သေဒဏ်ချမှတ်မှုအပေါ် ဆန္ဒပြမှုများကြောင့် တရားစီရင်ရေးစနစ်ကို ထိခိုက်မခံဟု ထိုင်းဝန်ကြီးချုပ်ပြော

သေဒဏ်ချမှတ်မှုအပေါ် ဆန္ဒပြမှုများကြောင့် တရားစီရင်ရေးစနစ်ကို ထိခိုက်မခံဟု ထိုင်းဝန်ကြီးချုပ်ပြော

ဗြိတိန်ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာရွေ့ပြောင်းအလုပ် သမားနှစ်ဦးအား ကော့စမူတရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းအပေါ် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမြို့အချို့တွင် ဆန္ဒပြမှု များအား လက်မခံနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဆန္ဒပြသူများအနေဖြင့် လေးစားသင့်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ တရားစီရင်နေရးအနေဖြင့် ပြည်သူများ၏ ဖိအားကို ခေါင်းငုံ့ခံမည်မဟုတ်ဟု ပြောကြားသည်။ "သူတို့မှာ အယူခံခွင့်ရှိတယ်နော်။ အခြားကမ္ဘာ့နိုင်ငံတွေက ဥပဒေတွေမှာလိုပဲ ထိုင်းနိုင်ငံမှာလည်း အယူခံခွင့်ရှိပါတယ်။ ဖိအားတွေပေးလာတိုင်း လူတွေကို လွှတ်ပေးရတော့မှာလား" ဟု ဆူရတ်ဌာနီသို့ သွားမည့် လေယာဉ်ပေါ်တက်ခါနီးတွင် စိတ်ဆိုးနေသည့်ပုံစံဖြင့် ပရာယွတ်ချန်အိုချာက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရဲများ၏ စုံစမ်းစစ်ဆေးမှုသည် ပြည့်စုံမှန်ကန်မှုမရှိကြောင်း၊ နှိပ်စက်မှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် သဲလွန်စ အထောက်အထားများကို စနစ်တကျ မစစ်ဆေးခဲ့ကြောင်း ဝေဖန်မှုများရှိခဲ့သော်လည်း တရားသူကြီးတစ်ဦးက ရဲများစစ်ဆေးရာတွင် နှိပ်စက်မှုများ လုပ်ဆောင်ခဲ့သည့် အထောက်အထားမတွေ့ရကြောင်း ပြောကြားသည်။

သေဒဏ်ချမှတ်ခံရသူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ ဒီအင်န်အေ နမူနာများကို သေဆုံးသွားသည့် ဗြိတိန်အမျိုးသမီး ဝီသာဝစ်ချ်၏ ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိခဲ့ရမှုအပေါ် အခြေခံကာ သေဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်ဟု တရားရုံးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly