အဆင့်နိမ့်သန့်စင်ပြီး ယူရေနီယမ် ၁၁ တန်ကျော်ကို ရုရှားသို့ အီရန်ပို့

အဆင့်နိမ့်သန့်စင်ပြီး ယူရေနီယမ် ၁၁ တန်ကျော်ကို ရုရှားသို့ အီရန်ပို့

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉ ။          ။ အဆင့်နိမ့်သန့်စင်ပြီး ယူရေနီယမ် ၁၁ တန်ကျော်ကို အီရန်က ရုရှားသို့ တင်ပို့လိုက်ရာ ယင်းသို့တင်ပို့ခြင်းဖြင့် အီရန်သည် ၎င်း၏နျူကလီးယားကတိကဝတ်များကို ဖြည့်ဆည်းရန် ထင်ရှားသည့် လုပ်ဆောင်ချက်တစ်ခုကို ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

အီရန်သည် နိုင်ငံတကာအင်အားကြီးနိုင်ငံ ခြောက်နိုင်ငံနှင့် ဇူလိုင်လက နျူကလီးယားဆိုင်ရာသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်က အီရန်အား နျူကလီးယားဗုံးတစ်လုံး စတင်ပြုလုပ်နိုင်ခြင်းမရှိစေရန် ရည်ရွယ်သည်။

သဘောတူညီချက်အရ အီရန်သည် ၎င်း၏ အဆင့်နိမ့်သန့်စင်ပြီး ယူရေနီယမ်များလက်ဝယ်ထားရှိမှုလျှော့ချရန်၊ ယူရေနီယမ်သန့်စင်ရာတွင် အသုံးပြုသော စက်ဒလက်အရေအတွက်ကို သိသိသာသာလျှော့ချရန်နှင့် ဓါတ်အားပေးစက်ရုံတစ်ခုကို ပြန်လည်တပ်ဆင်ခြင်းဖြင့် ပလူတိုနီယမ်ထုတ်လုပ်မှုကို လျှော့ချရန် သဘောတူခဲ့သည်။ ဒီဇင်ဘာ ၂၈က ရုရှားသို့ အဆင့်နိမ့်ယူရေနီယမ်များ ပေးပို့ချိန်က နျူဗုံးတစ်လုံးပြုလုပ်ရန် လုံလောက်သောလောင်စာ ထုတ်လုပ်ရာတွင် ကြာမြင့်သည့် အချိန်ကာလ၏ သုံးဆထိရှိသည်ဟု မစ္စတာကယ်ရီက ပြောသည်။

"သဘောတူညီချက်အရ သော့ချက်ကျတဲ့ နျူကလီးယားကတိကဝတ်တွေကို ဖြည့်ဆည်းရာမှာ အီရန်ဟာ ထင်ရှားတဲ့ တိုးတက်မှုတွေရှိနေတဲ့အကြောင်း အစီရင်ခံရတာ ဝမ်းသာကျေနပ်မိပါတယ်"ဟု ကယ်ရီကဆိုသည်။ ဇူလိုင်လက သဘောတူညီချက်အရ အီရန်က ၎င်း၏တာဝန်များကို မည်သည့်အချိန်တွင် ကျေပွန်ပြီဖြစ်ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)က ဆုံးဖြတ်မည်ဖြစ်သည်။

ထို့နောက် အမေရိကန်နှင့် ကျန်ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်အပေါ်စီးပွားရေးပိတ်ဆို့မှုအစီအစဉ်ကို စတင်ဖယ်ရှားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly