စစ်တွင်း လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများနှင့် ပတ်သက်ပြီး ဂျပန်က တောင်ကိုရီးယားသို့ တောင်းပန်ကာ လျော်ကြေးပေးရန် သဘောတူ

စစ်တွင်း လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများနှင့် ပတ်သက်ပြီး ဂျပန်က တောင်ကိုရီးယားသို့ တောင်းပန်ကာ လျော်ကြေးပေးရန် သဘောတူ

တိုကျို၊ ဒီဇင်ဘာ ၂၈ ။           ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဇိမ်ခန်းများတွင် ဇိမ်မယ်များအဖြစ် အတင်းအကျပ်လုပ်ကိုင်စေခိုင်းခြင်းခံရသည့် အမျိုးသမီးများအရေးနှင့် ပတ်သက်ကာ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်။

အဆိုပါ သဘောတူညီမှုအရ အတင်းလိင်ကျွန်အဖြစ်စေခိုင်းခဲ့မှုနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံက တောင်းပန်ကာ ကြုံတွေ့ဒုက္ခခံစားခဲ့ရသည့် အမျိုးသမီးများအတွက် ရန်ပုံငွေ တည်ထောင်ရေး တောင်ကိုရီးယားက တောင်းဆိုသည့် ငွေပမာအတိုင်း ယန်း တစ်ဘီလီယံ(အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်း)အား ပေးအပ်သွားမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ် အတွင်းက လိင်ကျွန်ပြုခဲ့ခြင်းပြဿနာသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ခလုတ်ကန်သင်းဖြစ်နေရသည့် အဓိကပြဿနာဖြစ်သည်။ ထိုသို့ စစ်တွင်းက တောင်ကိုရီးယားအမျိုးသမီးများအပေါ် ဂျပန်နိုင်ငံက အတင်းလိင်ကျွန်ပြုခဲ့မှုအတွက် ဂျပန်နိုင်ငံအနေဖြင့် လေးလေးနက်နက်တောင်းပန်ရန်နှင့် လျော်ကြေးပေးရန် တောင်ကိုရီးယားက လိုလားနေခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံအတွင်း စစ်တွင်းလိင်ကျွန်ဘဝရောက်ခဲ့သူ လက်ရှိသက်ရှိထင်ရှားရှိဆဲ အမျိုးသမီးပေါင်း ၄၆ ဦး ကျန်ရှိနေသေးဆဲဖြစ်သည်။

အထက်ပါ သဘောတူညီမှု ရရှိခြင်း ကြေညာချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက တောင်ကိုရီးယားနိုင်ငံမှ ၎င်းနှင့် အဆင့်တူ ယန်ဗြန်စီနှင့် ဆိုးလ်မြို့တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားများအတွက် အတင်းအကျပ် လိင်ကျွန်အဖြစ် ပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးပေါင်း နှစ်သိန်းကျော်ရှိပြီး အများစုက တောင်ကိုရီးယားမှဖြစ်သည်။ ကျန်ရှိသည့် လိင်ကျွန်ပြုခံရသူများမှာ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်တို့ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly