လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

ထိုင်းအမျိုးသားရဲဌာနအကြီးအကဲ ချက်သစ်ချာအီဂျင်ဒါက လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူများကို ရှာဖွေဖော်ထုတ်သွားရန် တစ်နိုင်ငံလုံးက ရဲဌာနများသို့ ဒီဇင်ဘာ ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများ နောက်ကွယ်၌ မည်သည့်အုပ်စုမျှ မရှိကြောင်း၊ စွပ်စွဲသကဲ့သို့ ဆန္ဒပြမှုများတွင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည်ဆိုခြင်းက မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုင်းရဲဌာနက ဆန္ဒပြမှုများသည် နိုင်ငံရေးအမြတ်ထုတ်လို၍ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုဆဲဖြစ်သည်။

ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့၊ ထိုင်းနိုင်ငံ ချင်းရိုင်နှင့် ကန်ချန်နာဘူရီတို့နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တို့တွင် ဒီဇင်ဘာ ၂၄ ရက်က စတင်ကာ ဆန္ဒပြမှုများ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်က သီရိလင်္ကာအထိပါ ဆန္ဒပြမှုများ ပျံ့နှံ့သွားပြီး ကိုလံဘိုမြို့ရှိ ထိုင်းသံရုံးရှေ့တွင် မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဆန္ဒပြသခဲ့ကြသည်။ ထိုပြင် ဂျပန်တွင်လည်း ဆန္ဒပြသမှုအချို့ ပေါ်ပေါက်သည်။

“ထိုင်းတရားရုံးစီရင်ချက်ကို ဆန့်ကျင်တာက လူအုပ်စုတစ်ချို့ပါ။ ဒါကို ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ကာကွယ်သွားမှာဖြစ်ပါတယ်။”ဟု ရဲချုပ်က ပြောသည်။

ယခင်ကလည်း ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျုးလွန်သည့် မြန်မာနိုင်ငံသားအမှုပေါင်း ၁၂၆ မှုကို စီရင်ချက်ချခဲ့သော်လည်း ယခုကဲ့သို့ ဆန္ဒပြမှုများ မဖြစ်ပွားခဲ့ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လက်ထောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်အား ရဲချုပ်က ထပ်လောင်း ပြောခဲ့သည်။

“ရဲဌာနက သွေးထိုးလှုံ့ဆော်နေသူတွေကို ရှာဖွေနေပါပြီ။ လုံခြုံရေးအတွက် ဌာနတိုင်းကို ကျွန်တော် အမိန့်ထုတ်ထားပြီဖြစ်ပါတယ်။ အထူးသဖြင့် အထူးရဲတပ်ဖွဲ့ကိုပါ။ ဒီလို သွေးထိုးလှုပ်ဆော် သူတွေကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

ထိုင်းတရားရုံးစီရင်ချက်အပေါ် ဆန္ဒပြသမှုများကို စိတ်ဆိုးသည့် ဟန်ရှိသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဝေဖန်ပြောဆိုခဲ့ပြီး ရဲချုပ် ချက်သစ်ကလည်း မြန်မာတရားရုံးဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံကသာ ဆန္ဒပြမည်ဆိုလျှင်ဟူ၍ မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly