိ အဓိက အစိုးရအဆောက်အဦကို သိမ်းယူခဲ့သည်ဟု စစ်ဘက်အရာရှိများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly