ဘုရားသုံးဆူ၌ လိပ်ကျွန်းစီရင်ချက်အပေါ် လူအင်အား ၄၀၀ ဝန်းကျင် ဆန့်ကျင်ဆန္ဒပြခဲ့

ဘုရားသုံးဆူ၌ လိပ်ကျွန်းစီရင်ချက်အပေါ် လူအင်အား ၄၀၀ ဝန်းကျင် ဆန့်ကျင်ဆန္ဒပြခဲ့

ထိုင်းနယ်စပ် ဘုရားသုံးဆူတွင် ဒီဇင်ဘာ ၂၈ ရက်က လူအင်အား ၄၀၀ ဝန်းကျင်ခန့်က လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် ဆန္ဒပြခဲ့ကြသည်။

ကန်ချန်နာဘူရီပြည်နယ်တွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၃၀ ဝန်းကျင်တွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား ၃၀၀၀ - ၄၀၀၀ ဝန်းကျင် နှစ်သစ်ကူးပိတ်ရက်အဖြစ် ဘုရားသုံးဆူ ယာယီလူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်ကို ဖြတ်ကာ မြန်မာနိုင်ငံသို့ အလည်ပြန်ကြပြီးနောက်ပိုင်း ယနေ့ နံနက် ၇ နာရီ ဝန်းကျင်၌ ဆန္ဒပြမှု စတင်ဖြစ်ပွားခြင်းဖြစ်သည်။

နယ်စပ်တစ်လျှောက်တွင် ဆန္ဒပြသူများက စုရုံးကြပြီး ထိုင်းတရားရုံးစီရင်ချက်ကို ရှုတ်ချသည့် ပိုစတာများ၊ စာတမ်းများကိုင်ဆောင်ကာ ဆန္ဒပြသကြခြင်းဖြစ်သည်။

ဆန္ဒပြလူအုပ်အား ထိုင်းနှင့် မြန်မာနှစ်ဖက်စလုံးမှ အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေခဲ့သော်လည်း အခြေအနေမှာ အေးအေးသက်သာပင် ရှိခဲ့သည်။

ဆန္ဒပြသမှု နံနက် ၁၁ နာရီ ၁၅ ခန့် အရောက်၌ ဆန္ဒပြသူများက ၎င်းတို့၏ တောင်းဆိုချက်များကို ထိုင်းဒေသအာဏာပိုင်များထံ ပေးပို့ခဲ့ကြသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား သေဒဏ်စီရင်မှုအပေါ် ပြန်လည်သုံးသပ်ပြီး နှစ်ဦးစလုံးအား လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုထားကြသည်။ ယင်းနောက် လူအုပ်အား ဆန္ဒပြခေါင်းဆောင်က လူစုခွဲရန် ပြောကာ လူစုခွဲခဲ့ကြသည်။

ယခု ဆန္ဒပြမှုသည် ကော့စမွီတရားရုံးက အသက် ၂၂ နှစ်စီရှိသည့် မြန်မာအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ပြီးနောက်ပိုင်း သုံးရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဖြစ်ပွားသည့် ဆန္ဒပြသမှုလည်း ဖြစ်သည်။

၂၀၁၄ စက်တင်ဘာလအတွင်းက လိပ်ကျွန်း၌ အသတ်ခံခဲ့ရသည့် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly